(၆၆) ကြိမ်မြောက် ပအို့ဝ်အမျိုးသားနေ့ကို တောင်ကြီးမြို့အပါအဝင် အခြားမြို့များ၌ ယနေ့ကျင်းပမည်

(၆၆) ကြိမ်မြောက် ပအို့ဝ်အမျိုးသားနေ့ကို တောင်ကြီးမြို့အပါအဝင် အခြားမြို့များ၌ ယနေ့ကျင်းပမည်
Published 3 March 2015

၂၀၁၅ ခုနှစ် မတ် ၄ ရက် (တပေါင်းလပြည့်နေ့) တွင်ကျရောက်သည့် (၆၆) ကြိမ်မြောက် ပအို့ဝ်အမျိုးသားနေ့ကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ကံကြီးရပ်ကွက် ပအို့ဝ်အမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး တောင်ကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းများရှိ အခြားမြို့များတွင်လည်း ကျင်းပသွားမည်ဖြစ်ကြောင်း ပအို့ဝ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ထံမှသိရသည်။(၆၆) ကြိမ်မြောက် ပအို့ဝ်အမျိုးသားနေ့ကို ရှမ်းပြည်နယ် တောင်ကြီး၊ ပင်လုံ၊ ပင်လောင်း၊ ဆီဆိုင်၊ မိုင်းပွန်၊ မွန်ပြည်နယ် သထုံနှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပအို့ဝ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုကပြောကြားသည်။ဦးခွန်ဝင်းကိုက "ကျွန်တော်တို့လူမျိုးတိုင်းက မိမိရဲ့ယဉ်ကျေးမှု၊ မိမိရဲ့ဓလေ့ထုံးစံ၊ မိမိရဲ့လူမျိုးတည်တံ့ခိုင်မြဲရေးကတော့ လူတိုင်းက အင်မတန်မှချစ်မြတ်နိုးပြီး ထိန်းသိမ်းကြပါတယ်။ အဲဒါကို ကျွန်တော်တို့ပအို့ဝ်တိုင်းရင်းသားကလည်း မိမိရဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ဖို့ မိမိရဲ့လူမျိုးမပျောက်မပျက်အောင် မိမိရဲ့ဓလေ့ယဉ်ကျေးမှုတွေ မပျောက်မပျက်အောင် မိမိလူမျိုးကိုချစ်မြတ်နိုးတဲ့ မိမိရဲ့အမျိုးသားနေ့ကို နေရာတိုင်းနေရာတိုင်းမှာ အခုတပေါင်းလပြည့်ရောက်တိုင်း ကျင်းပကြတာဖြစ်ပါတယ်" ဟု ပြောကြားသည်။ဆက်လက်၍ ဦးခွန်ဝင်းကိုက "ပအို့ဝ်အမျိုးသားနေ့ဖြစ်ပေါ်လာပုံကတော့ ရှေးပဝေသဏီ ကျွန်တော်တို့မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးပေါ်ပေါက်လာကတည်းက ကျွန်တော်တို့က ပအို့ဝ်တိုင်းရင်းသားကပါ လာပြီးသားဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့က အဆင်ပြေရင်ပြေသလို အလျဉ်းသင့်သလို ပအို့ဝ်အမျိုးသားနေ့ကို အမြဲတမ်းကျင်းပလာခဲ့တာ နေရာအတည်တကျမရှိသော်ငြားလည်း အဆင်ပြေသည့်နေရာများမှာ နှစ်စဉ်ကျင်းပလာတာ ယနေ့အထိဆိုရင် အကြိမ်ပေါင်း ၆၆ ကြိမ်ရောက်ရှိလာပြီဖြစ်ပါတယ်" ဟုပြောကြားသည်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက "ကျွန်တော်တို့အဖွဲ့အနေနဲ့ ပအို့ဝ်အမျိုးသားနေ့ကိုသီးခြားကျင်းပဖို့မရှိပါဘူး။ ကျင်းပမယ့်ပအို့ဝ်အမျိုးသားနေ့အခမ်းအနားတွေကို တက်ရောက်မှာဖြစ်ပါတယ်။ တောင်ကြီးမြို့မှာပြုလုပ်မယ့် ပအို့ဝ်အမျိုးသားနေ့အခမ်းအနားတို့ မွန်ပြည်နယ် ပအို့ဝ်အမျိုးသားနေ့အခမ်းအနားတွေက ကျွန်တော်တို့ကိုလည်းဖိတ်ကြားထားတယ်။ ကျွန်တော်တို့တက်မှာပါ" ဟုပြောကြားသည်။ပအို့ဝ်အမျိုးသားနေ့ဖြစ်ပေါ်လာပုံမှာ ၁၉၄၇ ခုနှစ်က မွန်ပြည်နယ် သထုံမြို့တွင် ပအို့ဝ်လူမျိုး (ယခင်က တောင်သူလူမျိုးဟုခေါ်ကြောင်း) များက ၎င်းတို့အား တောင်သူလူမျိုးဟု ရေးသားခေါ်ဆိုခြင်းမပြုဘဲ ပအို့ဝ်လူမျိုးဟုခေါ်ဆိုရေးသားရန်တောင်းဆိုခဲ့ရာ အစိုးရကလိုက်လျောပေးခဲ့ကြောင်း၊ ယင်းသို့ ပအို့ဝ်လူမျိုးဟု အစိုးရက အသိအမှတ်ပြုပေးခဲ့ပြီးနောက် ၁၉၄၈ ခုနှစ်မှစတင်ကာ ပအို့ဝ်အမျိုးသားနေ့ကို သထုံမြို့ ရွှေစာရံစေတီ၏ မူလဒါယိကာဖြစ်သည့် သူရိယစန္ဒာမင်း၏မွေးနေ့ တပေါင်းလပြည့်နေ့ကိုအစွဲပြုပြီး ပအို့ဝ်အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြောင်း ပအို့ဝ်လူငယ်အစည်းအရုံး၏ အတွင်းရေးမှူးခွန်ထွန်းတင်ကပြောကြားသည်။ခွန်ထွန်းတင်က "အဲဒီအချိန်တုန်းက ကျွန်တော်တို့တောင်ပေါ်မှာ မကျင်းပနိုင်သေးဘူး။ တောင်ပေါ်မှာကျင်းပဖို့အခွင့်မသာခဲ့ဘူး။ ၁၉၇၆ အဲဒီဝန်းကျင်က တောင်ပေါ်မှာကျင်းပနိုင်ခဲ့တာ အခုထက်ထိပေါ့။ မနက်ဖြန် ကျွန်တော်တို့ဒီပွဲကိုပါဝင်ဆင်နွှဲသွားမှာပေါ့" ဟု မတ် ၃ ရက်တွင်ပြောကြားသည်။

Most Read

Most Recent