လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအပြီး ဖမ်းဆီးခံရသည့် ဒေသခံ ၂၀ အား ပြန်လွှတ်ပေး

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲမှုအပြီး ဖမ်းဆီးခံရသည့် ဒေသခံ ၂၀ အား ပြန်လွှတ်ပေး
Published 24 March 2015
မင်းသိန်းနိုင်၊ ဝေလင်းအောင်

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၌ အမျိုးသားပညာရေးသပိတ်မှောက်ကျောင်းသား ကျောင်းသူများအား အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးရာတွင် ဖမ်းဆီးခံရသည့် ဒေသခံ ၂၀ ဦးအား ဖမ်းဆီးချုပ်နှောင်ထားသည့် သာယာဝတီအကျဉ်းထောင်မှ မတ် ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် သာဝယာဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတစ်ဆင့် ကိုယ်တိုင်ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ပြန်လည်လွှတ်ပေးခြင်းမပြုလုပ်မီ အဆိုပါဒေသခံ ၂၀ ဦးကို အကျဉ်းထောင်မှတစ်ဆင့် သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ခန်းမထဲသို့ လက်ထိတ်ဖြင့်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ခန်းမအတွင်း ပဲခူးတိုင်းဒုတိုင်းရဲတပ်ဖွဲ့မှူး၊ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် အခြားတာဝန်ရှိသူများက ဖမ်းဆီးခဲ့ရခြင်းအကြောင်းအရင်း၊ ၎င်းတို့အားတရားစွဲဆိုရန် သက်သေအထောက်အထားများမရှိကြောင်း စသည့်တို့အား ရှင်းလင်းပြောကြားကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။"သုံးနာရီလောက်ကို အိမ်ကနေပြီးတော့ ဂွန်ဒေါင်းဝယ်ရအောင်လို့သွားတာ။ ကျောင်းသားတွေရှိတဲ့အနားကိုရောက်လည်းရောက်ရော၊ ရဲတွေပိတ်ထားတယ်။ အဲဒီတော့ပြန်မလို့ဆိုပြီး ဆိုင်ကယ်အလှည့်မှာ ရဲတွေကအတင်းဝင်ဆွဲပြီးရိုက်တယ်။ ရိုက်တာက ၁၅ ယောက်လောက်ရှိမယ်ထင်တယ်။ ကျွန်တော်ကိုယ်ကျွန်တော်တောင်သေပြီလို့ထင်တာ။ ဒဏ်ရာက ခေါင်းမှာနှစ်ချက်ချုပ်ရတယ်။ ထောင်ဆေးရုံမှာနေရတယ်။ အကျဉ်းထောင်ထဲမှာတော့ ဝန်ထမ်းတွေဆက်ဆံမှုကောင်းပါတယ်" မှားယွင်းရိုက်နှက်ဖမ်းဆီးခံရကာ ပြန်လည်လွတ်မြောက်လာသည့် လက်ပံတန်းမြို့နယ် နယ်မြေ(၁)အတွင်းနေထိုင်သူ ကိုအောင်ဇော်မင်းကဆိုသည်။ယင်းသို့ သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ လွှတ်ပေးသည့်အထဲတွင် လက်ပံတန်းမြို့နယ်မှ အမျိုးသား ၁၇ ဦး၊ အမျိုးသမီးတစ်ဦး၊ မင်းလှမြို့နယ်မှ အမျိုးသားတစ်ဦးတို့ပါဝင်ခဲ့ပြီး ကျန်အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကိုမူ လက်ပံတန်းရဲစခန်းမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။"ကျွန်တော်က ဆိုင်ကယ်ထောင်တာ။ ကျောင်းသားတွေနေတဲ့နေရာနဲ့ ကိုက် ၂၀၀ လောက်ကွာတယ်။ ကျွန်တော်ဆိုင်ကယ်ကိုတားပြီး သိမ်းလိုက်တယ်။ ကျွန်တော်ဆိုင်ကယ်ကိုပြန်သွားတောင်းတော့ ကျွန်တော့်ကိုပါတယ်ဆိုပြီး သက်သေအထောက်အထားမရှိဘဲ ရိုက်နှက်တယ်။ ပြီးတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ထောင်ထဲမှာကအဆင်ပြေပါတယ်။ အခုလွတ်လာတော့ ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော့်လိုပဲ ဖမ်းဆီးခံရတဲ့ကျောင်းသားတွေ လွတ်စေချင်ပါတယ်" ဟု လက်ပံတန်းမြို့နေ လှမျိုးဦးကဆိုသည်။"အခုလွှတ်တဲ့ အယောက် ၂၀ က သက်သေတွေကို စစ်ဆေးပေါ်ပေါက်ချက်အရ တရားစွဲတင်နိုင်လောက်တဲ့ အထောက်အထားမရှိဘူး။ အခင်းဖြစ်နေရာကို ရည်ရွယ်ချက်ရှိတာမဟုတ်ဘဲနဲ့ အကြောင်းကိစ္စတစ်ခုကြောင့် ရောက်သွားတဲ့လူတွေဖြစ်တယ်။ အဲဒါကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၁၆၉ အရ ကိုယ်တိုင်ခံဝန်နဲ့ ပြန်လွှတ်ပေးတာဖြစ်ပါတယ်။ အဲဒီအထဲမှာ အသက်မပြည့်တဲ့လူငယ်လေးတစ်ယောက်ပါတယ်။ သူကိုကျတော့ အသက်မပြည့်သေးလို့ ချုပ်နှောင်မထားဘူး။ လက်ပံတန်းရဲစခန်းမှာပဲထားထားတယ်။ အဲဒီကပဲ သူ့မိဘတွေဆီကို ဒီနေ့မှာအပ်နှံလိုက်ပါပြီ" ဟု သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး အေးသိဏ်းက မတ် ၂၄ ရက်တွင် ပြောကြားသည်။ဖမ်းဆီးခံထားရသည့် ကျောင်းသားကျောင်းသူများနှင့် ဝန်းရံပြည်သူ ၁၀၀ ကျော်အနက်မှ မတ် ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက်တို့တွင် ကျောင်းသား ၂၇ ဦး၊ သတင်းထောက်နှစ်ဦးနှင့် မတ် ၁၇ ရက်တွင် ကျောင်းသားတစ်ဦးတို့အား ပြန်လွှတ်ပေးခဲ့သော်လည်း သာယာဝတီအကျဉ်းထောင်၌ လက်ပံတန်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူ ၈၀ ဦးကျန်ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent