အခါမဲ့မိုးကြောင့် မကွေးတိုင်းအတွင်း ငရုတ်၊ ကြက်သွန်နှင့် ပဲစိုက်ခင်းများ ပျက်စီးကာ အထွက်နှုန်း ထက်ဝက်ကျော် ကျဆင်းဖွယ်ရှိ

အခါမဲ့မိုးကြောင့် မကွေးတိုင်းအတွင်း ငရုတ်၊ ကြက်သွန်နှင့် ပဲစိုက်ခင်းများ ပျက်စီးကာ အထွက်နှုန်း ထက်ဝက်ကျော် ကျဆင်းဖွယ်ရှိ
Published 25 February 2015
အောင်သူငြိမ်း (မကွေး)

ဇန်နဝါရီလအတွင်း ရွာသွန်းခဲ့သော အခါမဲ့မိုးများကြောင့် မကွေးတိုင်းအတွင်း မကွေး၊ ရေနံချောင်း၊ မင်းဘူး (စကု)၊ ပွင့်ဖြူ၊ စလင်း စသည့် မြို့နယ်များအတွင်းရှိ ငရုတ်၊ ကြက်သွန်၊ စားတော်ပဲနှင့် ကုလားပဲစိုက်ခင်းများ ပျက်စီးခဲ့ကာ လုံးဝမရိတ်သိမ်းရဘဲ ပျက်စီးခဲ့သော စိုက်ခင်းများ ရှိခဲ့သည့်အပြင် ကျန်ရှိသည့် စိုက်ခင်းများတွင်လည်း ပုံမှန်ထက် ထွက်နှုန်းထက်ဝက်ကျော်အထိ ကျဆင်းမည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။အဆိုပါ မြို့နယ်များအတွင်းရှိ ချောင်းများတွင် စိုက်ပျိုးခဲ့သော ကြက်သွန်စိုက်ခင်းများမှာ အခါမဲ့မိုး ရွာသွန်းမှုကြောင့် ရေမျောပါခြင်း၊ သဲဖို့ခြင်းများဖြင့် ပျက်စီးခဲ့ကြောင်း၊ ထိုသို့ ပျက်စီးမှုမရှိသော ကြက်သွန်စိုက်ခင်းများတွင် မိုးရေဝင်၍ အပင်နာခဲ့သောကြောင့် ရိတ်သိမ်းချိန်တွင် ထွက်နှုန်းထက်ဝက်ခန့် လျော့ကျမည်ဖြစ်ကြောင်း၊ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်းမြို့နယ်များအတွင်း မြေနုကျွန်းနှင့် ကိုင်းမြေများတွင် စိုက်ပျိုးခဲ့သော ကုလားပဲနှင့် စားတော်ပဲ စိုက်ခင်းများတွင်လည်း မိုးရေကြောင့် အပင်နာခြင်း၊ သီးလုံးများအတွင်း မိုးရေဝင်ရောက်မှုကြောင့် အဆန်များ အညှောက်ပေါက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုမြို့နယ်များ အတွင်းရှိ ခူးဆွတ်လက်စ ငရုတ်စိုက်ခင်းများတွင်လည်း မိုးရေမိ၍ ပျက်စီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။“ကျွန်တော်က ကုလားပဲနဲ့ စားတော်ပဲ ဧက ၂၀ လောက် စိုက်ထားတာ။ ငါးဧကလောက်က မိုးရေတွေဝပ်လို့ အကုန်ပျ က်စီးခဲ့ပါတယ်။ ကျန်တဲ့ စိုက်ခင်းတွေမှာကျတော့ စားတော်ပဲတွေက သီးလုံးထဲ မိုးရေဝင်ပြီး အညှောင့်တွေ ပေါက်ရာက အခုဆိုရင် မူလစိုက်ထားတာထက် အပင်ပေါက်တွေ အများကြီး ဖြစ်နေပါတယ်။ ရိတ်သိမ်းတော့လည်း အစေ့တွေက မိုးရေဝင်ထားတော့ ရောင်းတမ်းမဝင်တော့ပါဘူး။ ကုလားပဲပင်တွေကတော့ အပင်ခြေမှာ ရေဝပ်ခဲ့တာကြောင့် အပင်မသန်တော့တာတွေ ရှိပါတယ်။ ကုလားပဲနဲ့ စားတော်ပဲက တစ်ဧကကို ကုန်ကျစရိတ် ကျပ် ၂၀၀၀၀၀ လောက်ရှိခဲ့တော့ တောင်သူတွေ တော်တော် အထိနာကြပါတယ်” ဟု ပွင့်ဖြူ မြို့နယ် ခုံစုကျေးရွာမှ တောင်သူ ကိုဇော်ဇော်က ဆိုသည်။ ရေနံချောင်းမြို့နယ် ပင်းချောင်းအတွင်းမှ ကြက်သွန်စိုက် တောင်သူတစ်ဦးက “ရှိတဲ့ ပျိုးစေ့လေးနဲ့ ကြက်သွန်ဈေးမကောင်းတဲ့ကြားက အရဲစွန့်ပြီး စိုက်ပြန်တော့ မိုးက ဖျက်ပြန်တယ်။ မိုးက အတော်တန်လောက် ရွာတာဆိုရင်တော့ ကြက်သွန်ခင်းတွေက ကြိုက်ပေမယ့် အခုက အပင်ခြေမှာ ရေဝပ်တဲ့ထိ ရွာခဲ့တော့ အမြစ်တွေပုပ်တာတွေ၊ ရေမျောတာတွေအထိ ဖြစ်ခဲ့တာပါ။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်တုန်းကလည်း အခါမဲ့မိုးများပြီး ပင်းချောင်းတစ်ကြောလုံး ကြက်သွန်ခင်းတွေ ရေမျောခဲ့ရဖူးတယ်” ဟု ဆိုသည်။ယင်းအခါမဲ့မိုးများကြောင့် မကွေးတိုင်း ဧရာဝတီမြစ် အနောက်ဘက်ရှိ ရိတ်သိမ်းလက်စ စပါးစိုက်ခင်းများ ပျက်စီးခဲ့ကြောင်း၊ ယခု စားတော်ပဲပေါ်စ ရာသီတွင် ယခင်နှစ်များထက် ဈေးနှုန်းများ လျော့ကျနေကြောင်း၊ ကြက်သွန်ဈေးများမှာ ယခင်နှစ်က ဈေးအမြင့်ဆုံး ရာသီတွင်ပင် ဈေးအနိမ့်ဆုံးသို့ စံချိန်တင် လျော့ကျခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၅ ရက်က မကွေးဈေးကွက်တွင် ကုလားပဲတစ်တင်း ကျပ် ၁၆၀၀၀ ဝန်းကျင်နှင့် စားတော်ပဲတစ်တင်း ကျပ် ၁၉၀၀၀ ဝန်းကျင် ဈေးရှိခဲ့ကြောင်း သိရသည်။       

Most Read

Most Recent