ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ သမ္မတ၏ပြောကြားချက် ကွဲလွဲမှုများရှိနေ

ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်၍ သမ္မတ၏ပြောကြားချက် ကွဲလွဲမှုများရှိနေ
Published 22 March 2015
ဇာလီမြင့်ဦး

ပုဒ်မ ၅၉ (စ) နှင့်ပတ်သက်၍ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှစ၍ ထည့်သွင်းခဲ့သည်ဟူသော မတ် ၂၀ ရက်က BBC တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတဦးသိန်းစိန်၏ ပြောကြားမှုသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် ကွဲလွဲမှုရှိနေကြောင်း ဥပဒေပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။
ဘီဘီစီသတင်းဌာနက “ဒီအခုဖွဲ့စည်းပုံမှာ သမ္မတဖြစ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ လူတစ်ဦးတစ်ယောက်ချင်းရဲ့ အရည်အချင်းသာမက သူတို့ရဲ့သားသမီးတွေ၊ ဇနီးခင်ပွန်းတွေနဲ့ ပတ်သက်ပြီးတော့ ဖော်ပြထားတာဖြစ်လို့ တရားမျှတမှု ရှိနိုင်ပါ့မလား။ ဒီတော့ လူထုဆန္ဒအတိုင်းဖြစ်အောင် လွှတ်တော်က လူထုဆန္ဒခံယူပွဲ ကျင်းပပြီးတော့ ဆုံးဖြတ်နိုင်အောင် လုပ်သင့်တယ်လို့ ထင်ပါသလား။ သမ္မတကြီးရဲ့ ကိုယ်ပိုင်အမြင်ကို သိပါရစေ” ဟု မေးမြန်းခဲ့သည်။
အဆိုပါ မေးမြန်းချက်အပေါ် သမ္မတဦးသိန်းစိန်က “ကျွန်တော်ပြောချင်တာကတော့ ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည် ကိုရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ သူ့ရဲ့အဖေလက်ထက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံကတည်းက ထည့်ထားတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံက လူဦးရေများတဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြားထဲမှာ နေနေရတာ။ တိုင်းပြည်ရဲ့ အချုပ်အခြာကို ကာကွယ်ချင်လို့ အဲဒါကိုထည့်ထားတာ။ နို့မို့ဆိုရင် ကျွန်တော်တို့နိုင်ငံကို လူဦးရေများတဲ့နိုင်ငံတွေက ဝါးမျိုသွားမှာပေါ့။ အောင်ဆန်းစုကြည်ကိုရည်ရွယ်ပြီး လုပ်ထားတာ မဟုတ်ပါဘူး။ ဟိုတုန်းက Constitution မှာကတည်းက အစဉ်အဆက်ကတည်းက ထည့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်ကလည်း ဒါကိုပြင်ချင်တယ်။ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း Referendum လုပ်မယ်။ ပြည်သူလူထုကလည်း ပြင်ချင်တဲ့ဆန္ဒရှိလို့ ပြင်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ သဘောတူရမှာပါ။ဘာမှကန့်ကွက်စရာ မရှိပါဘူး” ဟု ဖြေကြားခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉  (စ) တွင် “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများမဖြစ်စေရ” ဟု ပြဋ္ဌာန်းထားသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၉ (က) တွင်မူ “မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏မိဘ နှစ်ပါးသော်လည်းကောင်း၊ ပြည်ထောင်စုနိုင်ငံတော် အာဏာပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စု နိုင်ငံသားလည်းဖြစ်သော” ဟု ပြဋ္ဌာန်းထားရာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ  ၅၉ (စ) တွင်ပါရှိသော သားသမီး၊ ဇနီး၊ ခင်ပွန်းများသည် နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်သူ၊ နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရဟူသော စကားရပ်ပါဝင်ခြင်း မရှိကြောင်း သိရသည်။
ထို့ပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၄၉ (ခ) ၌ “ပါလီမန်” အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည်လည်းဖြစ်သော ပုဂ္ဂိုလ်မျိုးမဟုတ်လျှင်၊ မည်သူမျှ နိုင်ငံတော်သမ္မတ ရာထူးအတွက် ရွေးကောက်ခံနိုင်ခွင့် မရှိစေရ” ဟု ပြဋ္ဌာန်းထားသည်။
ဤပုဒ်မတွင်ပါရှိသော ပါလီမန်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံနိုင်သည့် အရည်အချင်းနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၇၆ ပုဒ်မခွဲ (၁) တွင် “အသက် ၂၁ နှစ် ပြည့်သည့်အပြင် ဤအခြေခံဥပဒေက သော်လည်းကောင်း၊ တရားဥပဒေက သော်လည်းကောင်း လိုအပ်သော အရည်အချင်း ချို့ငဲ့သည်ဟု ပြဋ္ဌာန်းထားခြင်း မခံရသော နိုင်ငံသားတိုင်းသည် ပါလီမန်အမတ်အဖြစ်ဖြင့် အရွေးခံခွင့်ရရှိရမည်” ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် ၁၉၄၇  စက်တင်ဘာ ၂၄ ရက်တွင် အတည်ပြုပြဋ္ဌာန်းပြီး ၁၉၄၈ ဇန်နဝါရီ ၄ ရက်တွင် အာဏာတည်ခဲ့ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက “အဲဒါ မှားပါတယ်။ ၄၈ ဖွဲ့စည်းပုံမှာ နိုင်ငံခြားအစိုးရရဲ့ အကျိုးခံစားခွင့်တွေ ရရှိတဲ့ဟာ အဲဒီတစ်ချက်ပဲပါတယ်။ ခုနက အိမ်ထောင်ရှင်က နိုင်ငံခြားသားဖြစ်တာတို့၊ သားသမီးက နိုင်ငံခြားသားဖြစ်တာတို့၊ သမက်၊ ချွေးမ စတာတွေက လုံးဝမရှိပါဘူး။ ဟိုတုန်းက။ ကျွန်တော် အဲဒီလိုသူတို့မှားပြောတာ ဒါပထမ ဆုံးမဟုတ်ဘူး။ အရင်တုန်းကလည်း ပြောတယ်။ ကျွန်တော်တို့လည်း လူတွေကိုရှင်းပြရပါတယ်။ အဲဒီတော့ သေသေချာချာ လေ့လာသင့်ပါတယ်။ သမ္မတ တစ်ယောက်အနေနဲ့” ဟု ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက “သမ္မတ ကြီးအနားမှာရှိတဲ့ ဥပဒေအကြံပေးတို့၊ နောက် အခြားသော အကြံပေးအရာရှိ အားလုံးသည် သမ္မတကြီးကို မှန်ကန်ပြည့်စုံတဲ့ သတင်းတွေ အားလုံးပေးဖို့ လိုတယ်လို့ ထင်ပါတယ်။ သမ္မတကြီးက အချက်အလက် မှားယွင်းပြောတာမျိုးဆိုရင် သမ္မတကြီး အတွက်လည်း မကောင်းဘူး။ နိုင်ငံအတွက်လည်း မကောင်းဘူးပေါ့။ သမ္မတကြီးနဲ့ ပြည်သူတွေကြားမှာ နားလည်မှုလွဲစရာ အကြောင်းတွေ အများကြီးပေါ်လာနိုင်တယ်” ဟု ပြောကြားသည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် အတားအဆီး ဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအချို့ကို ပြင်ဆင်ပေးရန် ပြည်သူများက ဆန္ဒထုတ်ဖော် တောင်းဆိုမှုများလည်း ရှိခဲ့သည်။                                            

Most Read

Most Recent