ကချင်ပြည်နယ်တွင် ရှုံးနိုင်ခြေကို ဗျူဟာမြောက် ကျော်ဖြတ်ကြ

ကချင်ပြည်နယ်တွင် ရှုံးနိုင်ခြေကို ဗျူဟာမြောက် ကျော်ဖြတ်ကြ
Published 25 February 2015
ဒေါက်တာရန်မျိုးသိမ်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်နယ်မဲဆန္ဒနယ်များ အောင်နိုင်ရေးကို အလွန်အမင်း အာရုံစိုက်ရမည်။ ပြည်နယ်မဲဆန္ဒနယ်များတွင် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ပြုနိုင်ရေးကို ရှေ့တန်းတင်လျက် သူနိုင်ကိုယ်နိုင် ဗျူဟာခင်းနိုင်ရမည်။ ပြည်နယ်အများစုတွင် နိုင်ငံရေးအားပြတ်လျက်ရှိသော ဒီချုပ်အနေဖြင့် ပါတီတွင်းပြုပြင် ပြောင်းလဲရေး၊ တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ပြုရေးတို့ကို အမြော်အမြင်ရှိရှိ ဖော်ဆောင်နိုင်မှသာ ပြည်နယ်မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲအရှုံးကို ကာမိပြီး၊ အပြတ်အသတ် အနိုင်ရရှိရေးကို ဗျူဟာမြောက် ဦးတည်နိုင်မည် ဖြစ်သည်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကချင်ပြည်နယ် အနေအထားကို ဆန်းစစ်လျှင် အားရကျေနပ်ဖွယ် လုံးလုံးမရှိဟု သုံးသပ်နိုင်သည်။ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေးပါတီ အမှုဆောင်အဖွဲ့ အများစုတွင် နှစ်ဖွဲ့ကွဲနေခြင်းသည် သိသာမြင်သာသည့် အားနည်းချက်ဖြစ်သည်။ ကချင်ပြည်နယ်၊ မြို့နယ်အများစုတွင် ဒီချုပ်ကို ထောက်ခံသူ များပြားလင့်ကစား အကွဲအပြဲများ၊ ကြားလေသွေးမှုများ၊ သပ်လျှိုမှုများကြောင့် မဲဆန္ဒရှင်များ၏ ယုံကြည်မှုသည် ရုတ်ခြည်းကျဆင်းလျက် ရှိနေသည်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ပြည်နယ်တာဝန်ခံ ဗဟိုအလုပ်အမှုဆောင်တို့ အနေဖြင့် လာမည့်ရွေးကောက်ပွဲ မတိုင်မီ ပါတီတွင်း အကွဲအပြဲများကို စနစ်တကျ ဆန်းစစ်လျက် သူနိုင်ကိုယ်နိုင် စေ့စပ်ပေးရန်နှင့် ပါတီအောက်ခြေ အသံများကို လိုရာဆွဲ အဓိပ္ပာယ်ဖွင့်ပြီး စည်းရုံးရေးကို စနစ်တကျ မောင်းနှင်ရန် မဖြစ်မနေ စိုင်းပြင်းနိုင်မှသာ ကချင်ပြည်နယ်တွင် ခွက်ထိုးခွက်လန်အရှုံးကို ကျော်လွှားနိုင်မည် ဖြစ်သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ကချင်ပြည်နယ် ပူတာအိုခရိုင်၊ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်တို့အနက် ဗန်းမော်ခရိုင်နှင့် မိုးညှင်းခရိုင်တို့တွင် အားကောင်းသော်လည်း ပါတီဗဟို အနေဖြင့် ကျောသားရင်သား မခွဲမခြား စည်းရုံးတည်ဆောက်နိုင်မှသာ နိုင်ခြေမြင့်မားမည်ဖြစ်သည်။ ထို့အပြင် ဒီချုပ်သည် ပူတာအိုခရိုင်နှင့် မြစ်ကြီးနားခရိုင်တို့တွင် မဟာမိတ် တိုင်းရင်းသားပါတီများနှင့် ဟန်ချက်ညီညီ လက်ချင်းချိတ်နိုင်ရန် ပဓာနကျသည်။ လတ်တလော အခြေအနေတွင် ဒီချုပ်သည် ကချင်ပြည်နယ်၌ ဝါးအစည်းပြေနေသည့် အားလျော်စွာ ဗန်းမော်ခရိုင်နှင့် မိုးညှင်းခရိုင်တို့၏ အနိုင်ရရှိနိုင်ခြေသည်ပင် ရေပေါ် အရုပ်ရေးနေရဆဲ ဖြစ်သည်။ ကချင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး အလုပ်အမှုဆောင် အဖွဲ့များကို သူနိုင်ကိုယ်နိုင်မူအပေါ် အခြေပြုလျက် ရင်ကြားစေ့ ပြန်လည်ဖွဲ့စည်းနိုင်မှသာ လာမည့်ရွေးကောက်ပွဲတွင် အခြေအနေကောင်းနိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ ကြားကာလတွင် ဒီချုပ်ပါတီ ဗဟိုအနေဖြင့် ကချင်ပြည်နယ် ပါတီစည်းရုံးရေးနှင့် တည်ဆောက်ရေးကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ၊ လုပ်ပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးဖော်ဆောင်နိုင်ရန် လိုအပ် . . . . .

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများဖြစ်လျှင် ရွေးကောက်ပွဲအကြို ပါတီစည်းရုံးရေးကို ပိုမိုအထောက်အကူပြုနိုင်မည် ဖြစ်သည်။ တာဝန်ခံ ဗဟိုအလုပ်အမှုဆောင်များ အနေဖြင့် ပြည်နယ် (သို့) တိုင်းဒေသကြီးတွင် အခြေပြုနေထိုင်လျက် ပါတီစည်းရုံးရေး လုပ်ငန်းများကို အားပြုလုပ်ကိုင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာ ပြည်နယ်တာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်သည် ပြည်နယ်တွင်း ဒီချုပ်၏ ပကတိ အခြေအနေမှန်ကို သိရှိ၊ ပြုပြင်နိုင်ရေး အလျင်အမြန်၊ ဦးဆောင်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ပါတီဗဟို ခေါင်းဆောင်များ အနေဖြင့် ပါတီတွင်း အောက်ခြေအကွဲအပြဲများကို အပြောသက်သက် မဟုတ်၊ လက်တွေ့ကျကျ၊ မျှမျှတတ သူနိုင်ကိုယ်နိုင် ထိန်းညှိဖြေရှင်းနိုင်မှသာ အထူးသဖြင့် ပြည်နယ်များတွင် အပြတ်အသတ် အနိုင်ရရှိရေးကို ဦးတည်နိုင်မည် ဖြစ်သည်။ပါတီဗဟို၏ ညှိနှိုင်းဖြေရှင်းမှုသည် ကြောင်းကျိုးကင်းမဲ့လျှင်၊ တစ်ဖက်ဖက်ကို သာသာထိုးထိုး ရပ်တည်လျှင်၊ ပြည်နယ်တွင်း ပါတီ၏အကျိုးကို ရှေးရှုနိုင်ခြင်း မရှိလျှင်၊ နိုင်ငံရေးအမြင်၊ စည်းရုံးရေးအမြင်၊ ရေရှည်အမြင်တို့နှင့် ချဉ်းကပ်နိုင်ခြင်း မရှိလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပြည်နယ်များတွင် အနိုင်ရရှိနိုင်ခြေ နည်းပါးမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင် ဒီချုပ်ပါတီသည် ကချင်ပြည်နယ်၌ အပြတ်အသတ် အနိုင်ရရှိနိုင်ခြေ နည်းပါးလျက်ရှိပြီး ပါတီဗဟို အနေဖြင့် ဦးဆောင်ညှိနှိုင်းဖြေရှင်းမှု နှောင့်နှေးမည်ဆိုလျှင် ခွက်ထိုးခွက်လန် ရှုံးနိမ့်သွားနိုင်သည်အထိ တာသွားနိုင်ဖွယ်ရှိသည်ကို မျက်ခြည်မပြတ်သင့်ကြောင်း တိုက်တွန်းဆော်သြလိုပါသည်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၆ နေရာနှင့် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ် လေးနေရာတို့ကို ယှဉ်ပြိုင်ရမည် ဖြစ်သည်။ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)သည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာ၊ ပြည်နယ်လွှတ်တော် နှစ်နေရာတို့တွင် အနိုင်ရရှိခဲ့သည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဗန်းမော်မြို့နယ်များ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးနေရာနှင့် ဝိုင်းမော်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်(၂)၊ အမ်ဂျားရမ်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်(၂)၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သုံးနေရာတို့ လစ်လပ်လျက်ရှိသည်။စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)သည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ တည်ထောင်ခွင့် ရရှိခဲ့သည့် တစ်ခုတည်းသော ကချင်ပြည်နယ် အခြေပြု နိုင်ငံရေးပါတီ ဖြစ်သည်။ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီ၊ ကချင်ဒီမိုကရက်တစ် ပါတီနှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့သည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သော ကချင်ပြည်နယ် အခြေပြုနိုင်ငံရေး ပါတီများဖြစ်သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် မြို့နယ်အားလုံးတွင် ရုံးစိုက်ထားသည့် နိုင်ငံရေးပါတီကြီးများ ဖြစ်သည်။၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကချင်ပါတီ တစ်ပါတီတည်း ဖွဲ့စည်းယှဉ်ပြိုင်ခွင့် ရရှိခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲတွင် ကချင်ပါတီလေးပါတီနှင့် တိုင်းလိုင်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် ဒီချုပ်ပါတီကလည်း အင်နှင့်အားနှင့် ဝင်ပြိုင်ကြဦးမည် ဖြစ်သည်။ သို့ဖြစ်၍ လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်များ၌ ပြိုင်ဆိုင်မှုများ ပြင်းထန်လာဦးမည်မှာ ဧကန်မုချဖြစ်သည်။အချုပ်အားဖြင့်ဆိုသော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ ကြားကာလတွင် ဒီချုပ်ပါတီ ဗဟိုအနေဖြင့် ကချင်ပြည်နယ် ပါတီစည်းရုံးရေးနှင့် တည်ဆောက်ရေးကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ၊ လုပ်ပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးဖော်ဆောင်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ ပါတီဗဟို အနေဖြင့် ပါတီအောက်ခြေ၌ ဝါးအစည်းပြေနေခြင်းကို တာဝန်ခံ၊ တာဝန်ယူရမည်ဖြစ်ပြီး အလျင်အမြန်၊ ထိထိရောက်ရောက်၊ သူနိုင်ကိုယ်နိုင် ချဉ်းကပ်ဖြေရှင်းနိုင်ရေး မျက်မှောက်ပြုနိုင်မှသာ ကချင်ပြည်နယ် မဲဆန္ဒနယ်များတွင် ခွက်ထိုးခွက်လန်၊ အပြတ်အသတ် ရှုံးနိမ့်နိုင်ခြေကို ဗျူဟာမြောက် ကျော်ဖြတ်နိုင်မည် ဖြစ်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းလိုက်ရပါသည်။

Most Read

Most Recent