ရေထွက်ကုန်များ EU သို့တင်ပို့ရာတွင် သတ်မှတ်ချက်ကိုက်ညီရန် EU မှ ဓာတ်ခွဲခန်းတည်ဆောက်ပေးမည်

ရေထွက်ကုန်များ EU သို့တင်ပို့ရာတွင် သတ်မှတ်ချက်ကိုက်ညီရန် EU မှ ဓာတ်ခွဲခန်းတည်ဆောက်ပေးမည်
Published 27 February 2015
ရန်မျိုးအောင်

မြန်မာရေထွက်ကုန်များကို EU သို့တင်ပို့ရာတွင် ၎င်းတို့သတ်မှတ်ချက်နှင့်ကိုက်ညီရန် EU မှ ဓာတ်ခွဲခန်းတစ်ခုကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။"အခုဓာတ်ခွဲခန်းတွေရှိပေမယ့် ISO 17025 ရထားတဲ့ အဆင့်အတန်းဆိုလို့ ငါးလုပ်ငန်းဦးစီးကဓာတ်ခွဲခန်းတစ်ခုပဲရှိတယ်။ တခြားဟာတွေက ISO ရထားတာမရှိသေးဘူး။ ငါးဦးစီးက ဓာတ်ခွဲခန်းက ISO  ရထားပေးမယ့်လည်း EU ကတောင်းတဲ့သတ်မှတ်ချက်က အရမ်းများတယ်။ Standard က ISO ရထားပေမဲ့ EU ရဲ့သတ်မှတ်ချက်အတိုင်းမမီဘူး။ ဒါကြောင့် EU က သူတို့သတ်မှတ်ချက်နဲ့ညီတဲ့ ဓာတ်ခွဲခန်းအသစ်ဆောက်ပေးဖို့ပြောတယ်။ အခုမြေနေရာရွေးနေပါတယ်" ဟု မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးမျိုးညွန့်ကပြောကြားသည်။EU သို့ ရေထွက်ကုန်များတင်ပို့ရာတွင် Food Safety ပိုင်းကို အဓိကထားစစ်ဆေးပြီး ရေခဲနှင့် ရေသန့်ရှင်းမှုအပိုင်းတွင် EU စံနှုန်းနှင့်တိုင်းတာပါက လိုအပ်ချက်ရှိနေကြောင်း သိရသည်။"ဒီကထုတ်နေတဲ့ ငါး၊ ပုစွန်တွေက စစ်ခိုင်းတဲ့ဟာကို မစစ်နိုင်လို့ ထိုင်းကိုပို့ပြီးစစ်ရပါတယ်။ တစ်ခါစစ်ရင် ဒေါ်လာတစ်ထောင်ကျော်နဲ့ နှစ်ထောင်ကျော်လောက်ကျပါတယ်။ ဒါကို ပို့ကုန်အသင်းကပဲကျခံပြီး လတိုင်း ဓာတ်ခွဲခန်းပို့ပြီး ဓာတ်ခွဲခန်းရလဒ်တွေယူနေရပါတယ်" ဟု ဦးမျိုးညွန့်ကဆိုသည်။လက်ရှိတွင် EU အဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့ခွင့်ရရှိထားသည့် ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်သည့် စက်ရုံစုစုပေါင်း (၁၉) ရုံသာရှိကြောင်း သိရသည်။

Most Read

Most Recent