ကြက်ခြေနီကို ဘယ်သူသတ်တာလဲ

ကြက်ခြေနီကို ဘယ်သူသတ်တာလဲ
Published 26 February 2015
နန္ဒဝင်း (ဆေး-၁)

ကျွန်တော်အမြဲပြောနေကျ စကားတစ် ခွန်းရှိပါတယ်။ ဘယ်မြို့ရောက်ရောက် ဆွေမျိုးတွေချည်းလို့သာပါပဲ။ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ဆရာဝန်သိပ်ဖြစ်ချင်ခဲ့သူမို့ အသက် ၁ဝ နှစ်ကျော် ၁၁ နှစ် ကတည်းက လူနာတွေကိုပြုစုရမယ့် ရှေးဦးသူနာပြု လုပ်ငန်းတွေကို စိတ်ဝင်တစား ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း အဲဒီအချိန်ကတည်းက ကြက်ခြေနီ စေတနာ့လုပ်အားရှင်အဖြစ် တက်တက်ကြွကြွ စာရင်းပေးစတင် လုပ်ကိုင်ခဲ့ပါတယ်။ ဆရာဝန်ဖြစ် အလုပ်ထဲလည်းရောက်ရော တာဝန်နောက်ကပါလာတဲ့ ဝတ္တရားအရ ကြက်ခြေနီအသင်းရဲ့ ဥက္ကဋ္ဌတာဝန်ကိုပါ တွဲပြီးလုပ်ကိုင်ရပါတော့တယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ဖွဲ့စည်းပုံအရ သက်ဆိုင်ရာ တိုက်နယ်ဆရာဝန်နှင့် မြို့နယ်ဆရာဝန်များဟာ သက်ဆိုင်ရာ တိုက်နယ်နှင့်မြို့နယ် ကြက်ခြေနီအသင်းများရဲ့ ဥက္ကဋ္ဌအဖြစ် လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်ကိုင်ပေးရလို့ပါပဲ။
အခြားသူတွေအတွက် မပြောသာပေမယ့် ကျွန်တော်ကတော့ ငယ်စဉ်ကတည်းက စိတ်ထဲအသည်းနှလုံးထဲက ယုံကြည်သက်ဝင် လှုပ်ရှားခဲ့တဲ့အဖွဲ့ကို ဘယ်နေရာရောက်ရောက် ပြန်လည်ဦးဆောင်ခွင့်ရတာဟာ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်အနှံ့ ဘယ်ဒေသရောက်ရောက်ရောက် ရာအရပ်ကကြက်ခြေနီများနှင့် တစ်သားထဲ တရင်းတနှီး ဆောင်ရွက်ဆက်ဆံခဲ့လို့ နေရာတိုင်းမှာ အမျိုးတွေရှိတယ်လို့ ကြွေးကြော်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
မကြာသေးမီက တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်အရှေ့ပိုင်းမှာ ကြက်ခြေနီအလံတပ်ဆင်ထားတဲ့ ကြက်ခြေနီ အမှတ်အသားတွေ မြင်သာအောင်ဝတ်ဆင်ထားတဲ့ ယာဉ်တန်းနှင့်လူတွေကို ကျူးကျော်ဝင်ရောက်လာတဲ့ ကိုးကန့်လက်နက်ကိုင်တွေက ချောင်းမြောင်းပစ်ခတ်လို့ ဒဏ်ရာတွေရ ဆေးရုံတွေတက်ရတယ်လို့ သတင်းတွေ သိရှိရပါတယ်။ တစ်ကြိမ်မက နှစ်ကြိမ်သုံးကြိမ်လောက် ကြက်ခြေနီအမှတ်အသားပါ ပါရက်ကယ်နှင့် အပစ်ခံခဲ့ရပါတယ်။
ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီများနှင့် ဆေးဝန်ထမ်းများဟု သိရှိရန်နှင့် ၎င်းတို့ကို အကာအကွယ်ပေးရန် ကြက်ခြေနီ အမှတ်အသားကို ကြားနေအမှတ်အသားအဖြစ် ၁၈၆၄ ခုနှစ်ကတည်းက ပထမအကြိမ် သံတမန်များဆိုင်ရာ ညီလာခံ သဘောတူညီချက်မှာ နိုင်ငံတကာက သတ်မှတ်ပေးထားခဲ့ပါတယ်။ နောက်ပိုင်းဂျီနီဗာ သဘောတူညီချက်တွေ သတ်မှတ်တဲ့အခါ ကြက်ခြေနီ အမှတ်အသားများကို စစ်မက်ဖြစ်ပွားစဉ် ကာလများမှာ အကာအကွယ်ပေးသင့်သူများ (ဥပမာ တပ်မတော်ဆေးတပ်ဖွဲ့များ ဘုန်းတော်ကြီးများ၊ တရားဟောဆရာများနှင့် ကယ်ဆယ်ရေးအဖွဲ့များ) ကို အကာအကွယ်ပေးထားသည့် ကြားနေအမှတ်အသားအဖြစ် တရားဝင်သတ်မှတ်ခဲ့ပါတယ်။ ၎င်းတို့အားလုံးဟာ ဒဏ်ရာရသွားတဲ့ (သို့မဟုတ်) နာမကျန်းတဲ့စစ်သည်တွေ စစ်ဘေးခံရတဲ့ဒုက္ခသည်တွေရဲ့ ဆင်းရဲဒုက္ခတွေ နည်းပါးသက်သာအောင် ဆောင်ရွက်ရန်ဆိုတဲ့ လူမှုကရုဏာ ရည်ရွယ်ချက်တစ်ခုတည်းနှင့် စစ်မြေပြင်ကို ရောက်နေကြသူများ ဖြစ်ပါတယ်။
ဒါကြောင့် ဒီအမှတ်အသား ဝတ်ဆင်ထားတဲ့သူတွေကို ဘယ်လိုနည်းနှင့်မှ မတိုက်ခိုက်ဘဲ လေးလေးစားစား ဆက်ဆံကြရန် နိုင်ငံတကာ အသိအမှတ်ပြု သတ်မှတ်ထားပြီး ကမ္ဘာအနှံ့ကဖြစ်ပွားနေတဲ့ စစ်ပွဲတိုင်းမှာ လိုက်နာခဲ့ကြပါတယ်။ စေတနာ့ဝန်ထမ်း ကြက်ခြေနီအမှတ်အသား ကိုင်ဆောင်ဝတ်ဆင် ထားသူများကလည်း ကြက်ခြေနီအခြေခံမူ (၇) ချက်ဖြစ်တဲ့ လူသားချင်း စာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်းဖြစ်ခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ကမ္ဘာတစ်ဝန်းပျံ့နှံ့ခြင်းတို့ကို အခြေခံပြီး လူမှုကရုဏာကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ကိုင်ကြရပါတယ်။
အဲဒီလို အခြေခံသဘောတူညီချက်တွေ ရှိပါလျက်ကယ်နှင့် ဒီလိုအမှတ်အသား အဝတ်အစားတွေဝတ်ဆင်ကာ ကယ်ဆယ် ရေးလုပ်ငန်းတွေ လုပ်နေတဲ့သူတွေကိုမှ ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာ ဘယ်လိုမှလက်ခံနိုင်ဖွယ်ရာမရှိတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်တဲ့ ကျူးကျော်ကိုးကန့်တပ်ဖွဲ့ကိုလည်း ပြင်းပြင်းထန်ထန်ကို ရှုတ်ချမိပါတယ်။ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့လည်း တောင်းဆိုမိပါတယ်။
ကျွန်တော့်ရဲ့ ကိုယ်ပိုင်ခံယူချက်အရ ပြဿနာတစ်ခုဖြစ်ခဲ့ရင် တစ်ဖက်သူအပြစ်ကို တန်းပြောတာထက် ကိုယ်တိုင်ရဲ့ အားနည်းချက်ကိုလည်း ပြန်ရှာဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ ယခုလည်း စေတနာ့ဝန်ထမ်း ကြက်ခြေနီလူငယ်တွေ ကျည်သင့်ရတဲ့ အဖြစ်အပျက်မှာလည်း ကိုယ်တိုင်တွေရဲ့ လိုအပ်ချက်တွေကို ပြန်လည်သုံးသပ် မိပါတော့တယ်။
ကျွန်တော်တို့နိုင်ငံမှာ ကြက်ခြေနီအဖွဲ့အစည်းဟာ GONGO (government organized non governmental association) တစ်နည်းအားဖြင့် အစိုးရမှဦးဆောင် ဖွဲ့စည်းပေးထားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း ဖြစ်နေပါတယ်။
မြို့နယ်အဆင့်အသင်းခွဲ ဖွဲ့စည်းပုံမှာဆို မြို့မိမြို့ဖနှစ်ဦးကလွဲလို့ ကျန်သူတွေအားလုံးက နေရာအရ တာဝန်ယူပေးရတဲ့ အစိုးရဝန်ထမ်းတွေချည်းပါပဲ။ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးက အသင်းဥက္ကဋ္ဌ မြို့နယ်ပည ရေးမှူးနှင့် ရဲတပ်ဖွဲ့မှူးက ဒုဥက္ကဋ္ဌတွေအစချီပြီး ဘောင်ထဲကနေ အသားကျနေတဲ့သူတွေကို ဦးဆောင်တာပါပဲ။
ကြားနေအဖွဲ့အစည်း ဖြစ်ရမှာကို နိုင်ငံတော်ရဲ့အရန်အင်အားလို့ သတ်မှတ်လို သတ်မှတ် လူမှုကရုဏာလုပ်ငန်း မဟုတ်တဲ့ ပွဲဈေးတန်း စက်ဘီးစောင့်ခိုင်းတာ မဲရုံရှေ့စောင့်ခိုင်းတာ သန့်ရှင်းရေးလုပ်ခိုင်းတာတွေ ကနေအစ နောက်ဆုံး တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွေမှာ တပ်ရင်းတပ်ဖွဲ့ ပုံသဏ္ဌာန်နှင့်ချီတက်စေတဲ့အထိ ပုံစံသွင်းခံခဲ့ရပါတယ်။
အဲဒီလို အစိုးရဝန်ထမ်းတွေနှင့် ဖွဲ့စည်းအုပ်ချုပ်ခိုင်း အနှစ်သာရကိုနားမလည် ကြုံရာနေရာခိုင်းဖတ်ဖြစ် နိုင်ငံတကာမှာ အခြေခံသတ်မှတ်ပြီးသား အခြေခံမူ (၇) ချက်ကို ပြည့်ပြည့်ဝဝ နားမလည်ကြသူတွေက ဦး ဆောင်သူတွေဖြစ်လာတဲ့အခါ အများအမြင် မှာကြက်ခြေနီဆိုတာ ကြားနေအဖွဲ့ဆိုတာ ထက် အစိုးရရဲ့လက်ကိုင်တုတ်လို့မြင်သူ တွေများလာခဲ့ပါတော့တယ်။ ဒါကြောင့်လည်း ခုလိုပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အထိ ဖြစ်ပွား လာတယ်ဆိုရင်တောင် ခပ်ထန်ထန် မငြင်းဝံ့တော့ပါဘူး။
ကျွန်တော်တို့တွေ စီမံမှုမှားခဲ့လို့ ခုလိုကြက်ခြေနီလူငယ်တွေ အပစ်ခံခဲ့ရတယ် လို့တောင် ကိုယ့်ကိုယ်ကို အပြစ်တင်မိပါတယ်။ ပစ်ခတ်တဲ့သူတွေက ရာခိုင်နှုန်း ၈ဝ လောက်တာဝန်ရှိတယ်ဆိုရင် ကျန် ရာ ခိုင်နှုန်း ၂ဝ လောက်က အကာအကွယ်ပေးမှု ကြက်ခြေနီအမှတ်အသားကို တန်ဖိုးလျော့ အောင် စီမံမှုမှားခဲ့တဲ့ ကျွန်တော်တို့တွေအ ပြစ်လို့ ခံယူမိပါတော့တယ်။ ဒီလိုလည်းတွေး မိရော အပစ်ခံရသူတွေရဲ့ နာကျင်မှုတွေဟာ ကျွန်တော့်ဆီကိုကူးစက်လာသလိုတောင် ခံစားမိပါတယ်။
ကြက်ခြေနီဆိုတာ နိုင်ငံတကာကလက်ခံထားတဲ့ လူမှုအဖွဲ့အစည်း ဖြစ်ပါတယ်။ သနားခြင်းဆိုတဲ့ ကရုဏာကိုအခြေခံပြီး ဆောင်ရွက်တဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံရေး အသွေးအရောင်မပါတဲ့ ကြားနေအဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ အဖွဲ့အစည်းတစ်ခုကို စံမသိဘဲကိုယ်လိုသလို ပုံသွင်းခဲ့လို့ (နှစ်ပေါင်းများစွာ စီမံမှုအံချော်ခဲ့တဲ့အတွက်) ခု လိုအဖြစ်အပျက်မျိုးတွေ ကြုံတွေ့ရတယ်လို့ ထင်မြင်မိပါတယ်။
အမှားကိုမြင် အမှန်ပြင်တတ်ရပါလိမ့်မယ်။ ကြက်ခြေနီကိုလွတ်လပ်ခွင့် ပေးလိုက်ပါတော့။ GONGO ကနေ တကယ့် INGO ကြီးအဖြစ် အခြားနိုင်ငံတွေလို သီးသန့်ကြားနေ ရပ်တည်ပါစေတော့။ တန်ဖိုးကြီးလှတဲ့ အကာအကွယ်ပေးနိုင်မှု ကြက်ခြေနီ အမှတ် အသားကြီးကို တန်ဖိုးကျနေတာ ရပ်တန့်ပေးပါတော့။ ဆိုခဲ့သလိုပါပဲ ကြက်ခြေနီဆိုတာ ငယ်ငယ်ကတည်းက ကျွန်တော်သံယောဇဉ် ရှိတဲ့အဖွဲ့ပါ။
မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌဖြစ်ရတာလည်း အင်မတန်ကို ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ အလွမ်းတွေနှင့်ဘဲ လမ်းခွဲကြရပါ တော့မယ်။ ကြက်ခြေနီကို အစိုးရနှင့်မပတ်သက်ဘဲ သီးသန့်လူမှုကရုဏာ အသင်းကြီးအဖြစ် နိုင်ငံတကာနှင့် ရင်ပေါင်တန်း ရပ်တည်နေတာ မြင်ချင်လှပါပြီ။ ကျွန်တော်တို့တွေက ချစ်လို့ပဲဖြစ်ဖြစ် စိတ်မချလို့ပဲဖြစ်ဖြစ် အသုံးချချင်လို့ပဲဖြစ်ဖြစ် ဆက်လက်သိမ်းပိုက် ခြယ်လှယ်နေမယ်ဆိုရင် ကြက်ခြေနီကို ဘယ်သူသတ်တာလဲ Who killed Red Cross? ဆိုတဲ့မေးခွန်းကိုသာ...။
 

Most Read

Most Recent