စက်မှုဇုန်လုပ်သား လုပ်ခပြဿနာနှင့်မြေကို နေလှန်းစီးပွားရှာနေကြသူများ

စက်မှုဇုန်လုပ်သား လုပ်ခပြဿနာနှင့်မြေကို နေလှန်းစီးပွားရှာနေကြသူများ
Published 27 February 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်မှာ စက်ရုံအလုပ်သမားအချို့ အခြေခံလုပ်ခလစာ တိုးပေးရေးအတွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
 
ဆန္ဒထုတ်ဖော်မှု ဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ပြေလည်မှု မရခဲ့ပါဘူး။ ဒီအတွက် အလုပ်သမားတွေဟာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အထိ ဆန္ဒပြတောင်းဆိုမှုတွေ ဆက်လက်ပြုလုပ် နေကြခဲ့ပါတယ်။ တောင်းဆိုမှုများအတွင်း အာဏာပိုင်တွေက အလုပ်သမားတွေကို ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်တယ်လို့ဆိုပြီး အင်အားသုံး ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အရေးယူဆောင်ရွက်မှုများကိုလည်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအပါအဝင် အာဏာပိုင်တွေက သတင်းထုတ်ပြန်မှုတွေ ရှိခဲ့ပါတယ်။ ညှိနှိုင်းမှုတွေမှာ မပြေလည်ခဲ့တဲ့ အကြောင်းရင်းကတော့ အလုပ်သမားတွေ တောင်းဆိုထားတဲ့ အခြေခံလုပ်ခလစာကို လက်ရှိလစာထက် တစ်ရက် ကျပ်တစ်ထောင်နှုန်း တိုးမြှင့်ပေးဖို့ဆိုတဲ့အချက်ကို နိုင်ငံခြားသားအလုပ်ရှင်ဘက်က တိုးမပေးနိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်တမ်း တွက်ကြည့်ရင် အလုပ်သမားတွေဟာ အခြေခံလစာ ကျပ်သောင်းဂဏန်းသာရှိတာကြောင့် တောင်းဆိုထားတဲ့နှုန်းကို တိုးပေးရင်တောင် ကျပ်သိန်းဂဏန်းရမယ့် လုပ်သားက အနည်းစုသာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း အလုပ်ရှင်တွေက အဲဒီနှုန်းကို တိုးမပေးနိုင်ခဲ့ပါဘူး။
 
မြေနေရာငှားရမ်းခတွေ ကြီးမြင့်
 
ဒီနေရာမှာ စဉ်းစားစရာရှိလာတာက အလုပ်ရှင်တွေ ဘာကြောင့်မတိုးနိုင်သလဲ ဆိုတာကိုပါ။ တကယ်တမ်းတွက်ကြည့်ရင် တိုးပေးဖို့ တောင်းဆိုထားတဲ့ တစ်ရက် ကျပ် ၁ဝဝဝ နှုန်းထားအရ အလုပ်သမားတစ်ဦးကို တစ်လအတွက် ကျပ်သုံးသောင်းနှုန်းသာ တိုးပေးရမှာ ဖြစ်ပါတယ်။ အဲဒီလောက်မများတဲ့ နှုန်းထားကို ဘာကြောင့် မတိုးပေးနိုင်ကြပါသလဲ။ ပြန်ကြည့်ရင် နိုင်ငံခြားသား အလုပ်ရှင်တွေဘက်ကလည်း တိုးမပေးနိုင်ရတဲ့ အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်။ လက်ရှိ ဥပဒေများအရ နိုင်ငံခြားသားတွေဟာ မြေပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီအတွက် ဒီမှာ လုပ်ငန်းလုပ်မယ်ဆို မြေကို ငှားပြီးလုပ်ကြသလို အချို့ကလည်း နာမည်ခံပြီး လုပ်ကြတာတွေရှိပါတယ်။ အထူးသဖြင့် စက်မှုဇုန်တွေက စက်ရုံမြေနေရာ ငှားရမ်းခတွေ ကြီးမြင့်နေတဲ့ အခြေအနေဟာ နိုင်ငံခြားက ရင်းနှီးမြှပ်နှံသူတွေအတွက် လုပ်သားတွေကို လုပ်ခ မတိုးပေးနိုင်တဲ့အဖြစ်ကို ရောက်စေနိုင်ပါတယ်။ တစ်လကို ကျပ်သိန်းထောင်နဲ့ချီပြီး ရှိနေနိုင်တဲ့ စက်မှုဇုန်က မြေကွက်ငှားရမ်းခတွေဟာ အလုပ်ရှင်များအတွက် လုပ်ခကို အနည်းဆုံးဈေးနဲ့သာ ပေးနိုင်တဲ့အခြေအနေကို ရောက်ရှိစေနိုင်တာပါ။ ဒါကြောင့်လည်း စက်မှုဇုန်တွေမှာ လုပ်ခတိုးမြှင့်ဖို့ လုပ်သားတွေ တောင်းဆိုမှုဖြစ်စဉ်တွေဟာ မကြာခဏ ဖြစ်ပွားနေသလို ညှိနှိုင်းမှုတွေဟာ အောင်မြင်မှု မရရှိတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ မြေငှားရမ်းခတွေအတွက် အရင်းအများကြီးသုံးထားရတဲ့ စက်ရုံလုပ်ငန်းများဟာ အမြတ်ရရှိမှုအခြေအနေအရ အလုပ်သမားများအတွက် လုပ်ခခွဲဝေမှုတွေ လျော့နည်းသွားစေနိုင်တာ အမှန်တရားဖြစ်ပါတယ်။
 
လက်လျှော့ခဲ့ကြ
 
အခုနောက်ပိုင်း နိုင်ငံရပ်ခြားက ရင်းနှီးမြှပ်နှံလိုသူတွေက စက်မှုဇုန်မြေနေရာတွေ လာရှာတဲ့အခါ မြေဈေးတွေ ခေါင်ခိုက်နေတာ၊ မြေကွက်အလွတ်တွေ ရှိနေပေမယ့် ငှားရမ်းခဈေးတွေက နိုင်ငံတကာက ဈေးတွေထက်တောင် မြင့်နေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ လက်လျှော့ကုန်ကြပါတယ်။ ဒါဟာ တကယ်ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း ဂျပန်က ရင်းနှီးမြှုပ်နှံသူတွေ ရန်ကုန်ကိုလာပြီး စက်မှုဇုန်မြေကွက်တွေ ရှာကြပါတယ်။အဲဒီလို ရှာတဲ့အခါမြေကွက်တွေ အလွတ်တွေ အများကြီးရှိပေမယ့် ဇုန်ကော်မတီတွေရဲ့ လက်ထဲမှာတော့ မြေကွက်တွေ မရှိတော့ပါဘူး။ မြေကွက်တွေဟာ ရောင်းခဲ့ပြီးတာ နှစ်တောင် အတော်ကြာပြီဖြစ်ပေမယ့် ဘာလုပ်ငန်းမှ မလုပ်ကြဘဲ မြေဈေးအတက်ကို စောင့်ပြီး ရောင်းမယ့်၊ ငှားမယ့်သူတွေရဲ့လက်ထဲ ရောက်နေပါတယ်။ အဲဒါကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြေနေရာရဖို့ အခက်အခဲကြောင့် အလုပ်အကိုင်များကို ဖန်တီးပေးနိုင်တဲ့ အထည်ချုပ်လုပ်ငန်းကဲ့သို့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံလိုသော်လည်း အဆင်မပြေခဲ့ဘူးလို့ ဂျပန်ပြင်ပကုန်သွယ်မှုအဖွဲ့ JETRO (ရန်ကုန်)ရဲ့အကြီးတန်းအရာရှိတစ်ဦးက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ ထုတ်ပြောခဲ့ဖူးပါတယ်။ ဒီလိုမျိုးပြောဆိုမှုတွေအပြင် မီဒီယာတွေရဲ့ဝေဖန်မှုများနဲ့အတူ လွှတ်တော်ထဲမှာ ကိုယ်စားလှယ်အချို့က မေးခွန်းထုတ်လာတဲ့အခါမှာတော့ စက်မှုဇုန်မြေကွက် အလွတ်များနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ထုတ်ပြန်ချက်တွေ ထုတ်လာခဲ့ကြပါတယ်။
 
၄၄၁၈ ဧက
 
အဲဒီထုတ်ပြန်ချက်ကိုတော့ ပြီးခဲ့တဲ့ ၂ဝ၁၄ အောက်တိုဘာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအရာရှိတွေ ပါဝင်စီမံခန့်ခွဲဖွယ်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များ စီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီထုတ်ပြန်ချက်ရဲ့အနှစ်ချုပ်ကတော့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်မှုဇုန် ၂၉ ခုမှာရှိနေတဲ့ စက်မှုမြေကွက် အလွတ်များနဲ့ ဂိုဒေါင်များ ဝယ်ယူပိုင်ဆိုင်ထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်း မရှိတဲ့သူတွေကို အသေးစိတ်လုပ်ငန်းစီမံချက် (Detail Business plan) များ တင်ပြဖို့နဲ့ တင်ပြနိုင်ခြင်း မရှိပါ က ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီထက် နောက်မကျဘဲ နိုင်ငံတော်သို့ ပြန်လည်အပ်နှံဖို့အတွက် ကြေညာခဲ့ပါတယ်။ သဘောကတော့ စက်မှုဇုန်မြေကွက်တွေကို လုပ်ငန်းလုပ်ဖို့အတွက် မဟုတ်ဘဲ မြေတွေကိုဝယ်ပြီး ပြန်ငှားစားဖို့၊ ပြန်ရောင်းဖို့ လုပ်နေတဲ့သူတွေကို လုပ်ငန်းလုပ်ရင်လုပ်၊ မလုပ်ရင် ပြန်သိမ်းမယ်ဆိုတဲ့ သတိပေးချက် ဖြစ်ပါတယ်။ တရားဝင်ထုတ်ပြန်ချက်များအရတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက စက်မှုဇုန် ၂၉ ခုအတွင်း လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသေးတဲ့ စက်မှုမြေကွက် အလွတ် ၂၃၃၉ ကွက်နဲ့ ဂိုဒေါင် ၁၂၉၉ လုံး ရှိနေပြီး အဲဒီမြေကွက်လွတ်နဲ့ ဂိုဒေါင်များရဲ့ ဧရိယာဟာ ၄၄၁၈ ဧက ကျော် ရှိနေတယ်လို့ ပါရှိခဲ့ပါတယ်။ အဲဒီစက်မှုဇုန်မြေကွက်များကို ပိုင်ဆိုင်ထားသူများဟာ ယခင်ဝယ်ယူစဉ်က သဘောတူ လက်မှတ်ရေးထိုးထားခဲ့တဲ့ စက်မှုလက်မှုလုပ်ငန်းအတွက် မြေအသုံးပြုခွင့် အမိန့်မှာ မြေကွက်ရရှိပြီးတဲ့နေ့မှ သုံးလအတွင်း အဆောက်အအုံဆောက်လုပ်ပြီး စတင်အသုံးပြုရမယ်လို့ ပါရှိခဲ့ပေမယ့် အချို့မြေကွက်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကအတိုင်း မြေကွက်အလွတ်သာ ရှိနေသေးတာ ဖြစ်ပါတယ်။
 
ဒါ့အပြင် ထုတ်ပြန်ချက်မှာ အသေးစိတ်လုပ်ငန်းစီမံချက် (Detail Business plan) များကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ ရက် နောက်ဆုံးထားပြီး တင်သွင်းရမယ်လို့ ပါရှိခဲ့ပါတယ်။ သို့ပေမဲ့လည်း နောက်ပိုင်းမှာ တင်သွင်းရမယ့် ရက်ကို နောက်ဆုတ်ပေးခဲ့တယ်လို့ ကြားသိခဲ့ရပါတယ်။ သို့ပေမဲ့ ကြေညာချက်မှာ ပါဝင်တဲ့ လုပ်ငန်းမလုပ်ရင် ပြန်အပ်ရမယ့် နောက်ဆုံးရက်အထိ လုပ်ငန်းစီမံချက် တင်ပြတဲ့သူတွေ ဘယ်နှစ်ယောက်ရှိသလဲ၊ မတင်ပြနိုင်တဲ့သူတွေ ဘယ်လောက်ရှိနေသလဲ၊ မတင်ပြတဲ့ မြေကွက်တွေကို ပြန်သိမ်းမှာလားဆိုတာတွေကို စက်မှုဇုန်များ စီမံခန့်ခွဲရေးကော်မတီက ဘာတစ်ခုမှ တရားဝင်မထုတ်ပြန်သေးပါဘူး။ တကယ်တော့ ရန်ကုန်မှာ ဖော်ထုတ်ထားပြီးဖြစ်တဲ့ စက်မှုဇုန်မြေကွက်ပေါင်း ၁ဝ၃ဝဝ ကွက်ရှိနေတာကြောင့် ဂိုဒေါင်ဆောက်လုပ်ထားတဲ့ မြေများ မပါသေးဘဲ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတဲ့ စက်မှုဇုန်မြေကွက်များဟာ ဖော်ထုတ်ထားတဲ့မြေကွက်အားလုံးရဲ့ ရာခိုင်နှုန်း ၂ဝ နီးပါး အထိရှိနေတာ ဖြစ်ပါတယ်။ ဒီလောက်အထိ ကိုယ်တိုင်လုပ်ငန်းမလုပ်ဘဲ ငှားစားဖို့ တက်ဈေးနဲ့ ပြန်ရောင်းမယ့် မြေကွက်တွေ ရှိနေတာကြောင့် စက်ရုံလုပ်ငန်းရှင်တွေ အခက်အခဲဖြစ်လောက်အောင် မြေဈေးနှုန်းတွေ ခေါင်ခိုက်အောင် ဖြစ်နေရတာ မဆန်းတဲ့ဖြစ်ရပ်ပါ။ ပြည်တွင်းအခွန်များ ဦးစီးဌာနကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ ရန်ကုန်စက်မှုဇုန်များရဲ့ အမြင့်ဆုံး မြေဈေးတစ်ဧက ကျပ်သိန်း ၂ဝဝဝ နီးပါးရှိ နေပေမယ့် လက်တွေ့မှာတော့ အဲဒီနှုန်းထက် နှစ်ဆမှ လေးဆအတွင်း ဈေးပေါက်လျက်ရှိနေတာကြောင့် ဧကများစွာ လိုအပ်တဲ့စက်ရုံတွေအတွက် စက်မှုဇုန်မြေဈေးတွေ ခေါင်ခိုက်နေမှုက ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
 
 ဒီအတွက် ရင်းနှီးငွေ၊ အမြတ်ငွေနဲ့ ဆက်စပ်နေတဲ့ အလုပ်သမားများရဲ့လုပ်ခတိုးပေးဖို့ တောင်းဆိုနေတဲ့ပြဿနာများကို ဖြေရှင်းပေးဖို့ဆိုရင် အနည်းဆုံး လုပ်ခသတ်မှတ်ချက်တွေ လိုအပ်သလို ရင်းနှီးမြှုပ်နှံသူတွေအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထွေထွေကုန်ကျစရိတ် (မြေငှားရမ်းခလို ကုန်ကျစရိတ်)တွေ လျှော့ချနိုင်ဖို့ အစီအမံတွေ ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ အလုပ်ရှင်တွေအနေနဲ့ ခေတ်ကာလနဲ့ လျော်ညီတဲ့ လုပ်ခတွေပေးနိုင်ဖို့ အလားအလာတွေ ရှိလာမှာပါ။ ဒါမှမဟုတ်ရင်တော့ အရင်းအနှီးများတာကြောင့် အလုပ်ရှင်တွေက လုပ်ခနည်းနည်းပဲ ပေးနိုင်၊ လုပ်ခနည်းလို့ လုပ်သားတွေက ဆန္ဒပြဆိုတဲ့ မဆုံးနိုင်တဲ့သံသရာက ရှိနေဦးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်မလုပ်ဘဲ စက်မှုဇုန်မြေကွက်တွေကို ဘယ်သူတွေက အပိုင်သိမ်းထားသလဲ၊ ဘယ်သူတွေက ဈေးတွေ မကြီးကြီးအောင် လုပ်နေသလဲဆိုတာတွေကို ဘယ်သူ့မျက်နှာမှမကြည့်ဘဲ ပွင့်လင်းမြင်သာမှုရှိစွာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒါမှသာ မြေဈေးတွေကျဖို့ အလားအလာတွေ ဖြစ်ပေါ်လာပြီး အလုပ်ရှင်တွေအနေနဲ့ လုပ်သားတွေကို လုပ်ခတွေ ထိုက်ထိုက်တန်တန် ပေးလာနိုင်မှာဖြစ်သလို ဖြစ်ပေါ်နေတဲ့ လုပ်ခအငြင်းပွားမှုပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် စက်မှုဇုန်မြေတွေဝယ်ပြီး အလုပ်မလုပ်ဘဲ တက်ဈေးကို မျှော်ကာ မြေကိုနေလှန်းပြီး စီးပွားရှာနေတဲ့ ပြဿနာတွေကို တာဝန်ရှိနေသူများက ထိရောက်စွာ ဖြေရှင်းမဆောင်ရွက်သရွေ့သွယ်ဝိုက်သောအားဖြင့် အလုပ်ရှင်များနဲ့ အလုပ်သမားများရဲ့လုပ်ခပြဿနာများဖြစ်ပွားနေမှာဖြစ်ပါကြောင်း လုပ်ခနည်းလုပ်သားများကိုယ်စား ရေးသားတင်ပြလိုက်ရပါတယ်။