နိုင်ငံတကာမြစ်များနေ့

နိုင်ငံတကာမြစ်များနေ့
Published 14 March 2015
လက်ပံနီ

“နိုင်းမြစ်သည် အီဂျစ်ပြည်၏ လက်ဆောင်မွန်ဖြစ်သည်” ဟုအဆိုရှိသည်။ ၎င်းအဆိုမှာ မြစ်တစ်စင်း၏ ကြီးမားသော အကျိုးကျေးဇူးကို ဖော်ပြထားခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် မြစ်များစွာရှိသည်။ ထိုမြစ်များသည် လူသားကို အကျိုးပြုလျက်ရှိသည်မှာ ယုံမှားသံသယ ဖြစ်စရာမရှိပေ။
 
ဥရောပတိုက်တွင် နာမည်ကျော် ဒင်ညုမြစ် စီးဆင်းလျက်ရှိသည်။ ၁၇၇၆ မိုင် (၂၈၅၉ ကီလိုမီတာ) ရှည်လျှားပြီး ဘက်လက်ဖော့ (စ) ရက်မှ မြစ်ဖျားခံကာ ပင်လယ်နက်ထဲသို့ စီးဝင်ပါသည်။ ဂျာမနီ၊ ဩစတြီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ယူဂိုဆလားဗီးယား၊ ဘူလ်ဂေးရီးယားနှင့် ယခင် ဆိုဗီယက်ပြည်ထောင်စုတို့တိုင်အောင် စီးဆင်းသည်။
 
ဂျာမနီစာဆိုတစ်ဦးက “မြစ်ပြာဒင်ညု” ဟု လင်္ကာစပ်ဖွဲ့ခဲ့သည်။ ဘူလ်ဂေးရီးယား ရှေးဟောင်းသီးချင်းတစ်ပုဒ်တွင်လည်း “ဒင်ညုမြစ်ဖြူ” ဟုစပ်ဆိုခဲ့သည်။ သီချင်း၏ ဆိုလိုရင်းမှာ “ညင်သာစွာ စီးဆင်းသောမြစ်ဟု ဆိုပါသည်။” ၎င်းမြစ်၏ ဝန်းကျင်တွင် ကွန်မြူနစ်နိုင်ငံများ ဝန်းရံနေသည်ကို တွေ့မြင်ရသောကြောင့် “မြစ်နီ” ဟု တင်စားခေါ်ဆိုမှုများလည်း တွေ့ရသည်။ အင်ဒိုဥရောပစကားလုံး DANU- ဒင်နုမှာ “မြစ်” သို့မဟုတ် “စီးဆင်းသည်” ဟု အဓိပ္ပါယ်ရသည်။ ဒင်ညုမြစ်ကို အချို့နိုင်ငံများက “ဒူနားရီးယား” ဟုလည်း ခေါ်ကြသည်။
 
 ဂင်္ဂါမြစ်၊ ယမုံနာမြစ်၊ ဗြဟ္မပုတ္တရမြစ်၊ အိန္ဒူမြစ်များသည် အိန္ဒိယပြည်၏ ယဉ်ကျေးမှုနှင့် ဆက်နွှယ်သော မြစ်များဖြစ်ကြသည်။ ဟိန္ဒူဘာသာဝင်များသည် မြစ်ကို အလေးအမြတ် ပြုကြသည်။ ထို့အတူ ယန်စီမြစ်၊ မြစ်ဝါမြစ်တို့သည်လည်း တရုတ်ပြည်၏ အရေးပါသောမြစ်များ ဖြစ်ကြသည်။
 
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များသည် မြန်မာနိုင်ငံ၏ အသက်သွေးကြောမြစ်များ ဖြစ်ကြသည်။ ထို့အတူ ဇော်ဂျီပန်းလောင်၊ မြစ်ငယ်၊ ရွှေလီ၊ မူးမြစ်၊ ပဲခူးမြစ်၊ လှိုင်မြစ်၊ မုန်းမြစ် (မုန်းချောင်း)၊ မန်းမြစ် (မန်းချောင်း) တို့မှာလည်း မြန်မာနိုင်ငံ၏ အရေးပါသော မြစ်များဖြစ်ကြသည်။ မြန်မာနိုင်ငံ၏မြစ်များသည် ရေချို မြစ်များဖြစ်သည်။
 
မဲခေါင်မြစ်သည် အရှေ့တောင်အာရှ၏ ထင်ရှားသောမြစ်တစ်စင်း ဖြစ်သည်။ ကဗျာဆရာကြီး ထီလာစစ်သူက “မဲခေါင်မြစ်မှ အိုရွက်ဝါ” ဟူသော ကဗျာရှည်ကြီးတစ်ပုဒ် ရေးဖွဲ့ခဲ့သည်။ 
 
မတ်လ (၁၄) ရက်နေ့သည် “နိုင်ငံတကာမြစ်များနေ့” ဖြစ်သည်။ မြစ်များ အဓွန့်ရှည်တည်တံ့ရေးအတွက် လူသားတိုင်း ဝိုင်းဝန်းကာကွယ်တတ်ကြရန် ဖြစ်ပါသည်။ ရှေးဦးစွာ လူအများက မြစ်များကို ဝိုင်းဝန်းချစ်ခင်တတ်ကြရန် လိုပါသည်။ ဆက်လက်၍ လည်း မြစ်များ၏ အဆွေခင်ပွန်းသဖွယ်ဖြစ်သော ချောင်းများ၊ အင်းအိုင်များကိုလည်း ချစ်ခင်တတ်ရန် ဖြစ်ပေသည်။
 
ဟန်ဂေရီ သိပ္ပံပညာရှင်တစ်ဦးက “ဒင်ညုမြစ် ညစ်ညမ်းလာပုံကို” ကို သတိပေးခဲ့လေသည်။ အိန္ဒိယပြည်ရှိ မြစ် ၄၄၅ စင်း၏ ရေနမူနာများကို ၁၉၉၅ မှ ၂ဝ၁၁ ခုနှစ်အထိ ၁၆ နှစ်ကြာ သုတေသနပြုခဲ့ရာ မြစ်များ၏ ထက်ဝက်ကျော်သည် သောက်သုံးရန်မသင့် ဟု မှတ်ချက်ပေးထားသည်ကို လေ့လာရပါသည်။ မြစ်အတွင်းသို့ ရေဆိုးများစွန့်ပစ်ခြင်း၊ သောင်ပြင်များ အလွန်အမင်း ဖြစ်ထွန်းခြင်းတို့ကြောင့် မြစ်များမှာကျန်းမာရေး ချို့ယွင်းလာရပါသည်။
 
မြန်မာစာပေတွင် “မြစ်မရေနက် သောင်ပြင်ဖျက်” ဟု ရေးသားဖွဲ့ဆိုထားပါသည်။ မြန်မာပြည်ရှိ မြစ်ကြီးများ၏ အနက်ပေမှာ မိုးရာသီတွင် ပေ ၃ဝ မှ ၄ဝ အထိရှိပြီး၊ နွေရာသီတွင် အလွန်တိမ်လာကြကာ ၄ ပေ ၅ ပေအထိပင် ရောက်လာကြသည်။ မြန်မာလ ဝါဆို၊ ဝါခေါင်လများသည် မြစ်များရေအင်အား ဖြိုးကြွယ်ဝကြသည်။ နွေလဖြစ်သော တန် ခူး၊ ကဆုန်လများတွင် ရေအင်အား နည်းပါးကြသည်။ “တန်ခူးရေကုန် ကဆုန်ရေခန်း” ဟုလည်း အဆိုရှိသည်။
 
မြစ်တို့သည် နွေမိုးဆောင်း သုံးရာသီ စလုံး စီးဆင်းသည်။ တောင်သည်မြစ်တို့ကို မွေးဖွားသည်။ တောသည် မိုးတိမ်မိုးစက်တို့ ကို ဖိတ်ခေါ်၍ မြစ်ချောင်းအင်းအိုင်တို့ကို ပေး၏။ မြစ်များရှိခြင်းသည်။ ရေကြောင်းလမ်းကို အသုံးပြုနိုင်ခြင်း၊ စိုက်ပျိုးရေရရှိ ခြင်း၊ မြေဩဇာကောင်းမွန်စေသော နုန်းတင် မြေနုကို ရရှိစေခြင်း၊ သောက်သုံးရေရရှိစေ ခြင်း၊ ဂေဟစနစ်ကို ရှင်သန်စေခြင်း၊ ရေပျော် ငှက်တို့ကို မျိုးပွားစေခြင်း၊ ဆိပ်ကမ်းမြို့ကြီး များကို ဖြစ်စေခြင်း၊ ယဉ်ကျေးမှုများကို ဖွားမြင်စေခြင်း၊ စိမ်းလန်းသော မြေကမ္ဘာအတွက် သစ်ပင်များကို ရေရှည်တည်တံ့စေခြင်းနှင့် မြစ်ချောင်းတို့နှင့် ဆက်နွှယ်သော စာပေ၊ ဂီ တ၊ ကဗျာ၊ လင်္ကာစသော အနုပညာရပ်များ ကို မွေးဖွားစေပါသည်။
 
မြစ်များကို ဝိုင်းဝန်းချစ်ကြပါစို့။