၁၆-၂-၂၀၁၅ နေ့မှာ ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဘလုတ်ညွန့်မှာ မီးကြီးလောင်သည်။ မီးဘေးဒုက္ခသည် ၈၀၀ ကျော် အိမ်ခြေ ၁၃၁ လုံး ပျက်စီးသွားသည်။ သတင်းစာကြီး တစ်စောင်ကဆိုလျှင် ခွေးတစ်ကောင် ကြောင်တစ်မြီးပါ မကျန်အောင် မီးက တောက်လောင် ဝါးမျိုသွားသည်ဟု ရေးသားထားသည်။ယင်းသို့ ဘာကြောင့် အကုန်လုံးဘာမျှ မကျန်အောင် လောင်ကျွမ်းရပါသနည်း။ လေ့လာသူတို့ အဆိုအရ စုပေါင်းရရှိသော သတင်းများအရ(က) မီးစလောင်သည့်အိမ်က မီးလောင်နေသည်ကို ပတ်ဝန်းကျင်အား အသိပေးခြင်း မရှိဘဲ ကျိတ်၍ ငြှိမ်းသတ်သည်။ ဘယ်လိုမျှ မငြိမ်းသတ်နိုင်။ လေကလည်း မီးလောင်ရာ လေပင့်ဆိုသလို ပင့်တိုက်နေသည်။ ယင်းကြောင့် မီးက ခဏချင်းပင် ပတ်ဝန်းကျင်ကို ကူးစက်သွားသည်။ ဆက်၍ ဆက်၍ မျက်စိအောက်မှာပင် တစ်အိမ်ပြီးတစ်အိမ် လောင်ကျွမ်းသွားလေသည်။ အဓိက,က ပတ်ဝန်းကျင်အကူအညီ မယူဘဲ ကျိတ်ငြှိမ်းသတ်မှု၏ အကျိုးဆက်ဖြစ်သည်ဟု သိရသည်။(ခ) ယင်းမီးလောင်ကျွမ်းသည့် နေရာတစ်ဝိုက်တွင် အိမ်ခြေသိပ်စိပ်သည်။ မီးကူးဖို့ သိပ်လွယ်သည်။ မီးလောင်လွယ်သော သက်ကယ်မိုး တဲအိမ်ဝါးအိမ်များက ခပ်များများ နေရာယူထားသည်။ ယင်းကြောင့် မီးကချက်ချင်း ဖျက်ခနဲ ကူးသွားသည်။ မီးကူး မြန်သလောက် မီးလောင်ခံရသည်။ အကျယ်အဝန်းက ပို၍ ပို၍ စိပ်လာရာ မီးသတ်၍ မနိုင်အောင် လောင်လေတော့သည်။ဘလုတ်ညွန့်တည်ရာက မြစ်နံဘေးမှာ ဖြစ်သည်။ သို့သော် မြစ်ထဲကရေကို မီးလောင်ရာ ပက်၍ရအောင် ပိုက်ထဲရေရောက်လာအောင် ရုတ်တရက် မစွမ်းဆောင်နိုင်ပါ။ မီးသတ်ကားတွေ ဝေါကနဲ ရောက်လာအောင် ကြည့်မြင်တိုင် မြို့မဘက်နှင့် စည်းခြားထားသောမြစ်က ဟန့်တားထားသည်။ အကယ်၍ လှိုင်သာယာလို တံတားအလွယ်တကူ ရှိနေပါက ဤမျှမီးမလောင်နိုင်ဟု သုံးသပ်ကြသည်။
ဆင်းရဲနွမ်းပါးမှုကို မဖျောက်ဖျက် မတိုက်ထုတ်နိုင်သမျှ ဘဝမီး(၁၁)မီးတို့က လောင်ကျွမ်းနေဦးမည်ပင်။ ဆင်းရဲမွဲတေမီးကို ဘယ်တော့ ငြိမ်းသတ်နိုင်ပါမည်နည်း . . . . .
မီးသတ်ကားတွေ မဝင်နိုင်အောင် လမ်းကို မြေတိုးချဲ့ကာ အိမ်ဆောက်ထားကြသည်က မီးကူးမြန်အောင် ပို့ပေးသလို ဖြစ်၏။ ခြုံကြည့်သောအခါ ဘလုတ်ညွန့်တစ်ကွက်လုံး ပြာကျသွားအောင် အခြေအနေက ဘက်စုံဖန်တီး ပေးထားလေသည်။စင်စစ် မီးက လောင်ချင်တိုင်း လောင်သည်တော့ မဟုတ်ပါ။ ဘလုတ်ညွန့်တစ်ဖက်ကမ်းရှိ ကြည့်မြင်တိုင် မြို့မဘက်တွင် ကျွန်တော်သည် လွန်ခဲ့သော ၅၅ နှစ်က သူငယ်ချင်းတွေနှင့်အတူ နေခဲ့ဖူးသည်။ ကျွန်တော်တို့ နေခဲ့သော အိမ်သည် လွန်ခဲ့သော အနှစ် ၆၀ က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ထိ ထိုအိမ်တစ်ဝိုက်တွင် မီးလောင်ကျွမ်းမှု လုံးဝ(လုံးဝ)မရှိပါ။ ဘာကြောင့် မီးမလောင်ရပါသနည်း။ အဖြေက ရှင်းရှင်းကလေးပင်။ ကျွန်တော်တို့နေခဲ့သော အိမ်ကို ရုတ်တရက် မီးမလောင်နိုင်အောင် စနစ်တကျ ဆောက်လုပ်ထား၍ပင်။ အလားတူ ပတ်ဝန်းကျင် အိမ်အနီးအနားက အိမ်များသည်လည်း ကျကျနန ဆောက်ထားလေရာ မီးရုတ်တရက်လောင်ဖို့မှာ ဘယ်လိုမှ မဖြစ်နိုင်၍ပင်။ဘလုတ်ညွန့် မီးလောင်မှုကြီးကို အသေးစိတ် လေ့လာသုံးသပ် ကြည့်သောအခါ ရုတ်တရက်ဆိုလျှင် မီးပေ့ါဆမှုကို အဓိက တရားခံအဖြစ် လက်ညှိုးထိုး အပြစ်ပုံချကြပေလိမ့်မည်။ အမှန်တကယ် ဆိုပါက အဓိက တရားခံ အစစ်သည် မီးပေါ့ဆမှု မဟုတ်။ မီးပေါ့ဆမှုထက် ဆိုးရွားကြီးကျယ်သော ဆင်းရဲမွဲတေမှုကြောင့် ဖြစ်သည်။ ဆင်းရဲမွဲတေသော နေမှုထိုင်မှု၊ ဆင်းရဲမွဲတေသော အိမ်ခြေအနေအထား၊ ဆင်းရဲမွဲတေသော ပတ်ဝန်းကျင် အခြေအနေ၊ ဆင်းရဲမွဲတေသော အများစုဘ၀ ရပ်တည်မှုတို့က ဘလုတ်ညွန့် မီးလောင်မှုကြီးကို ကြီးသထက်ကြီးအောင် ဖန်တီးပေးလိုက်လေသည်။ဘလုတ်ညွန့်နေ အများစုသည် ဆင်းရဲသား၊ မွဲတေသူက ကိုးဆယ်ရာနှုန်းကျော်သည်။ အတော်အသင့် နေနိုင်စားနိုင် ဝတ်နိုင်သူက လက်ချိုးရေတွက်၍ ရသည်။ဆင်းရဲမွဲတေသူတို့သည် ဓနိဝါးတို့ဖြင့် အလွယ်တကူ နေစရာ ဖွဲ့စည်းပြီးသော် ကျောခင်း၍ရလျှင် ပြီးပြီးရောဖြင့် နေကြရသူများ ဖြစ်၏။ သူတို့အိမ်ရာတို့သည် ဝါးထရံအကာ ဓနိမိုး ဝါးတိုင်တို့ဖြင့် နေ၍ရရုံ ဆောက်လုပ်ထားရလေရာ မီးဘေးဒဏ် အလွယ်တကူ လောင်လွယ်၊ စွဲလွယ်၊ ကူးလွယ်သော အမိုးအကာ၊ အခင်းအကျင်းများ ဖြစ်ကြ၏။ မီးများ တကယ်လို့လောင်ရင် တို့အိမ်ကလေး ချက်ချင်းမီးစွဲပြီး ရှိတ်ကနဲလောင်ကျွမ်း ပြာကျသွားမှာဟု တွေးပူနိုင်လောက်အောင် သူတို့၏ ဘဝပေး အခြေအနေက မပေးပါ။ ဖြစ်လာမှ ဖြစ်ရောဟု နောင်အရှည်တွေးပူနိုင်လောက်သည့် အနေအထားမျိုး ရှိမနေပေ။ ယင်းသည် မတတ်နိုင်၍ ဖြစ်လာမည့် အန္တရာယ်ကို မျိုသိပ်သည်းခံ လည်စင်းခံနေရသော အနေအထားပင် ဖြစ်၏။ တစ်နည်း ဆင်းရဲမွဲတေမှုက ပေးထားသော ဆုလာဘ်ပင်ဖြစ်၏။ယနေ့ထိ မြန်မာနိုင်ငံတွင် တံတားကြီးငယ် အသွယ်သွယ်ပေါင်း တစ်ထောင်ကျော် တည်ဆောက်ပြီးခဲ့လေပြီ။ သို့တိုင် ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဘလုတ်ညွန့်နှင့် မြို့လယ်ပန်းဆိုးတန်း တစ်ဖက်ကမ်း ဒလမြို့နယ်တို့ကို ယနေ့ထိ တံတားဆောက်ပေးခြင်း မရှိပေ။ တံတားလုံး၀ မရှိ၍ ဘလုတ်ညွန့်သို့ ကားဖြင့် မသွားနိုင်။ မီးသတ်ကားသွားဖို့ မဖြစ်နိုင်။ မော်တော်ဖြင့် မီးသတ်ကားကို တင်သွား၍ရသည် ဆိုစေဦး။ စက္ကန့်မလပ် လောင်နေသော မီးကို အချိန်လင့်မှ ရောက်ရမည့် မီးသတ်ကားက မကူးစက် မကျွမ်းအောင် မီးမဆက်အောင် မတတ်နိုင်။ မတားဆီးနိုင်။ ယင်းသည် ဘလုတ်ညွန့် မီးလောင်ပြာကျခြင်း၏ အကြောင်းတစ်ရပ်ပင်ဖြစ်၏။ ခပ်ရှင်းရှင်း ဆိုရလျှင် မီးလောင်လျှင် ယခုကဲ့သို့ ပြာပုံအတိဖြစ်သွားသော နေရာတွင် ဆင်းရဲမွဲတေသူ မဟုတ်က ကား၊ ရထားတို့ ပြည့်စုံသော ကြည့်မြင်တိုင် မြို့မဘက်ကမ်းတွင် ငါ နေပေလိမ့်မည်။ ဆင်းရဲမွဲတေ၍သာလျှင် ဤမီးကြီး လောင်ကျွမ်းဝါးမျိုခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။ကားဝင်ထွက်၍ရသောလမ်းတို့ ဘလုတ်ညွန့်မှာ မူလက ရှိခဲ့လေသည်။ ဆင်းရဲမွဲတေသူတို့သည် အိမ်သေး အိမ်ဖြစ်ရုံကလေးတွေကို ရရာမြေ ကျဉ်းကျဉ်းကလေးမှာ ဆောက်နေရာက လမ်းဘက်ကို တိုးလာကြသည်။ တစ်ပေရ တိုးလိုက် နှစ်ပေရတိုးလိုက်နှင့် ကြာသော် လမ်းမြေသည် ကျဉ်း၍ကျဉ်း၍လာရာ ကားဝင်လမ်း အဆင့်က လူသွားလမ်းကလေး အဆင့်သို့ ကျဉ်းမြောင်းသွားရလေသည်။ဆင်းရဲမွဲတေမှုကြောင့် မပြည့်စုံ၊ မလုံခြုံ၊ လူချင်းတူတူ သူချင်းမျှမျှ မနေနိုင်။ နေရာတကာမှာ ချို့တဲ့နွမ်းပါးရှာသည်။ ထိုအခါ အစစအရာရာ ရုပ်ကောစိတ်ပါ နိမ့်ကျလျက် လမ်းမြေကို တိုးချဲ့ယူငင်မိသည်ထိ စည်းဖောက်မိကြသည်။ ယင်းကြောင့် ဆင်းရဲနွမ်းပါးမှုကို မဖျောက်ဖျက် မတိုက်ထုတ်နိုင်သမျှ ဘဝမီး(၁၁)မီးတို့က လောင်ကျွမ်းနေဦးမည်ပင်။ ဆင်းရဲမွဲတေမီးကို ဘယ်တော့ ငြိမ်းသတ်နိုင်ပါမည်နည်း။