ပြည်သူများအနေဖြင့် ပေးဆောင်ရသည့်အခွန်ဘဏ္ဍာငွေများ မည်သို့သုံးစွဲသည်ကို သိရှိနိုင်မှသာ အခွန်ယဉ်ကျေးမှုတစ်ရပ်တည်ဆောက်နိုင်မည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြောကြား

ပြည်သူများအနေဖြင့် ပေးဆောင်ရသည့်အခွန်ဘဏ္ဍာငွေများ မည်သို့သုံးစွဲသည်ကို သိရှိနိုင်မှသာ အခွန်ယဉ်ကျေးမှုတစ်ရပ်တည်ဆောက်နိုင်မည်ဟု လွှတ်တော်ကိုယ်စားလှယ်ပြောကြား
Published 13 March 2015

ဘတ်ဂျက်ရေးရာကိစ္စများတွင် ဗဟိုဦးစီးစနစ်ကိုလျှော့ချရန်လိုပြီး  ပြည်သူများအနေဖြင့် ပေးဆောင်ရသည့်အခွန်ဘဏ္ဍာငွေများ မည်ကဲ့သို့သုံးစွဲသည်ကို သိရှိနိုင်မှသာ အခွန်ယဉ်ကျေးမှုတစ်ရပ် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ပြောကြားသည်။လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က နေပြည်တော်တွင် မတ် ၁၃ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ မူသဘောအပါအဝင် ရငွေသုံးငွေများနှင့်စပ်လျဉ်းပြီး ဆွေးနွေးရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။"အထူးအလေးထားရမယ့်အကြောင်းရင်းတစ်ရပ်မှာ ဘတ်ဂျက်ရေးဆွဲရာတွင် ပြည်သူလူထုပါဝင်ရေးဖြစ်ပါတယ်။ ပြည်သူများအနေဖြင့် မိမိတို့၏ဘဝအပေါ် သက်ရောက်မှုရှိပြီး အများပြည်သူဆိုင်ရာဝန်ဆောင်မှုများ ရွေးချယ်ရရှိရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များချမှတ်ရေးတွင် ပါဝင်ပြောဆိုဆွေးနွေးပိုင်ခွင့်ရှိရပါမယ်။ ဒီမိုကရေစီလမ်းစဉ်အရ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ရွေးချယ်အကောင်အထည်ဖော်ရာတွင် ပြည်သူများပါဝင်ရေးသည် လွန်စွာအရေးကြီးပါတယ်" ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်က ဆွေးနွေးပြောကြားသည်။ပြည်သူများအနေဖြင့် ပေးဆောင်ရသည့်အခွန်ဘဏ္ဍာငွေများကို မည်သည့်နေရာသို့စီးဝင်သွားပြီး မည်ကဲ့သို့သုံးစွဲသည်ကို သိရှိနိုင်မှသာ အခွန်ယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ပြီး ယင်းကိစ္စရပ်များ ပွင့်လင်းမြင်သာမှုရှိလာခြင်းနှင့် အဂတိတရားလျော့ပါးလာပြီး အကျင့်ပျက်ခြစားမှုလျော့နည်းလာခြင်းဖြင့်  ကောင်းမွန်သောအုပ်ချုပ်ရေးအတွက် အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။"ဘတ်ဂျက်ရေးရာကိစ္စများတွင် ဗဟိုဦးစီးစနစ်ကိုလျှော့ချကာ ပြည်နယ်နှင့်တိုင်းဒေသကြီးများအား ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့် တာဝန်များခွဲဝေပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူဗဟိုပြုစကားသည်လည်း အသက်ဝင်လာစေပြီး နိုင်ငံတော်၏မူဖြစ်သည့် ပြည်သူတစ်ရပ်လုံးတောင့်တနေကြသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအထိ အကျိုးများစေမှာဖြစ်ပါတယ်။ ယနေ့ တိုင်းနဲ့ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ တင်ဒါလုပ်ငန်းတွေကိုတော့ အဂတိတရားကင်းရှင်းစွာဖြင့် စီမံခန့်ခွဲနိုင်ဖို့တော့ အရေးကြီးပါတယ်" ဟု ဒေါ်ခင်မွှေးလွင်ကဆိုသည်။ဆက်လက်ပြီး ၎င်းက "လက်ရှိအနေအထားအရ ဘတ်ဂျက်ရေးဆွဲရာတွင်လည်းကောင်း၊ လုပ်ငန်းစီမံကိန်းများရေးဆွဲရာတွင်လည်းကောင်း၊ ပြည်သူလူထုအား ပါဝင်စေရန်မဆိုထားနှင့် ပြည်သူ့ကိုယ်စားလှယ်များပင် ပါဝင်ခွင့်မရရှိသည့်အနေအထားတွင်ရှိပါတယ်' ဟုပြောကြားသည်။၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်၍ မူသဘောအပါအဝင် ရငွေသုံးငွေများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က           "အခွန်ရငွေပိုင်း၌ အဓိကအခွန်များမှာ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အကောက်ခွန်တို့ဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ မှစ၍ ဝင်ငွေခွန်သည် အခြားအခွန်များထက် အများဆုံးရရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ မှစ၍ ကုန်သွယ်ခွန်မှ ပို၍ဝင်ငွေရရှိခဲ့ပါတယ်။ ၂၀၁၅-၂၀၁၆ အခွန်ရငွေလျာထားချက်တွင်လည်း ကုန်သွယ်ခွန်က ပို၍မြင့်မားသည်ကိုတွေ့ရှိရပါတယ်။ ကုန်သွယ်လုပ်ငန်းများ ပိုမိုတိုးတက်လာသည့်သဘော သက်ရောက်ပါတယ်။ သို့သော် ကုန်သွယ်မှုတန်ဖိုးများ မြင့်တက်လာသော်လည်း ပို့ကုန်တန်ဖိုးသည် သွင်းကုန်တန်ဖိုးလောက်မရှိ၍ ကုန်သွယ်မှုလိုငွေမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ကျပ် ၄၁၈၂ ဘီလျံထိ လိုငွေပြနေခြင်းသည် GDP အတွက် အနုတ်လက္ခဏာဖြစ်နေပါတယ်" ဟု ဆွေးနွေးတင်ပြသည်။

Most Read

Most Recent