စစ်တုရင်အရှုံးကနေ အမြတ်ထုတ်ခဲ့တဲ့ ဘီလ်ဂိတ်

စစ်တုရင်အရှုံးကနေ အမြတ်ထုတ်ခဲ့တဲ့ ဘီလ်ဂိတ်
Published 26 February 2015
မောင်စံပေါ

(၁)
ဘီလ်ဂိတ် (၂၈-၁ဝ-၁၉၅၅ မွေး) ရဲ့ ချမ်းသာကြွယ်ဝမှုကို သိသူများပါတယ်။ သူ့ရဲ့ ဉာဏ်ရည်ထူးချွန် ထက်မြက်မှုကို သိသူအရေအတွက်ကတော့ ချမ်းသာကြွယ်ဝမှုကို သိသူလောက်မများပါဘူး။ ဒါလည်း ဆန်းလှတဲ့ကိစ္စမှ မဟုတ်တာ။ ကိုယ့်ပတ်ဝန်းကျင်မှာ ဓနဥစ္စာကြွယ်ဝသူဆိုရင် လူသိများတာကြည့်ရင် အရှင်းသား သိနိုင်တယ်လေ။
ငွေကြေးကြွယ်ဝသလို ဉာဏ်ကောင်းတဲ့ ဘီလ်ဂိတ်ကို ဦးနှောက်သုံး ကစားရတဲ့ကစားနည်း (Mind Sport) တစ်ခုဖြစ်တဲ့ စစ်တုရင် (Chess) မှာ ကမ္ဘာ့စစ်တုရင် ချန်ပီယံသရဖူ ရယူထားသူနဲ့ တွေ့ပေးရရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်မိတယ်။
(၂)
“အစ်ကိုကစဉ်းစားနေ သူတို့ကထိုးတောင် ပြီးသွားကြပြီ”
ညီတစ်ယောက်က ပြောတယ်။ သူ့ရဲ့မျက်လုံးထဲမှာ ပါးစပ်ကမထွက်တဲ့ စကားလုံးတွေကို မြင်နေရတယ်။ ဦးနှောက်နားနဲ့ ကြားနေရတယ်။ အဲဒါကြောင့် ခင်ဗျားကြီးတို့ အောက်ကျနောက်ကျ ဖြစ်နေတာ၊ သွားသူများနောက်၊ လာသူများနောက်၊ သေသူများရှေ့ ဆိုပြီးသူပြောနေကျစကားတွေ။ ဒီတစ်ခါတော့ ပြောရဖန်များလို့ထပ်ထပ်ပြောရမှာ စိတ်ကုန်လို့လား၊ ပြောဖို့အားမရှိတော့တာလား မသိပါဘူး၊ နှုတ်ကထုတ်မပြောတော့ဘူး။
“ဟေ၊ ဘယ်တုန်းကလဲဟ”
“မနှစ်က ဇန်နဝါရီလမှာ”
“ငါတောင် မသိလိုက်ရပါလားကွာ”
ဒီလိုနဲ့ ရှေ့မျက်နှာနောက်ထားပြီး အသနားခံရတော့တာပေါ့။ ဖတ်ပါရစေ၊ ကြည့်ပါရစေပေါ့။ ခင်ဗျာကလေးကလည်း အပြောသာ ဆိုးချင်တာ စိတ်ကောင်းတော့ ရှိရှာပါတယ်။ ကိုယ်တောင်းတာရသမို့လား။ ဒီလိုပဲပြောရမှာပ။ သတင်းစာဖြတ်ပိုင်းတွေနဲ့ ဗီဒီယိုချက်ချင်းပေးရှာတယ်။
(၃)
၂ဝ၁၄ ခုနှစ်မှာပိုင်ဆိုင်မှု ဒေါ်လာ ၇၆ ဘီလျံနဲ့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်ခဲ့တဲ့၊  မိုက်ခရိုဆော့ကုမ္ပဏီ တည်ထောင်သူ ဘီလ်ဂိတ်ဟာ SkavlanTalk Show အစီအစဉ်တစ်ခုအတွက် ၃ဝ-၁၁-၁၉၉ဝ မှာ မွေးဖွားခဲ့တဲ့ နော်ဝေနိုင်ငံသား လူငယ်ကလေး ကမ္ဘာ့စစ်တုရင်ချန်ပီယံမက် ဂနပ်စ်ကားလ်ဆင် (Magnus Carlsen) နဲ့ လျှပ်တစ်ပြက်စစ်တုရင်ပွဲ (Blitz Chess Game) တစ်ပွဲ ကစားခဲ့ပါတယ်။
၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှာ လန်ဒန်မြို့က စတူဒီယိုတစ်ခုမှာ ကစားခဲ့ကြတာ ဖြစ်ပါတယ်။ အချိန်ကန့်သတ်ချက် အနေနဲ့ ဘီလ်ဂိတ်ကို နှစ်မိနစ်ပေးပြီး ကမ္ဘာ့စစ်တုရင် ချန်ပီယံကားလ်ဆင်ကတော့ စက္ကန့် ၃ဝ ပါ။ အရှုံးအနိုင်မပေါ်ဘဲ အချိန်ကုန်သွားရင် အရင် အချိန်ကုန်သူက ရှုံးမှာဖြစ်ပါတယ်။
(၄)
စတူဒီယိုမှာလူစုံပါပြီ။ အစီအစဉ်တင်ဆက်သူက စမိတ်ဆက်ပြီးတာနဲ့ ဘီလ်ဂိတ်ကို စိန်ခေါ်လိုက်ပါတယ်။
“ခင်ဗျားရဲ့ဉာဏ်ရည်က ၁၆ဝ ကျော်တယ်လို့ ကြားဖူးထားတယ်။ ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အထူးချွန် အထက်မြက်ဆုံးသူ ဆိုတော့ ကျွန်တော်တို့ နော်ဝေနိုင်ငံက ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်တစ်ပွဲလောက် ပြိုင်ရဲရဲ့လား မသိဘူး”
“ဒီပြိုင်ပွဲကို မျှော်လင့်မထားပါဘူး။ ဒါပေမဲ့ ကျွန်တော်ပြိုင်ကြည့်ချင်ပါတယ်” လို့ ဘီလ်ဂိတ်ဟာရယ်ပြီး စိန်ခေါ်မှုကို လက်ခံလိုက်တယ်။
(၅)
ဒိုင်အဖြစ် ဆောင်ရွက်တဲ့သူက အလယ်ကုလားထိုင်မှာ နေရာယူထားပါတယ်။ မှန်စားပွဲပေါ်မှာ သစ်သားစစ်တုရင်ခုံတစ်ခုရှိပြီး သစ်သားစစ်တုရင် အရုပ်တွေ စီထားတယ်။ နံဘေးမှာကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်တံဆိပ်ပါတဲ့ ဒစ်ဂျစ်တယ်စစ်တုရင်နာရီ (Digital Chess Clock) တစ်ခုချထားပါတယ်။ ပုံမှန်အားဖြင့် နာရီချထားရင် ဒိုင်ဘက်ကိုမျက်နှာမူ နေရမှာဖြစ်ပြီး အနက်ကိုင်ကစားသူ လက်သန်ရာဘက်မှာ ထားရပါတယ်။
ကားလ်ဆင်ရော၊ ဘီလ်ဂိတ်ပါ ညာသန်သူတွေပါ။ ဒါပေမဲ့ နာရီကိုဘီလ်ဂိတ်ရဲ့ ညာဘက်မှာချထားတာ တွေ့ရပါတယ်။ ပွဲစပါပြီ။
(၆)
ပြိုင်ပွဲကို အဖြူရုပ်ကိုင်တဲ့ ဘီလ်ဂိတ်က အရင်စရွှေ့ရပါတယ်။ အမှန်ကပွဲစချိန်မှာ နာရီကိုစနှိပ်၊ အဖြူသမားရဲ့ နာရီစသွားတော့မှ အဖြူကအရုပ်ရွှေ့ပြီး နာရီနှိပ်၊ အနက်ကရွှေ့ပြီး နာရီနှိပ်ဖြစ်ရမှာ။ အခုပွဲမှာတော့ ပွဲစချိန်မှာ ဘီလ်ဂိတ်က ဘုရင်နယ်ကို နှစ်ကွက် စတက်ပြီး ကြိုတောင်ရွှေ့ထားပြီးပြီ။ ပထမဦးဆုံး ရွှေ့ကွက်အတွက် တစ်စက္ကန့်တောင် မကုန်ခဲ့ပါဘူး။
(၇)
ဘုရင်နယ်ကို နှစ်ကွက်စတက်ပြီးဘီလ် ဂိတ်ကပွဲကိုစတင်ပါတယ်။ ကားလ်ဆင်က ဘုရင်မဘက်ခြမ်းက မြင်းစခုန်ပြီး ခုခံပါတယ်။ ဘီလ်ဂိတ်ရဲ့ ရွှေ့ကွက်တွေဟာ ပြောပလောက်အောင် မမှားခဲ့ပါဘူး။ ရွှေ့ကွက် အမှတ် (၆) မှာ ရထားပြောင်း (Castling) တောင်လုပ်ပြီး လုံခြုံမှုဦးစားပေးအနေနဲ့ရွှေ့ခဲ့ပါတယ်။ (၇) ကွက်မြောက်မှာ ကားလ်ဆင်က ဈေးပေါပေါ လှည့်စားချက်တစ်ခု (A cheap trick) လို့သူ့ဘာသာခေါ်တဲ့ မြင်းခုန်ကွက် Ne5 ရွှေ့ခဲ့ပါတယ်။ (၉) ကွက်မြောက်မှာ မဟာအမှားကြီးလုပ်ခဲ့တဲ့ ဘီလ်ဂိတ်ရဲ့ ဘုရင်ဟာ ချက်ချင်းသေခဲ့ပါရော။
(၈)
အလေ့အကျင့်နဲပြီး အချိန်ဖိစီးမှုပါခံနေရတဲ့ ဘီလ်ဂိတ်ဟာ ရွှေ့ဖို့တွေဝေ နှေးကွေးနေခဲ့ပြီး ကစားကောင်ရွေးချယ်တာနဲ့ ရွှေ့ကွက်ဆုံးဖြတ်ရာမှာ ပြဿနာ ရှိနေခဲ့ပါတယ်။ ဘယ်အကောင်ကို ဘယ်အကွက်မှာချရမှန်း အမြန်မဆုံးဖြတ်နိုင် ဖြစ်ခဲ့ပါတယ်။ ကားလ်ဆင်ကတော့ သိပ်စဉ်းစားစရာမလိုဘဲ သွက်သွက်လက်လက် ကစားသွားခဲ့ပါတယ်။
ပွဲပြီးချိန်မှာ ကားလ်ဆင်ရဲ့ နာရီမှာ ၁၈ စက္ကန့်ကျန်ရှိနေသေးပြီး ဘီလ်ဂိတ်ရဲ့ နာရီမှာ ၁ မိနစ်နဲ့ ၁ဝ စက္ကန့် ကျန်ရှိနေတာ တွေ့ရပါတယ်။ ကားလ်ဆင်က ၁၂ စက္ကန့် ၉ ကွက်နဲ့ ဘီလ်ဂိတ်ကို အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။
(၉)
ပွဲအပြီးမှာ အစီအစဉ်တင်ဆက်သူက ဘီလ်ဂိတ်ကို တုတ်ထိုးအိုးပေါက် မေးလိုက်တယ်။ “ဘီလ်ဂိတ်၊ ဘယ်လိုအခြေအနေမျိုးမှာ ခင်ဗျားမထူးချွန် မထက်မြက်ဘူးလို့ ခံစားရပါသလဲ”
“ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင် ကစားတဲ့အချိန်ပေါ့” ဘီလ်ဂိတ်က သက်ပြင်းချပြီး ပြောပါတယ်။
အဲဒီအစီအစဉ်ဟာ ရုပ်သံထုတ်လွှင့်ဖမ်းယူမှု အမြင့်ဆုံးစံချိန်ကို ချိုးခဲ့တယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက သတင်းမီဒီယာတွေမှာလည်း ဒီအကြောင်းကို စိတ်ဝင်တစားရေးသား ထုတ်လွှင့်ဖော်ပြ ခဲ့ကြတယ်။ တချို့က ပွင့်ပွင့်လင်းလင်း ပဲပြောတယ်။ ဝေဖန်ကြတယ်။
“ဘီလ်ဂိတ်  အပြတ်အသတ် ရှုံးသွားတယ်။ ဘယ်လောက်ပဲ ထူးချွန်ထက်မြက်သူ ဖြစ်စေဦး ထုံအတဲ့အချိန်လည်း ရှိတာပဲ။ ဘယ်သူဘယ်ဝါပဲဖြစ်ဖြစ်၊ ဘယ်နယ်ပယ်မှာ သူဘယ်လောက်ပဲ အောင်မြင်အောင်မြင်၊ ကိုယ်မကျွမ်းကျင်တဲ့ နယ်ပယ်ရောက်ရင် သူဟာ အရှုံးကြီးရှုံးရတာပါပဲ” တဲ့။
(၁ဝ)
စစ်တုရင်ပြိုင်ပွဲမှာ ရှုံးခဲ့လို့ဆိုပြီး ဘီလ်ဂိတ်ဟာ လှောင်ရယ်ဒဏ်တွေကို ခံခဲ့ရတယ်။ ကမ္ဘာ့အထူးခြားဆုံး ဟာသအဖြစ် အပြောခံခဲ့ရတယ်။ ဒီလိုအချိန်မှာပဲ ဆော့ဖ်ဝဲဈေးကွက်မှာ စစ်တုရင်ဆော့ဖ်ဝဲ အသစ်တစ်ခု AI (Artificial Intelligence) Chess Software ရုတ်တရက် ပေါ်ထွက်လာတယ်။ စစ်တုရင် ဆော့ဖ်ဝဲရဲ့ ကြော်ငြာစာသားက “၉ ကွက်ရွှေ့ရုံနဲ့ ဘီလ်ဂိတ်ကို နိုင်ရမယ်။ ဘာကြောင့် သင်အမြန် လာစိန်မခေါ်သလဲ”  ပဲဖြစ်တယ်။
တကယ်တော့ ဘီလ်ဂိတ်ဟာ စစ်တုရင်ရှုံးလို့၊ အလှောင်ရယ်ခံရလို့ဆိုပြီး စိတ်မညစ်ခဲ့ဘူး၊ နောင်တမရခဲ့ဘူး။ ကမ္ဘာအရပ်ရပ်ကလူတွေ ဒီကိစ္စကို အလေးထားစောင့်ကြည့် နေကြတာဟာ အကောင်းဆုံးစီးပွားရေး အကွက်ပဲလို့ သူသုံးသပ်ခဲ့တယ်။ ဒါကြောင့် ကုမ္ပဏီကို ညတွင်းချင်း မေတ္တာရပ်ခံပြီး စစ်တုရင်ဆော့ဖ်ဝဲကို ရေးခိုင်းလိုက်တာ။ ဈေးကွက်ထဲ ရောက်သွားတာနဲ့ အကျိုးအမြတ်များစွာ သူပြန်ရခဲ့ပါတယ်။
(၁၁)
အနိုင်အရှုံးကို အဓိကမထားဘဲ မျှော်လင့်မထားတဲ့ စိန်ခေါ်မှုကို လက်ခံရဲခဲ့ပြီး  အရှုံးထဲကနေ အခွင့်အရေးသစ်ကို ရှာဖွေနိုင်ခဲ့တာဟာ ဘီလ်ဂိတ်ရဲ့ တကယ့်ထူးချွန် ထက်မြက်မှုဆိုတာကို လူတွေသဘောပေါက် သွားခဲ့ကြတယ်။ ဒီလိုထူးချွန် ထက်မြက်မှုကလည်း သူ့ကို ကမ္ဘာ့အချမ်းသာ အကြွယ်ဝဆုံးသူအဖြစ် အောင်မြင်စေခဲ့တာ ဖြစ်ပါတယ်။ ယူတတ်သူအတွက် ရစရာဟာ နေရာတကာမှာ ရှိနေတယ်ဆိုတာကို နမူနာပြခဲ့တာပေါ့။
 
 
 

Most Read

Most Recent