ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်အထိ MIP ဆိပ်ကမ်း၊ လေဆိပ်နှင့် နယ်မြေဒေသများမှ ကျပ် ၂၄၁ သန်းကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ကုန်စည်များအား ဖမ်းဆီးအရေးယူ

ဖေဖော်ဝါရီ ၁ ရက်မှ ၂၀ ရက်အထိ MIP ဆိပ်ကမ်း၊ လေဆိပ်နှင့် နယ်မြေဒေသများမှ ကျပ် ၂၄၁ သန်းကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ကုန်စည်များအား ဖမ်းဆီးအရေးယူ
Published 25 February 2015
ချမ်းမြေ့သူ

၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂ဝ ရက်အထိ MIP ဆိပ်ကမ်း အပါအဝင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နယ်မြေဒေသများမှ ကျပ် ၂၄၁ သန်းကျော်ခန့် တန်ဖိုးရှိ အကောက်ခွန်မဲ့ ကုန်စည်များအား ဖမ်းဆီးအရေးယူမှု ပြုလုပ်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။အကောက်ခွန် ဦးစီးဌာနသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်မြေဒေသများတွင် တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိဘဲ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေ တားဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တားဆီးမှုသုံးမှု၊ ဆိပ်ကမ်းများတွင် တားဆီးမှုသုံးမှုနှင့် နယ်မြေဒေသများတွင် တားဆီးမှု ၁၉ မှု ရှိခဲ့ကြောင်း သိရသည်။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းမိသည့် ထူးခြားဖြစ်စဉ်များ အနေဖြင့် ဖေဖော်ဝါရီ ၈ ရက်တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် ခရီးသည်ထံမှ ကျပ်နှစ်သန်းခန့် တန်ဖိုးရှိ Dell တံဆိပ် ကွန်ပျူတာများကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် လေဆိပ် (ကုန်လှောင်ရုံ)၌ ပြည်ပမှ တင်သွင်းလာသည့် ဆက်သွယ်ရေး ပစ္စည်းများအား စစ်ဆေးရာ ID/LC တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ကျပ် ၄ ဒသမ ၁၁ သန်းခန့်ရှိ စက်ပိုပစ္စည်းများကို တွေ့ရှိသဖြင့် တားဆီးခဲ့ကြောင်း သိရသည်။ဆိပ်ကမ်းများတွင် ဖမ်းဆီးရမိသည့် ထူးခြားဖြစ်စဉ် အနေဖြင့်မူ ဖေဖော်ဝါရီ ၇ ရက်တွင် MIP ဆိပ်ကမ်းရှိ ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာများအား ဖွင့်ဖောက်စစ်ဆေးရာ ID/LC တွင် ကြေညာထားခြင်း မရှိသည့် ကျပ် ၄၁ ဒသမ ၃၁ သန်းခန့်ရှိ သံထည်ပစ္စည်းများကို လည်းကောင်း၊ ဖေဖော်ဝါရီ ၂ဝ ရက်တွင် MIP ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ပင် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်လာသည့် ကုန်သေတ္တာများအား ဖွင့်ဖောက်စစ်ဆေးရာ ID/LC တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ကျပ် ၂ဝ ဒသမ ၄၉ သန်းခန့်ရှိ မျက်နှာကြက်ပြားများကို တွေ့ရှိခဲ့ကြောင်း သိရသည်။နယ်မြေဒေသများတွင် ဖမ်းဆီးရမိမှု အနေဖြင့်မူ အမှုတွဲ ၁၉ တွဲရှိကာ ထူးခြားဖြစ်စဉ်များအဖြစ် ဖေဖော်ဝါရီ ၄ ရက်တွင် မိုင်းဆတ်မြို့နယ်၊ မိုင်းဆတ်-တာချီလိတ်လမ်း၊ ဆိုက်ခေါင်ကျေးရွာ မြို့အဝင်ဆိုင်းဘုတ် အနီးတွင် သယ်ယူရန် စုပုံထားသည့် ကျပ် ၃ ဒသမ ၅ သန်းခန့်ရှိ အကောက်ခွန်မဲ့ ကားတာယာများကို လည်းကောင်း၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် ၁၆ မိုင်စစ်ဆေးရေး စခန်း၌ လာရှိုးမှ မန္တလေးသို့ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ် တစ်စီးပေါ်တွင် ခရီးသည်ပစ္စည်းများနှင့် ရောနှောတင်လာဆောင်လာသည့် ပလတ်စတစ်စားပွဲခင်းများကို လည်းကောင်း တွေ့ရှိတားဆီးနိုင်ခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီ ၁ ရက်မှ ၂ဝ ရက်အထိ အကောက်ခွန်မဲ့ ပစ္စည်းများအား ဖမ်းမိရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကျပ် ၁၃ ဒသမ ၈၁ သန်းခန့်ရှိ ကုန်စည်များ ဆိပ်ကမ်းတွင် ကျပ် ၁၁၆ ဒသမ ၆၃ သန်းခန့်ရှိ ကုန်စည်များနှင့် နယ်မြေဒေသများမှ ကျပ် ၁၁၁ ဒသမ ဝ၈ သန်းခန့်ရှိ အကောက်ခွန်မဲ့ ကုန်စည်များကို အသီးသီး ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အကောက်ခွန် ဦးစီးဌာနသည် အဆိုပါ ဖမ်းမိသည့် အကောက်ခွန်မဲ့ ကုန်စည်များကို စစ်ဆေးကာ အရေးယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။