အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အဖြေရှာရာတွင် ငြိမ်းချမ်းသည့်နည်းကို ကျင့်သုံးသင့်ကြောင်း ကြားနာပွဲတက်ရောက်လာသည့် နိုင်ငံရေးပါတီများ တိုက်တွန်း

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အဖြေရှာရာတွင် ငြိမ်းချမ်းသည့်နည်းကို ကျင့်သုံးသင့်ကြောင်း ကြားနာပွဲတက်ရောက်လာသည့် နိုင်ငံရေးပါတီများ တိုက်တွန်း
Published 9 March 2015
စိုးမင်းထိုက်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အဖြေရှာရာတွင် ငြိမ်းချမ်းသည့်နည်းကိုသာ ကျင့်သုံးသင့်ကြောင်း ကြားနာပွဲသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများက တိုက်တွန်းပြောကြားခဲ့သည်။မတ်လ ၈ ရက်တွင် အဆိုပါဥပဒေကြမ်းအတွက် ကြားနာမှုပြုလုပ်ရာတွင် နိုင်ငံရေးပါတီရှစ်ပါတီ တက်ရောက်ဆွေးနွေး အကြံပြုခဲ့ကြောင်း သိရသည်။ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌဦးသုဝေက “ဥပဒေတစ်ရပ်ကို ပြဌာန်းဖို့ မခက်ခဲသော်လည်း လိုက်နာကျင့်သုံးဖို့ကျတော့ မလွယ်ပါဘူး။ ဥပဒေအတိုင်း လိုက်နာကျင့်သုံးမယ် ဆိုရင်လည်း ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်နေမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ပြဿနာအရပ်ရပ်ကို ဆွေးနွေးညှိနှိုင်း အဖြေရှာပြီး ဥပဒေပြုပြင်မှုတွေ လုပ်နိုင်ခွင့် ရှိနေပါပြီ။ နယ်ချဲ့ဆန့်ကျင့်ရေးကာလမှာ လိုအပ်လို့ ကျင့်သုံးခဲ့တဲ့ တိုက်ပွဲပုံသဏ္ဌာန်ကို ယခုအခါမှာ ပြုပြင်ပြောင်းလဲသင့်ပါပြီ။ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အဖြေရှာရမှာလည်း ငြိမ်းချမ်းတဲ့နည်းကိုသာ ကျင့်သုံးသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီမှ ဒုဥက္ကဋ္ဌ ဦးသိန်းကြည်က အမျိုးသားပညာရေး ဥပဒေကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းခဲ့ကြောင်း၊ လက်ရှိတွင် လွှတ်တော်မှပြဌာန်းခဲ့သည့် ဥပဒေကို ကျင့်သုံးခွင့်ပင် မရသေးဘဲ လွှတ်တော်ပြင်ပမှ လိုချင်ရာကို အပြည့်အဝရရန် လုပ်ဆောင်လာကြကြောင်း၊ ညှိနှိုင်းဆွေးနွေးခြင်း ယဉ်ကျေးမှုအရ ဖြစ်ချင်သည့်ဆန္ဒကို အပြည့်အ၀ မရနိုင်သည်ကို နားလည်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ဆက်လက်၍ “ပညာရေးဆိုတာကတော့ ဘဝတစ်သက်တာ သင်ယူရေးဖြစ်တဲ့အတွက် ခေတ်နဲ့လျော်ညီစွာ ပြင်ဆင်ရသည်မှာ မလွဲပါဘူး။ သို့သော်လည်း ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်၊ မကျင့်သုံးရခင် ပြင်ဆင်လိုက် လုပ်ခြင်းက မတည်မငြိမ် ဖြစ်စေပါတယ်။ ပြည်သူတွေအတွက် လိုက်နာဖို့နဲ့ အကောင်အထည်ဖော်မှု အပိုင်းတွေမှာ အားနည်းကာ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေအတွက်ပါ ထိခိုက်နိုင်ပါတယ်” ဟု ဦးသိန်းကြည်က ပြောကြားခဲ့သည်။ကျောင်းသားနှင့် အစိုးရကြား နားလည်မှု ပြန်လည်တည်ဆောက်၍ အမှန်တရား၊ အင်အားများဖြင့် ပဋိပက္ခများကို မဖြေရှင်းဘဲ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ညှိနှိုင်းအဖြေရှာပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ရေရှည်တွင် အကောင်အထည်ဖော်ပေးနိုင်မည့် လက်တွေ့ကျသည့် အမျိုးသားပညာရေးတစ်ရပ် ပေါ်ပေါက်လာရန် နိုင်ငံရေးပါတီများက အကြံပြုခဲ့ကြသည်။ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးစိုးမောင်က “NNER နဲ့ ကျောင်းသားတွေ ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းကို ပညာရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို ရေးဆွဲရာမှာလည်း အနည်းစုပညာရေး ပညာရှင်တွေနဲ့ ဥပဒေပညာရှင်တွေက ဒီမိုကရေစီ ဦးဆောင်လှုပ်ရှားမှု ဦးဆောင်ကော်မတီ တကသ၊ ဗကသ ကျောင်းသားကိုယ်စားလှယ်တွေရဲ့ ဆန္ဒနောက်ကို လိုက်ပါရေးဆွဲထားတာ ဖြစ်ပါတယ်။ အဲ့ဒီဥပဒေကြမ်းဟာ တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လည်းကောင်း၊ တည်ဆဲ ဆက်စပ်ဥပဒေတွေနဲ့ လည်းကောင်း ဆန့်ကျင်ကွဲလွဲမှုတွေ ရှိနေပါတယ်။ အဲ့ဒါကြောင့် လက်ခံအတည်ပြုခြင်း မပြုထိုက်ဘူးလို့ သုံးသပ်တွေ့ရှိပါတယ်” ဟု ဆွေးနွေးခဲ့သည်။ ဆရာနှင့်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေး ကိစ္စများသည် အမျိုးသားပညာရေး မူဝါဒများ ပြဋ္ဌာန်းသည့် ပင်မဥပဒေတွင် ပါဝင်ရန် မလိုအပ်ပါက ပါဝင်ခြင်း မရှိသော်လည်း ဆက်စပ်ဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းနိုင်သည့် ကိစ္စဖြစ်သည်ဟု သုံးသပ်တွေ့ရှိရကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီက ပြောကြားခဲ့သည်။ကြားနာပွဲတက်ရောက်သည့် နိုင်ငံရေးပါတီများက ဥပဒေမူကြမ်းတွင် မိခင်ဘာသာစကားအစား တိုင်းရင်းသား မိခင်ဘာသာစကားဟု အစားထိုးသင့်ကြောင်း အကြံပြုခဲ့ကြသည်။အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ကြားနာမှုများအား မတ်လ ၁၁ ရက်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent