စီးပွားရေးလုပ်ငန်းများတွင် ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် ဆောင်ရွက်ချက်များ၊ ဈေးကွက် လက်ဝါးကြီးအုပ်ဆောင်ရွက်မှု၊ တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုများအတွက် ထောင်သုံးနှစ် ချမှတ်နိုင်

စီးပွားရေးလုပ်ငန်းများတွင် ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် ဆောင်ရွက်ချက်များ၊ ဈေးကွက် လက်ဝါးကြီးအုပ်ဆောင်ရွက်မှု၊ တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုများအတွက် ထောင်သုံးနှစ် ချမှတ်နိုင်
Published 1 March 2015
ဇော်ဝေ

စီးပွားရေးလုပ်ငန်းများတွင် ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သော ဆောင်ရွက်ချက်များ၊ ဈေးကွက် လက်ဝါးကြီးအုပ် ဆောင်ရွက်မှု၊ တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုများအတွက် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ကြောင်း ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် တွင် ပြည်ထောင်စုလွှတ်တော်က ပြဠာန်းလိုက်သည့် ယှဉ်ပြိုင်မှုဥပဒေဖော်ပြချက်အရ သိရသည်။
 
ထောင်ဒဏ်သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ်သိန်း ၁၅ဝ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်သော တားမြစ်ချက်များတွင် ဝယ်ယူသည့်ဈေးနှုန်း သို့မဟုတ် ရောင်းချသည့်ဈေးနှုန်း သို့မဟုတ် ကူးသန်းရောင်းဝယ်သည့် အခြေအနေများ၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဈေးနှုန်း ညှိနှိုင်းသတ်မှတ်ခြင်း၊ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များ ပြုလုပ်ခြင်း၊ မိမိစီးပွားရေးလုပ်ငန်းသည် သက်ဆိုင်ရာဈေးကွက်အတွင်း လွှမ်းမိုးထားနိုင်သည့် အခြေအနေအပေါ် အခွင့်အရေးယူ၍အလွဲသုံးစားမှုပြုခြင်း၊ တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုက ဖြစ်စေ ဈေးကွက် ကန့်သတ်ထိန်းချုပ်မှုကို ဆောင်ရွက်ခြင်း၊ ဈေးကွက်ထောက်ပံံ့မှု အရင်းအမြစ်များကို မျှဝေရန် ကန့်သတ်တားဆီးခြင်း၊ ထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှု၊ နည်းပညာနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုမပ်နှံမှုတို့ကို ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်း၊ တင်ဒါ သို့မဟုတ် လေလံဆွဲရာတွင် ညှိနှိုင်းဈေး သတ်မှတ်ခြင်းများ ပါဝင်ကြောင်း သိရသည်။
 
“အာဆီယံမှာတော့ ၂ဝ၁၅ ခုနှစ် နောက်ဆုံးပြဋ္ဌာန်းရမယ်ဆိုတဲ့ ကတိကဝတ် ရှိထားတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ကလည်း ၂ဝ၁၅ မှာ ပြဋ္ဌာန်းလိုက်တယ်ပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေး ပွင့်လင်းလာတာနဲ့အမျှ Competition policy ကလည်း လိုအပ်လာနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက်လည်း တကယ်လိုအပ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ နေပြည်တော်မှာ Workshop လုပ်တဲ့အခါမှာ အခုချက်ချင်းကြီး အရေးယူဆောင်ရွက်မှုဆိုတာ ပညာပေးကာလအနေနဲ့ တစ်နှစ်တန်စေ့နှစ် နှစ်တန်စေ့သွားဦးမှာပါ။ အဲ့ဒီလိုတော့ ရှိတယ်။ သိပ်ကို ထင်ရှားတယ်ဆိုရင်တော့ ဒီ Competition ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတာမျိုးဆိုရင်တော့ ကျွန်တော်တို့က အရေးယူဆောင်ရွက်တာတွေ လုပ်မှာပေါ့လေ။ ဒါတော့ရှိတယ်။ 
ဒါပေမဲ့ လောလောဆယ်ကတော့ ပညာပေးကာလပေါ့။ လူတွေကို awareness ပေးတဲ့ကာလကို များများလု ဦးမယ်။ ကျွန်တော့်အမြင် ပြောပါဆိုရင်လည်း ဒီလိုပညာပေးတဲ့ အစီအစဉ်လေးတွေများ များလုပ်ဖို့ သင့်တယ်လို့ထင်တယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေက ပြောကြားသည်။ ယှဉ်ပြိုင်မှုဥပဒေတွင် သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်မည် ဖြစ်ကြောင်းလည်း သိရသည်။
 
“သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့အတွက် အာဆီယံ ကတိကဝတ်နဲ့တော့ ညီသွားပြီပေါ့နော်။ ပြဋ္ဌာန်းလိုက်ပြီး ဖြစ်သော်ငြားလည်း ကျွန်တော်တို့အနေနဲ့  စောင့်ကြည့်ကာလဆိုတာ ထားလို့ရပါတယ်။ နည်းဥပဒေကတော့ မဆွဲရသေးပါဘူး။ ဥပဒေက အာဏာတည်ပြီးမှသာ ရေးဆွဲသွားဖို့ရှိပါတယ်”ဟု ဦးသိန်းမြင့်ဝေက ဆိုသည်။
 
အလားတူ မျှတမှုမရှိသော နည်းလမ်းဖြင့် ကုန်စည်တင်သွင်းခြင်း၊ ယင်းကုန်စည်များကို ဈေးကွက်ပေါက်ဈေးအောက် လျှော့ချ၍ ရောင်းချခြင်း၊ စီးပွားရေးလုပ်ငန်း တစ်ခု၏ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အခြားစီးပွားရေးလုပ်ငန်းများ၏ အလားတူ ကုန်စည်၊ ဝန်ဆောင်မှုများနှင့် တိုက်ရိုက် ညှိနှိုင်းယှဉ်ခြင်း၊ သူတစ်ပါးကုန်စည်နှင့် ဆင်တူယိုးမှား ကြော်ငြာခြင်းဖြင့် ကုန်စည်ဝယ်ယူသူတို့ကို သွေးဆောင်ဖြားယောင်းခြင်း၊ ဈေးနှုန်း၊ ပမာဏ၊ အရည်အသွေး၊ အသုံးဝင်မှုများနှင့် ဒီဇိုင်းပုံစံများ၊ အမျိုးအစားများ၊ ထုပ်ပိုးမှု၊ ထုတ်လုပ်သည့် ရက်စွဲ၊ ကြာရှည်အသုံးခံမှု၊ မူလအရင်းအမြစ်များ၊ ထုတ်လုပ်သူ၊ ထုတ်လုပ်သည့်နေရာများ စသည်တို့ကို မှားယွင်းသော သို့မဟုတ် သွေးဆောင်ဖြားယောင်းသော သတင်းအချက်အလက်များကို ကုန်စည်ဝယ်ယူသူများထံသို့ ထုတ်ပြန်ခြင်း၊ လမ်လည်လှည့်ဖြားသော နည်းလမ်းဖြင့် အရောင်းမြှင့်တင်ခြင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ တားမြစ်ထားသည့်  အရောင်းမြှင့်တင်ခြင်းများ ပြုလုပ်ခြင်းနှင့် မတူညီသောအရောင်းမြှင့်တင်ရေးအစီအစဉ်အောက်တွင် ကုန်စည်ဝယ်ယူသူကို ခွဲခြားဆက်ဆံခြင်းများအတွက် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ် သိန်း ၁၅ဝ ထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။
 

Most Read

Most Recent