အသက်မဲ့သွားသော တစ်ခဏတာ

အသက်မဲ့သွားသော တစ်ခဏတာ
Published 28 February 2015
အောင်ရဲကို

ဖေဖော်ဝါရီလ ၁၃ ရက်က လောက်ကိုင်ကို သတင်းသွားယူရမယ်လို့ သိတဲ့အချိန်ကစလို့ တိုက်ပွဲမြေပြင်နဲ့ အနီးစပ်ဆုံး မြေပုံနဲ့လိုအပ်တဲ့ ပစ္စည်း၊ ဓာတ်မီးကအစ အစုံဝယ်လို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းဆီကို ခပ်သုတ်သုတ် နှင်ခဲ့ရပါတယ်။
 
 ရန်ကုန်-လားရှိုး ကားလက်မှတ်တွေ ကုန်နေပြီဖြစ်သောကြောင့် လမ်းတစ်ဖြတ်ရောက်တဲ့ ရန်ကုန်-မန္တလေး ကားလက်မှတ် နဲ့ အဆင်ပြေအောင် ခရီးနှင်ခဲ့ပါတယ်။ ည ၁ဝ နာရီထိုး ကားထွက်လို့သွားပေမယ့် အိမ်ကို လွမ်းတဲ့စိတ်တွေနဲ့ တိုက်ပွဲမှာ ဖြစ်လာမယ့် အတွေးစိတ်တွေက ခန္ဓာကိုယ်နဲ့ အသိစိတ်တွေဆီ အာရုံများ ပျံ့နှံ့လို့နေပါတယ်။တိုက်ပွဲမြေပြင်ကိုသွားပြီး သတင်းယူရမယ်လို့ အဖေနဲ့ အမေကိုပြောတဲ့ ခဏာတာအချိန်လေးတွေနဲ့ အဖြစ်အပျက်ပုံရိပ်တွေက စိုးမိုးထားနေတယ်။ ကျန်းမာရေးမကောင်းတဲ့ အဖေဖြစ်တဲ့သူကတော့ “ငါ့သား ယောကျ်ားပဲ။ ကိုယ်ရွေးချယ်တဲ့အလုပ် ကိုယ်ရွေးချယ်တဲ့လမ်း အကောင်းဆုံးဖြစ်အောင်လျှောက်” တဲ့ မျက်ရည်ဝဲနေပေမယ့် အဖေ့အားပေးစကားတွေက ပိုလို့ရယ်။
 
ကတ်ကြေး ဘယ်မှာလဲဆိုပြီး ရှာဖွေနေတဲ့ အမေကလည်း ဝတ်လျက်သား ထဘီ အထက်ဆင်စလေးကို တကိုင်ကိုင်နဲ့ “ခဏလေးသား အမေ့သားကို ပေးစရာလေးရှိသေး တယ်။ ရပြီ..ရပြီ..ရော့ ငါ့သား အမေ့ထဘီ အထက်ဆင်စလေးတွေက ကျွန်တော့် ညာလက်ဖျံပေါ် စီးကျလာလေပြီ၊ ဘုရား၊ တရား၊ သံဃာနဲ့ အဖေရယ် အမေရယ် ပြီးတော့ ဆရာသမားတွေရယ်ကို မင်းမမေ့နဲ့ပေါ့” ထပ်ကာထပ်ကာ ပြောနေသည့် အမေ့စကားများကို ပြန်မြင်ယောင်နေမိခဲ့တယ်။
 
လားရှိုးမြို့သို့
 
ကျွန်တော် ခန့်မှန်းထားသည့်အတိုင်း လားရှိုးကို ၁၄ ရက် နေ့လယ်ဝန်းကျင်တွင် ရောက်ခဲ့လေပြီ။ အဝေးပြေးကနေပြီး ကျွန်တော့်အလုပ်နဲ့ အဆင်ပြေမယ့် ဟိုတယ် ရှာပြီးနောက်မှာတော့ ဖေဖော်ဝါရီလ ၁၅ ရက် ကွမ်းလုံသို့ တက်မည့်အခြေအနေကို စုံစမ်းခဲ့ပါတယ်။
 
“အစ်ကို ဒီအခြေအနေမှာ ဘယ်သူမှ အဲဒီနယ်မြေကို မတက်တော့ဘူး။ အစ်ကိုငွေများများပေးလည်း အသက်မရှိတော့ရင် ဘာမှတန်ဖိုးရှိမှာ မဟုတ်ဘူး။ ငွေထက်တော့ အသက်က အများကြီးတန်ဖိုးများပါတယ်။အစ်ကိုလည်း မသွားပါနဲ့” စကားဝဲဝဲနှင့် ရှမ်းလူငယ်တစ်ယောက်ရဲ့ စိုးရိမ်စွာ တားဆီးမှုအသံများနှင့် ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော့် အလုပ်ကလည်း ဒီအတွက်ဖြစ်ကြောင်း၊ မသွားမဖြစ် သွားရမည်ဖြစ်သည့်အတွက် အကူအညီပေးရန် ပြောလိုက်သည့်အချိန်မှာတော့ ကိုစိုင်းလေးဆိုသည့် ရှမ်းလူငယ်လေးမှ သက်ပြင်းများ ချလို့နေလေပြီ။
 
“အေးဗျာ၊ အဲဒါဆိုလည်း မတတ်နိုင်ဘူး။ မသွားမဖြစ်ဆိုတော့ ကူညီလိုက်တော့မယ်။ ကဲ အဲဒါဆိုလည်း မနက်ထွက်မယ်ဗျာ။ လုံလုံခြုံခြုံတော့ ဝတ်ဆင်လာခဲ့”ဟု ကူညီပေးခဲ့သည့် ကိုစိုင်းလေးကို ကျေးဇူးတွေ အထပ်ထပ် တင်နေမိပါတယ်။
 
လားရှိုး-ချင်းရွှေဟော်
 
 ဖေဖော်ဝါရီလ ၁၅ ရက်ကတော့ တစ်ယောက်တည်းဟူသော အသိစိတ်တွေနဲ့ အရင်လို ကမန်တော် သွားခဲ့ဖူးတဲ့ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသလေးခုလောက်လို မဟုတ်ဘဲ အကူအညီမရှိသေးတဲ့ နယ်မြေနဲ့ ကျည်ဆန်တွေရှိတဲ့ ခရီးကိုနှင်ဖို့ ခြေထောက်တွေက တွန့်ဆုတ်နေတယ်ဆိုတာ သိသာနေပါတယ်။
 
ဘယ်လိုပဲဖြစ်ဖြစ် အဖေပြောခဲ့တဲ့ စကားတွေနဲ့ အမေပေးတဲ့ မသေကြိုးလေးက အားပေးနေပါတယ်။ဒါကြောင့်လည်း အမြန်ဆုံး ခရီးထွက်ပြီးတော့ ကွမ်းလုံကို မွန်းတည့် ၁၂ နာရီလောက်ရောက်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
 
ချင်းရွှေဟော်အထိ တက်လို့ရမယ့်အနေအထားရှိတဲ့အတွက် ခရီးဆက်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ ရန်ကုန်က ဆင်းလာမယ့် ကျွန်တော့် မီဒီယာအပေါင်းအသင်းတွေနဲ့ ချိတ်ဆက်လို့ရခဲ့ပါတယ်။ EPA က ဓာတ်ပုံသတင်းထောက် ကိုလင်းဘိုဘို၊ ဧရာဝတီက သတင်းထောက် ကိုကျော်မျိုးထွန်း၊ ဓာတ်ပုံသတင်းထောက် ကိုဂျေပိုင် ၊ DVB က ကိုခွန်ဇော်ဦးရယ် ပြီးတော့ ကျွန်တော် ရယ်ပေါ့။
 
လောက်ကိုင်မြို့သို့
 
ကျွန်တော်တို့ လောက်ကိုင်မြို့ကို ဓာတ်ပုံရိုက်ယူရန် စတင်ထွက်ခွာသည့်အချိန်က မွန်းလွဲ ၁ နာရီတင်းတင်း ပြည့်တော့မယ်။ တိုက်ပွဲမရှောင်နိုင်သေးသော လူများလည်း တွေ့ရတယ်။ ပုန်းရှောင်နေသောသူများလည်း ပြည့်နေတယ်။ ကြံရိုးကို စားသုံးနေသော ကလေးများလည်း မြင်ရတယ်။ လောက်ကိုင်မြို့ကြီးကား သုသာန်တစပြင်နှင့် ခိုင်းနှိုင်းရန်ပင် ခံတွင်းတွေ့လာရတယ်။
 
လောက်ကိုင်မြို့ကို လုံခြုံရေးယူနေပြီဖြစ်သော တပ်မ ၃၃ ကတော့ ကျွန်တော်တို့ကို အန္တရာယ်နှင့် မရင်ဆိုင်ရန် ညနေ ၄ နာရီခန့် မှာတော့ ချင်းရွှေဟော်သို့ ပြန်ခိုင်းခဲ့တယ်။ ကျွန်တော်တို့ လောက်ကိုင်မြို့အထွက်သို့ ရောက်ရှိပြီး ခဏအကြာမှာ သေနတ်သံတွေ ကြားလို့နေရပါတယ်။
 
လောက်ကိုင်သို့ ဒုတိယအကြိမ်
 
အဲဒီနေ့က ဖေဖော်ဝါရီလ ၁၇ ရက်။ ကျွန်တော့်တစ်သက်တာ မေ့မရတဲ့နေ့အဖြစ် မှတ်တမ်းတင်ထားရတော့မည်။ အရမ်းအေးတယ်။ လားရှိုးက ဝယ်လာတဲ့ လက်အိတ် အမည်းရောင်လေးကိုစွပ်ပြီး အင်္ကျီနဲ့ အနွေးထည် သုံးထပ်လောက် ဝတ်ခဲ့ရတယ်။ စားစရာနဲ့ လိုအပ်တာလေးတွေ ဖြည့်ဆည်းရင်း ကျွန်တော်တို့ ချင်းရွှေဟော် ကယ်ဆယ်ရေးယာယီတဲလေးဆီကို လျှောက်လှမ်းခဲ့ပါတယ်။
 
“ဟေ့..ဟေ့ အစ်ကိုတို့ လောက်ကိုင်မြို့မှာ စစ်ရှောင်သူတွေ သွားကယ်ဖို့ ရှိတယ်။ လိုက်မလား”ဟု အသံကျယ်ကျယ် မပြောတတ်သော ကယ်ဆယ်ရေးစခန်းမှ မချစ်မီးက လှမ်းအော်ခေါ်လို့။
 
ကျွန်တော်တို့ အရင်အတိုင်းပဲ ဓာတ်ပုံရိုက်၊ သတင်းမေးပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့အကြောင်းလည်း ထည့်ပြောရဦးမယ်။
 
မနက် ၄ နာရီကတည်းက တရုတ်ပိုင်နက် နမ့်ဆန်းထဲကနေပြီး မြန်မာပြည်ဘက် လမ်းလျှောက်လာတာ မွန်းတည့် ၁၂ နာရီလောက်မှာ ရောက်လာကြတာတဲ့။ ဒီထက် အဖြစ်ဆိုးတာကတော့ လုပ်အားခမရတဲ့သူတွေကလည်း တစ်ယောက်တစ်ပေါက် မကျေနပ်စိတ်တွေနဲ့ ပြောဆိုလို့။ ဒီလိုပါပဲ မြေနိမ့်ရာ လှံစိုက်ပဲလား လှေနစ်သူ ဝါးကူထိုးကြတာလား ဒါမှမဟုတ်။
 
မွန်းလွဲ ၁ နာရီခွဲလောက်မှာ လောက်ကိုင်မြို့မှာရှိတဲ့ စစ်ရှောင်သူတွေကို ကြက်ခြေနီအလံ တံဆိပ်တပ်ထားတဲ့ ကားကြီး ကားငယ်အသွယ်သွယ်နဲ့ စစ်ရှောင်သူတွေကို ခေါ်ယူခဲ့ပြီးပါပြီ။ အပေါင်းလက္ခဏာ အနီရောင် အဆင်းလေးခြယ်ထားတဲ့ စွပ်ကျယ်သာသာ ရှံသားအင်္ကျီလးကို ဝတ်ထားတဲ့သူတစ်ဦးက အားလုံးစုံရင်သွားကြမယ်ဟု အော်ဟစ်နေပါတယ်။
 
ယင်းနောက်  စစ်ဘေးဒုကသည်ကားတွေရဲ့ အရှေ့ဆုံးမှာ ကျွန်တော်နဲ့အတူ လူ ၄ဝ ကျော်လောက် ပါလာခဲ့တယ်။ ဓာတ်ပုံလည်း ရိုက်၊ သတင်းလည်းမေး  အဆင်ပြေအောင် နောက်ဆုံးနေရာမှာ ဝင်နေရာယူလိုက်တယ်။ အားလုံးက ခြေနှစ်ချောင်းစာသာ ကျယ်တဲ့ နေရာလေးကို ခုံမင်နေခဲ့ကြတယ်လေ။
 
လုံထန် ငရဲခန်းသို့အဝင်
 
ကျွန်တော်တို့ ကားတန်းတွေ မိနစ် ၂ဝ သာသာလောက် မောင်းနှင်ပြီး ချင်းရွှေဟော်ကိုရောက်ရန် သိပ်မလိုသည့် လုံထန်ကျေးရွာ အရောက်မှာတော့ စောစီးစွာ ပြုလုပ်ခဲ့မိတဲ့သက်ပြင်းချစိတ်တွေက အမှားကြီးတစ်ခုဟု ဆိုရတော့မည်။
 
ငါးမိနစ်စာခရီး အရောက်မှာတော့ စစ်တပ်ရဲ့ အပြေးအလွှားနေရာယူမှုတွေက ကျွန်တော်တို့ရဲ့စိတ်တွေကို သံပတ်ပေးလိုက်သလိုပါပဲ။ အားလုံး ပြန်လည်နှုတ်ဆိတ်သွားခဲ့ပါပြီ။ သိပ်မကြာပါဘူး။ ကျွန်တော်တို့ရဲ့ရှေ့ မှာ ပစ်ခတ်သံတွေ ကြားခဲ့ရပါပြီ။ အလိုက်သိရမယ့် ကျွန်တော်တို့ကားတန်းလည်း စက်သေနတ်သံတွေကြားမှာ ရပ်တန့်လို့နေခဲ့ပါ တယ်။ ဆယ့်ငါးမိနစ်လောက်အကြာမှာ ပစ်ခတ်သံတွေ ရပ်တန့်နေခဲ့လို့ ချင်းရွှေဟော်ကို အမြန်ဆုံးပြန်ဆင်းရန် ကြက်ခြေနီတံဆိပ် ဝတ်ထားသူတစ်ဦးက အမိန့်ပေးလို့နေပါပြီ။
 
ဒါကြောင့် ကားတန်းကြီး ပြန်လည်အသက်ဝင်လာခဲ့ပြီး တစ်မိုင်သာသာလောက် မောင်းနှင်လာပြီးနောက်မှာတော့ ကျွန်တော့် ဘဝမှာ ပထမဆုံးကြားခဲ့ရ၊ တွေခဲ့ရတဲ့ အနီးကပ်ဆုံး သေနတ်သံတွေနဲ့ သေနတ်ထိတဲ့ နေရာတွေက မျက်မြင်ရှေ့မှောက် ရောက်လာပါတော့တယ်။ အော်ဟစ်သံတွေ အများအပြားပေါ်လာပေမယ့် ကျွန်တော်တို့ ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်သံတွေကတော့ ဖုံးလွှမ်းထားနေဆဲ။ ပစ်ခတ်ခံနေရတဲ့ယာဉ်ရဲ့နောက်ဆုံးမှာ လိုက်လာသူ ကျွန်တော့်ရဲ့ စိတ်အာရုံတွေက ဆောက်တည်ရာမရ။ ကျွန်တော်နှင့် တစ်လှေတည်းစီးသူတွေလည်း ကျွန်တော့်ထက် ဆိုးလိမ့်မည်မှာ မလွဲ။
 
ကျွန်တော့် ခြေထောက်တွေနဲ့ ခန္ဓာကိုယ်က မြောက်တက်လာတယ်။ စစ်ရှောင်သူအချို့က ကျွန်တော့်ခြေထောက်အောက် ပင့်မပြီး ဝင်နေကြခြင်းပင်။ တချို့ကလည်း ကျွန်တော့်လက်မောင်းအောက် အတင်းတိုးဝင်တယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဝပ်လျှိုနေရလေတယ်။ ကျွန်တော်သာ ရန်သူအစစ်အမှန်ဆိုလျှင်တော့ သေနိုင်သည့်အနေအထားသို့ ရောက်နှင့်နေပြီ ဖြစ်တယ်။
 
ဘာမှ ဖုံးကွယ်ထားခြင်းမရှိသော ကားနှင့် အားလုံးထက်ပိုပြီး မြင့်တက်နေသော ခန္ဓာကိုယ်နှင့် ခေါင်းတို့မှာ ပစ်ခတ်သူအတွက် ပိုပြီးရွေးချယ်ခွင့် ရှိနေလေတယ်။ ကြောက်တယ်။ သေမှာကိုတော့ ကျွန်တော်ပိုပြီး ကြောက်တယ်။ ပိုပြီးဆိုသည်က ပစ်ခတ်မှုတွေက ကျွန်တော်တို့ ခေါင်းခန်းက လူနှစ်ဦးကို ထိလို့သွားလေပြီ။ ဒီအပြင့် ကျွန်တော်တို့ ကားကိုလည်း ကျည်ဆန်အချို့ လာရောက်ထိမှန်နေတယ်။ လေးပေသာသာ အကွာအဝေးရှိသည့် ကျည်ဆန်ကျရာနေရာနှင့် ကျွန်တော်က အနီးစပ်ဆုံး ရောက်ရှိလို့ လာချေပြီ။
 
အသက်အန္တရာယ်က ကိုယ်ထင်ထားတာထက် စိုးရိမ်ရသည့်အခြေအနေ၏ အမြင့်ဆုံးအမှတ်ကို ရောက်နေတဲ့အပြင် မလှမ်းမကမ်းက လက်နက်ကြီးကျလာသည်ကိုလည်း တွေ့နေရပြီ။ ကျွန်တော့်စိတ်ထဲ ဘာမှမမြင်ရတော့။ ရသမျှဘုရားစာကိုသာ အသာကုန် ရွတ်ဆိုတော့တယ်။ ယာဉ်တန်းပါသူ အားလုံးကလည်း တိတ်ဆိတ်လို့နေပြီ ကလေးငယ်တစ်ဦးရဲ့ ငိုသံမှလွဲလို့ရယ်ပေါ့။ ကလေးအမေဖြစ်တဲ့သူကို အားလုံးက တိတ်တဆိတ် အပြစ်တင်နေကြသည်။ အဝတ်စတစ်ခုက ကလေးပါးစပ်ကို ဖုံးအုပ်လိုက်သည် 
မရ။ နို့ထုတ်တိုက်တယ်။ အလုပ်မဖြစ်။ တစ်နှစ် အရွယ်ကလေးလေးလည်း ကြောက်လို့နေမည်ဟု ကျွန်တော်ကတော့ မှတ်ချက်ပေးလိုက်မိသည်။
 
ကျည်ဆန်ထိသွားသူ ကားဆရာနှင့် ကြက်ခြေနီတစ်ဦးကတော့ လမ်းမပေါ်ရှိ မြောင်းကျဉ်းလေးသို့ ခုန်ဆင်းလာသည်။ သွေးအလိမ်းလိမ်းနှင့် မျက်နှာတစ်ခုလုံး နီမြန်းနေသည်က မိမိကြောက်စိတ်ကို အမြင့်ဆုံးအခြေအနေသို့ ထပ်မံပို့ဆောင်လိုက်တယ်။ 
လိုက်ပါလာသူ အားလုံးမှာလည်း အသက်မရှိတော့သည့် ခန္ဓာကိုယ်များနှင့် ခပ်ဆင်ဆင်ရယ်။
 
“ဘယ်သူမှ ကားပေါ်က မဆင်းနဲ့။အားလုံးသေကုန်မယ်”ဟု ကုန်းကုန်းကွကွနှင့် ဝပ်တွားနေသည့် ကြက်ခြေနီအဖွဲ့ဝင်တစ်ဦး က တုန်ယင်နေသော အသံများဖြင့် အမိန့် ပေးတယ်။
 
မည်သူမျှ မတုန်မလှုပ် ရှိနေခြင်းကြောင့်လော။ သို့မဟုတ် ကားဦးခေါင်းများတွင် လေတလွင့်လွင့်ဖြင့် တိတ်ဆိတ်ငြိမ်သတ်ခြင်းကို အဖော်ပြုပေးသည့် ကြက်ခြေနီအလံ တံဆိပ်ကြီးကြောင့်လော။ မည်သို့ပင်ဆိုစေ ငါးမိနစ်ကြာလောက် တရစပ်ပစ်ခတ်မှုမှာ ငြိမ်သက်သွားလေတော့တယ်။
 
ယင်းနောက် ချင်းရွှေဟော်မှ တပ်မ ၁၁ နှင့် ဖုန်းဖြင့် ချိတ်ဆက်နိုင်ခဲ့တော့ ကားများ ပြန်ဆင်းနိုင်မည့်အခွင့်အရေး ရရှိလာတယ်။
 
“ဗိုလ်မှူး ကျွန်တော်တို့ ကြက်ခြေနီနှစ်ဦး သေနတ်ဒဏ်ရာ ထိထားတယ်။ အခု လုံထန်နားမှာ အမြန်ဆုံးကယ်မှရမယ်”ဟု ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးက မနားတမ်းသော ပါးစပ်သေနတ်ဖြင့် ပြောလို့နေပါတယ်။
 
တပ်မ(၁၁)မှ စစ်ကြောင်းဖြင့် တက်လာပြီဟု သိရှိရပြီးနောက်မှာတော့ ပစ်ခတ်ခံရမှုတွေကြောင့် ခဏတာ အသက်မဲ့သွားသော ခန္ဓာကိုယ်လည်း ပြန်လည်လှုပ်ရှားနိုင်ခဲ့ပြီး Nikon -7000 ကင်မရာလေးလည်း တစ်ချက်ချက်နဲ့ အသက်ဝင်လာခဲ့ပါတယ်။
 
ငရဲခန်းမှ အပြန်
 
သေနတ်ဒဏ်ရာ ရရှိထားသူနှစ်ဦးကိုလည်း သွေးတိတ်ရန်နှင့် သက်သာနိုင်စေရန် ပါဝင်လာခဲ့သူ ကြက်ခြေနီများက ဝိုင်းဝန်း လုပ်ဆောင်ပေးနေပြီး တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့ကားကို မောင်းမယ့်သူ မရှိတော့တဲ့အတွက် ကားဆရာကို လိုက်ရှာဖွေနေမိပါတယ်။
 
အရေးကြီးသော အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နေရပါတယ်။ ကျွန်တော်တို့ကား နာရီဝက်လောက် စောပြီးထွက်လာနိုင်ခဲ့ရင် ပစ်ခတ်ခံရမှုများက လွတ်မြောက်လာနိုင်တယ်ဟု ကြက်ခြေနီအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပေးနေပါတယ်။
 
 ပစ်ခတ်ခံရမှုကြောင့် ညာမျက်စိထဲ မှန်စများ ဝင်ရောက်ခဲ့သူ ကိုဇော်လင်းထွဋ်ကတော့“သူပဲ မောင်းမည်”ဟု စိတ်မချသောအသံများဖြင့် အော်ဟစ်ပြောဆိုနေပါတယ်။
 
တကယ်ပဲ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့် လမ်းခရီးက သိပ်မကောင်း။ အကွေ့အကောက်များပြီး ချိုင့်များပေါပါတယ်။ လွန်ခဲ့တဲ့ ခုနှစ်ရက်ခန့်က စစ်ရှောင်သူ ခြောက်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်က သာဓကအဖြစ် ရှေ့ဆက်သွားမည့်လမ်းမပေါ်မှာ မီးလောင်လျက်သား ထော်လာဂျီယာဉ်က ကြိုဆိုနေပါတယ်။
 
“ကဲ..အားလုံးထွက်မယ်”လို့ အမိန့်ပေး သံထွက်ပေါ်လာပါတယ်။ မည်သူမျှ တုံ့ပြန်မှု မပြုကြဘဲ တိတ်ဆိတ်ခြင်းတို့ဖြင့်သာ ပတ်ဝန်းကျင်ကို ပိုမိုတုန်လှုပ်စေခဲ့ပါတယ်။
 
တပ်မ (၁၁) ရဲ့ စစ်ကြောင်းကို မမြင်ရခင် အချိန်အခိုက်အတန့်ဟာ  ခိုးကိုးရာမဲ့ မိဘမဲ့ ကလေးတစ်ယောက်လို ဖြစ်နေပါတယ်။ တပ်မ (၁၁) စစ်ကြောင်းများက ကျွန်တော်တို့ နဲ့ မလှမ်းမကမ်းသို့ ရောက်ရှိလာနေပါတယ်။ အပြုံးများနဲ့ ကြိုဆိုနေသည်က ကျွန်တော် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ လိုက်ပါသူ အားလုံးဖြစ်ပါတယ်။
 
တပ်မ (၁၁) မှ ဗိုလ်မှူးကတော့ “အားလုံးထွက်ဖို့ အမြန်လုပ်တော့၊ အမြန်ဆင်းကြ၊ အောက်နားမှာ လူနာတင်ယာဉ် စောင့်နေတယ်”လို့ ပြောနေပါတယ်။
 
ယာဉ်များအားလုံးကလည်း တာဝေးအပြေးသမားတစ်ယောက်လို ချင်းရွှေဟော် ပန်းတိုင်ဆီကို အမြန်မောင်းလို့နေပါပြီ။ အချိန်က ညနေ ၄ နာရီလောက်တော့ ရှိတော့မှာပါ။ ဒေသရဲ့အအေးဓာတ်က စိမ့်လာတယ်။ ကျောချမ်းမှုကိုလည်း ပိုတိုးလာစေခဲ့ပါတယ်။ နာရီပိုင်းအတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေက အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ ချင်းရွှေဟော်ရောက်ခဲ့တော့ အိပ်မက်ဆိုးက နိုးထလို့ အမေထဘီစလေးကို  နမ်းရှုံ့လိုက်မိပါတယ်။