လက်ရှိ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ်ကုန်ရန် တစ်လအလိုတွင် ဒေါ်လာ ၂၄ ဒသမ ၅ ဘီလျံကျော် ကုန်သွယ်မှု ပြုလုပ်ထား

လက်ရှိ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ်ကုန်ရန် တစ်လအလိုတွင် ဒေါ်လာ ၂၄ ဒသမ ၅ ဘီလျံကျော် ကုန်သွယ်မှု ပြုလုပ်ထား
Published 25 February 2015
ချမ်းမြေ့သူ

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ်ကုန်ရန် တစ်လအလိုတွင် ဒေါ်လာ ၂၄ ဒသမ ၅ ဘီလျံကျော်အထိ ကုန်သွယ်မှု ပြုလုပ်ထားနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ပြုရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြင့်လည်း ကုန်သွယ်မှု ပြုလုပ်လျက်ရှိရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အထိ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုမှရငွေ ပမာဏမှာ ဒေါ်လာ ၆၂၇၈ သန်းကျော်ရှိပြီး သွင်းကုန်အတွက် အသုံးပြုငွေမှာ ဒေါ်လာ ၁၂၅၆၉ သန်းကျော်ရှိကြောင်း သိရသည်။နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ကုန်သွယ်မှု ပြုလုပ်ရာတွင်မူ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၃၆၆၅ သန်းကျော် ရရှိထားပြီး သွင်းကုန်တင်သွင်းမှုအတွက် ဒေါ်လာ ၂၀၈၁ သန်းကျော် အသုံးပြုထားကြောင်း သိရသည်။ ကုန်သွယ်မှု လမ်းကြောင်းနှစ်ခုပေါင်းမှ ပို့ကုန်တင်ပို့မှုမှ ရငွေ စုစုပေါင်းမှာ ဒေါ်လာ ၉၉၄၄ သန်းကျော်ရှိပြီး သွင်းကုန်အတွက် အသုံးပြုငွေမှာမူ ဒေါ်လာ ၁၄၆၅၀ သန်းကျော်ရှိပြီး စုစုပေါင်းကုန်သွယ်မှု ပမာဏမှာမူ ဒေါ်လာ ၂၄၅၉၅ သန်းကျော်(ဒေါ်လာ ၂၄ ဒသမ ၅ သန်းကျော်) ရှိကြောင်း သိရသည်။မြန်မာနိုင်ငံသည် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ မလေးရှား၊ အိန္ဒိယ၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ အမေရိကန်၊ ဟောင်ကောင်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့ဖြင့် အဓိကကုန်သွယ်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ကုန်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်၊ သစ်တောထွက်၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များကို တင်ပို့မှုရှိပြီး ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းလျက်ရှိကြောင်း သိရသည်။ယခင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု စာရင်းများအရ ပြည်ပနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၉၈၁၂ သန်းကျော် ရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုအတွက် ဒေါ်လာ ၁၂၁၅၈ သန်းကျော် အသုံးပြုခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၁၉၇၀ သန်းကျော် (ဒေါ်လာ ၂၁ ဘီလျံကျော်) ရှိကြောင်း သိရသည်။

Most Read

Most Recent