တိုးမြှင့်သတ်မှတ်မည့် ဝန်ထမ်းလစာ နှုန်းထားများနှင့် ပတ်သက်၍ ယနေ့ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အစိုးရအဖွဲ့ လာရောက်ရှင်းလင်းမည်

တိုးမြှင့်သတ်မှတ်မည့် ဝန်ထမ်းလစာ နှုန်းထားများနှင့် ပတ်သက်၍ ယနေ့ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အစိုးရအဖွဲ့ လာရောက်ရှင်းလင်းမည်
Published 25 March 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

တိုးမြှင့်သတ်မှတ်မည့် ဝန်ထမ်းလစာ နှုန်းထားများနှင့် ပတ်သက်၍ ယနေ့ (မတ် ၂၆) ရက် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အစိုးရအဖွဲ့က လာရောက်ရှင်းလင်းမည်ဟု ပြည်ထောင်စုလွှတ်တော်ရုံးမှ သိရသည်။နေပြည်တော်၌ မတ် ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းက “ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းထားသည့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုနိုင်ရန် တိုးမြှင့်ပြင်ဆင်ပေးမည့် လစာနှုန်းထားများ လျာထားချက်စာရင်းကို ၂၃-၃-၂၀၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို တင်သွင်းသည်။၎င်းအရေးကြီးအဆိုအား လွှတ်တော်၌ အဆုံးအဖြတ် ရယူရာတွင် ကန့်ကွက်သူ မရှိခဲ့သည့်အတွက် နိုင်ငံ့ဝန်ထမ်းများအတွက် တိုးမြှင့်ပြင်ဆင်ပေးမည့် လစာနှုန်းထားများ လျာထားချက်စာရင်းကို မတ် ၂၃ ရက် နောက်ဆုံးထားပေးပို့ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။သို့သော် နိုင်ငံတော်သမ္မတက တိုးမြှင့်သတ်မှတ်မည့် ဝန်ထမ်းလစာနှုန်းထားများအား မတ် ၂၅ ရက် ပြုလုပ်မည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြုပြီးမှသာ လွှတ်တော်သို့ ပေးပို့မည်ဟု အကြောင်းပြန်ခဲ့သည်။ဝန်ထမ်းများ၏ လစာစရိတ်မှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေတွင် ၂ ဒသမ ၀၄၂ ကျပ်ထရီလျံဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ခန့်မှန်းခြေတွင် ပြည်ထောင်စု၏ အသုံးစာရင်း၌ ၂ ဒသမ ၆၄၃ ကျပ်ထရီလျံလျာထားပြီး တိုးမြှင့်လျာထားငွေမှာ ၆၀၁ ကျပ်ဘီလျံဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ၂၉ ဒသမ ၄၄ ရာခိုင်နှုန်း တိုးမြှင့်ထားသည်။ သို့သော် ပမာဏမည်မျှ တိုးမြှင့်ပေးမည်ကို အသေးစိတ်တင်ပြထားခြင်း မရှိပေ။  

Most Read

Most Recent