ရယ်မောခြင်းဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ Robert Provine က ရယ်မောခြင်းသည် လူတိုင်းပိုင်ဆိုင်သော ယန္တရားတစ်ခု ဖြစ်သည်ဟုဆိုသည်။ စကြဝဠာတစ်ခုလုံးရှိ လူသားအချင်းချင်းပြောဆိုသော စကားလုံးများထဲတွင် ရယ်မောခြင်းသည်လည်း အစိတ်အပိုင်းတစ်ခု အနေဖြင့် ပါဝင်နေသည်။ အရေအတွက် ထောင်ချီသောဘာသာစကားများ၊ ထောင်ပေါင်းရာနှင့်ချီသော တိုင်းရင်းဘာသာစကားရှိနေ၊ ကွဲပြားနေစေကာမူ ရယ်မောခြင်းဘာသာစကား တစ်မျိုးတည်းကို လူတိုင်းညီတူ “ပြော” ဆိုကြသည်။ ကလေးငယ်တို့သည် စကားမပြောတတ်မီ ကတည်းက ပြုံးရယ်တတ်နေကြပြီ ဖြစ်သည်။
သုတေသီတို့၏ အဆိုအရ ရယ်မောခြင်း သို့မဟုတ် ပြုံးရယ်ခြင်းသည် ဦးနှောက်က ထိန်းညှိပေးသော လူ့အပြုအမူ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ဆိုသည်။ လူမှုဆက်ဆံရေး နယ်ပယ်တွင် မိမိ၏ ဆိုလိုရင်းရည်ရွယ်ချက်ကို သဘောပေါက်စေသည့် အချက်ပြ အမူအရာတစ်ခုလည်းဖြစ်သည်။ ရယ်မောခြင်းသည် လက်ခံသဘောတူခြင်းနှင့် အပေါင်းလက္ခဏာဆောင်သော အပြန်အလှန် ပြုမူဆက်ဆံခြင်းကို ဖော်ပြသည်။ ထို့ပြင်ကူးစက်လွယ်သော ရောဂါတစ်ခုကဲ့သို့ ရယ်မောခြင်းသည် တစ်ဖက်လူထံမှ အပေါင်းလက္ခဏာဆောင်သော တုံ့ပြန်ချက်အနေနှင့် ရယ်မောခြင်းကို နှိုးဆွကာ ရိုက်ပြန်လာတတ်သည် ဆိုသည်။
စာရေးသူ သိမ်းဆည်းထားသည့် လူသိများသော နှစ်များစွာက Reader’s Digest စာအုပ်အများအပြားထဲမှ ၁၉၆၉ ခုနှစ် နိုဝင်ဘာလထုတ်ကို ဆွဲယူကြည့်လိုက်ရာ လစဉ်ထုတ်တွင် ပါနေကျ Laughter, The Best Medicine ကဏ္ဍအား တွေ့ရသည်။ ထိုစဉ်က ကုန်သွယ်ရေးက ယင်းစာအုပ်အားပြည်ပမှ တင်သွင်းခြင်းဖြစ်ပြီး တစ်အုပ်လျှင်ရောင်း ဈေး ၂ ကျပ် ၅ဝ ပြားသာဖြစ်သည်။ (စာအုပ်ဆိုင်တွင် ယခုကျပ် ၄ဝဝဝ ဖြင့် ရောင်းနေ)။ ပြောချင်သည်မှာ ရယ်မောခြင်းနှင့် ပတ်သက်၍ သုတေသီတို့ အသေအချာ စူးစမ်းလေ့လာမှုမပြုမီကပင် ရယ်မောခြင်းသည် အကောင်းဆုံးဆေးဝါးပင် ဖြစ်ကြောင်းယင်း မဂ္ဂဇင်းကလက်ခံယူဆပြီး ဖော်ပြနေခဲ့ခြင်းသည်ပင် လေးစားချီးကျူးဖွယ်ဖြစ်ခဲ့သည်။
Reader’s Digest တွင် ပါသော ရယ်စရာစာတစ်ပုဒ်ကို ဘာသာပြန်၍ တင်ပြပါမည်။ မိသားစုတစ်စုသည် တစ်နံနက် အိပ်ရာထနောက်ကျသွားသည်။ သူတို့၏ ခြောက် နှစ်အရွယ် သမီးလေးက ကျောင်းကားမမီဘဲ ဖြစ်သွား၏။ သူ့အဖေက သမီးကိုကျောင်းသို့ အိမ်ကကိုယ်ပိုင်ကားဖြင့် မောင်းပို့ရန်နှင့် သမီးကလမ်းညွှန်ပေးရန် သဘောတူလိုက်၏။ အိမ်တန်းအချို့ကို ဖြတ်ကျော်ခဲ့ပြီးသော် ကားကိုကွေ့ရန် အဖေလုပ်သူကိုညွှန်၏။ နောက်ထပ် အိမ်ခြေအများအပြား လွန်ခဲ့သောအခါ ကားကိုကွေ့ရန် သမီးက ညွှန်ပြန်၏။ မောင်းလိုက် ကွေ့လိုက်နှင့် ၁၅ မိနစ်ခန့်ကြာပြီး နောက်သမီး၏ ကျောင်းသို့ ရောက်သွားတော့၏။ အမှန်စင်စစ်ကျောင်းနှင့် သူတို့အိမ်သည် မလှမ်းမကမ်းတွင်သာရှိကြောင်း အဖေက နောက်တော့ သိလိုက်၏။ ဘာကြောင့် ဤ မျှရှည်လျားသောလမ်းကြောင်းကို ရွေးချယ်ညွှန်ပြရသလဲဟု သမီးကိုမေးသောအခါ ကလေးက “သမီးတို့ကျောင်းကားက ဒီလမ်းကြောင်းအတိုင်းပဲ သွားနေကျမို့ သမီးက ဒီလမ်းတွေကိုပဲ သိတာကိုးဖေဖေ” ဟု ပြန်ပြောလိုက်၏။
ဤရယ်စရာဟာသသည် ရိုးရှင်းသည် ဆိုသော်လည်း အပြင်လောကရှိ တကယ့်ဘဝ တကယ့်အဖြစ်အပျက်ကို ထင်ဟပ်သော သင်ခန်းစာတစ်ခုကိုလည်း ရစေသောဟာသ စာတစ်ပုဒ်ဖြစ်သည်ဟု ဆိုနိုင်သည်။ ၁၉၆၉
ခုနှစ်အချိန်ကာလတုန်းကတော့ ဤမျှ အတွေး နက်နက်မတွေးတတ်ခဲ့။ ရယ်စရာတစ်ခုဟူ ၍ပဲသဘောထားပြီး ပေါ့ပေါ့ပါးပါးရယ်မောနေခဲ့၏။ ယခုအသက်အရွယ် အတွေ့အကြုံအားဖြင့် ရင့်ကျက်သည့် အနေအထားမျိုးနှင့် ဖြတ်သန်းလာခဲ့သော လူမှုရေး၊ နိုင်ငံရေး ဘဝများအရ မူယင်းရယ်စရာ ဟာသအပေါ် တွေးသောအတွေးသည် ပေါ့ပါးခြင်း မရှိတော့။ ပခုံးပေါ်ဝန်ထုပ်ကြီး ထမ်းထားရသကဲ့သို့ အတွေးတို့ခဲဆွဲထားသလို လေးပင်လာသည်။ နှစ်ရှည်လများလောကဓံ အထုအထောင်း၏ အောက်တွင် ပြားပြားဝပ်နေခဲ့သည့် အတွေးတို့သည် အဘယ်မှာလျှင် ပေါ့ပါးဖျတ်လတ်ပြီး ပြုံးရယ်စရာ အတွေးတစ်ခု ဖြစ်လာနိုင်ပါမည်နည်း။
လောကအမြင်ဖြင့် အဓိပ္ပာယ်ဖွင့်ပါကလည်း လူမှုရေးတွင်ဖြစ်စေ၊ နိုင်ငံရေးတွင်ဖြစ် စေရည်မှန်းချက်ပန်းတိုင် သို့မဟုတ် ဦးတည်ချက်တစ်ခုမည်သည့် တည်နေရာ၌ရှိသည်ကို သဲသဲကွဲကွဲမသိဘဲ ဟိုကွေ့ဒီကွေ့ ဝေ့ဝဲချာလည် လှည့်ပတ်သွားနေသူ တစ်ဦး၏ လုပ်ဆောင်ချက်နှင့် တူနေသည်။ သို့တည်းမဟုတ် ရည်မှန်းချက်ပန်းတိုင်ကို သိလျက်နှင့် မသိကျိုးကျွံပြုကာ ဟိုကွေ့ဒီဝိုက် အချိန်လင့်စေရန် လှည့်ဖြားသွေးဆောင် လမ်းလွှဲသံယောင် ပေးသူတစ်ဦး၏ လုပ်ရပ်နှင့် တူနေပြန်သည်ဟု ပြောမည်ဆိုလျှင် ပြောနိုင်သည်။
ပြုံးရယ်ခြင်း၊ ရယ်မောခြင်းသည် ကျန်းမာရေးနှင့် သက်ဆိုင်သည့် သွေးကြောများ၏ အလုပ်လုပ်ဆောင်မှုနှင့် ယှက်နွှယ်မှုရှိသည်ဟု ၂ဝဝ၅ ခုနှစ်တွင် ဆရာဝန်များဖြစ်ကြ သော ဒေါက်တာမိုက်ကယ်မီလာနှင့် ဒေါက်တာဝီလျံဖရိုင်းတို့က သုတေသနရလဒ် တစ်ခုအဖြစ် ထုတ်ဖော်ကြေညာ ခဲ့သည်ဆိုသည်။ ရယ်မောခြင်းဖြင့် သွေးကြောများ၏ အတွင်းသားမျက်နှာပြင် တစ်လျှောက်ကို ကျယ်စေကာ သွေးပိုမိုလည်ပတ်စေသည်။ သောကဖိစီးမှုဆိုင်ရာ ဟော်မုန်းဓာတ်ကိုလည်း လျော့နည်းစေသည်။ စိတ်ပညာရှင် Sigmund Freud ကလည်း ရယ်မောခြင်း၊ ပြုံးရယ်ခြင်းသည် စိတ်ပင်ပန်းမှုကို သက်သာစေကာ စိတ်စွမ်းအင်ကိုလည်း မြှင့်တင်ပေးသည် ဆိုသည်။
စိတ်နှင့်ကိုယ် ကျန်းမာရေးကို ဤရွေ့ဤမျှ အထောက်အကူပြုသော ပြုံးရယ်ခြင်း ကိစ္စအားလူတို့က မည်သည့်အတွက်ကြောင့် လိုလိုလားလား အသုံးမချသနည်း။ မလိုလားသည်တော့ မဟုတ်နိုင်။ လိုလိုလားလား ရှိကြသော်လည်း ပြုံးရယ်ပျော်ရွှင်နိုင်သည့် အခြေအနေမျိုးသူ၏ လူမှုဘဝလောက,က ဖန်တီးမပေး၍ပဲဖြစ်မည်။ ဥပမာအားဖြင့် အိမ်မဲ့ယာမဲ့များ၏ ဘဝကိုကြည့်ပါ။
တောနေကျေးလက် လူတန်းစားတို့အတွက် တဝမ်းတစ်ခါးစာ ရှာဖွေစားသောက်ရန် အလုပ်အကိုင်ရှားပါးလာသဖြင့် အလုပ်အခွင့်အလမ်း ပိုရရှိနိုင်မည်ဟု မျှော်လင့်ရသည့် မြို့ကြီးပြကြီးသို့ လာရောက်ရခြင်းမှာ အပြစ်မဆိုသာ။ နေစရာကျောချစရာ အိမ်ခန်းငှားရမ်းရန် ဆိုသည်မှာလည်း ငှားရမ်းခကြီးမြင့်မှုကြောင့် မဖြစ်နိုင်။ မြေကွက်မြေလွတ်များ၌ ဝင်ရောက်တဲထိုး နေထိုင်ကြရာမှ ကျူးကျော်များအဖြစ် သတ်မှတ်ဖယ်ရှားခံရသည်။ နေရာမှ ဖယ်ရှားခံရသူများတွင် သက်ကြီးရွယ်အိုများ၊ ကျောင်းနေလက်စ ကျောင်းသူကျောင်းသားများ၊ လူမမည်ကလေးများ ပါဝင်သဖြင့် အတိဒုက္ခရောက်ကြရသည်။ ယင်းသို့သော လူတန်းစားများအတွက် မျက်ရည်ပင်လယ်ထဲ မျောပါဖို့သာရှိမည်၊ ပြုံးတယ် ရယ်တယ် ဆိုတာဘာလဲဟင်ဟု မေးရမည်ကဲ့သို့ ဖြစ်နေသည်။
ပြီးတော့ လောဘ၊ ဒေါသ၊ မောဟ၊ ဒုက္ခ ဆင်းရဲခြင်းနှင့် ဆက်နွှယ်သောရာဇဝတ်အ မှုအခင်းများ တိုးမြင့်လာသည်ကိုလည်း ကြည့်ပါ။ ရန်ကုန်တိုင်း၌ တစ်ပတ်အတွင်းခိုးမှု ၁၇ ခုအနက် လေးမှုကိုသာ ဖမ်းဆီးဖြေရှင်း နိုင်ခဲ့၊ ဖော်ထုတ်နိုင်ခြင်း မရှိသေးသော လူသတ်မှု၊ ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုနှင့် အခြားဖြစ်စဉ်များစွာလည်း ရှိသေးသည် ဆို သည်။ မင်္ဂလာတောင်ညွန့်နှင့် သာကေတတို့တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်များအား ယခုထိမဖော်ထုတ် နိုင်သေးဟုဆိုသည်။
ဆင်းရဲတွင်းနက်ခြင်းကို ဖြေရှင်းသည့် နည်းလမ်းဟုထင်ရသည့် ကျေးလက်နေပြည် သူတို့ကို ငွေထုတ်ချေးမှုသည် အဖြေမှန် မဟုတ်ဟု ဝေဖန်ခံနေရသော မြစိမ်းရောင် စီမံကိန်းကို အကောင်အထည ်ဖော်ဆောင်နေပြီဆိုသည်။ ကျေးလက်နေပြည်သူများသည် မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်မှ ချေးငွေအား သမဝါယမသို့ အကြွေးဆပ်ခြင်း၊ သမဝါယမမှရသည့် ချေးငွေအား ပုဂ္ဂလိကသို့ အကြွေးပြန်ဆပ်ခြင်းစသဖြင့် အကြွေးနွံသံသရာထဲတွင် လည်ပတ်နေကြသည်ဟု ပြောသည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာများကိုရှာဖွေရန် လိုအပ်နေပြီး ငွေထုတ်ချေးပေးခြင်းဖြင့် နွမ်းပါးသည့် ပြည်သူများ လူမွေးလူတောင် ပြောင်လာမည်မဟုတ်ဟု ကုန်သည်ကြီးများအသင်းနှင့် စားသုံးသူများ အသင်းတို့က ပြောကြားခဲ့သည်။
ရယ်မောချင်ပါသော်လည်း မပြုံးမရယ်နိုင်လောက်အောင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများစွာက တားဆီးချုပ်နှောင ်ခံထားရသည့် အဖြစ်သနစ်ကို ပြည်သူများက ရှောင်လွှဲမရကြ။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာနိုင်ကြောင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေမှာ အချိန်တိုအတွင်း အကျဘက်သို့ ဦးတည်ရန်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းသည်လည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များစွာ ရှိနေသေးခြင်းကို ညွှန်ပြနေပေသည်။
နေ့စဉ် ရုန်းကန်လှုပ်ရှားနေရသော အခြေခံလူတန်းစား ပြည်သူအများစုသည် ပြုံးရယ်နိုင်ရန် မစွမ်းသာသဖြင့် တစ်ခဏတာ အာရုံပြောင်းပေးသည့် ရယ်စရာဟာသရုပ်ရှင် ဇာတ်လမ်းများအား နှစ်ခြိုက်စွဲလမ်း လာခဲ့ကြသည်။ ယခင်ကလို ဒရာမာဇာတ်လမ်းများ၊ လေးနက်မှု အပြည့်အဝရှိသော ဘဝသရုပ်ဖော် ဇာတ်လမ်းများအတွက် စိတ်ညစ်ညူးခံ၍ မကြည့်ဖြစ်ကြတော့။ စာပေလောက နယ်ပယ်တစ်ခုလုံးတွင် ဘဝသရုပ်ဖော်စာပေ၊ ရသစာပေ စသည်တို့သည်လည်း စာဖတ်သူ ကြားနေရာမရတော့ဘဲ တိမ်ကောပပျောက်နေပေပြီ။ နိစ္စဓူဝဘဝထဲတွင် ရယ်မောစရာ၊ ပျော်ရွှင်စရာကို ဘယ်မှာရှာဖွေတွေ့ရှိ ပိုင်ဆိုင်နိုင်ပါတော့မည်နည်း။
အဖြစ်အပျက်၊ အတိမ်အနက်ကြား
ရင့်ကျက်နယ်ဆုံး၊ ငါ့အပြုံးတွေ
ကြိုးထုံးပြေလျော့၊ မှိန်ဖျော့ စိတ်နာ
လိပ်ပြာတောင်ပံကျိုးခဲ့ပြီ။ ။
( စာရေးသူ၏ "ဘယ်မှာလဲ ပြုံးခြင်းရယ်ခြင်း" ကဗျာမှ )
ပျောက်ဆုံးသွားသော ပြုံးခြင်း၊ ရယ်ခြင်း
Most Read
Most Recent
43 min ago