ကိုးကန့်တပ်ဖွဲ့ကို တပ်မတော်နှင့်ပူးပေါင်းတိုက်ခိုက်မည်ဆိုသည်မှာမဟုတ်ကြောင်း DKBA ထုတ်ပြန်

ကိုးကန့်တပ်ဖွဲ့ကို တပ်မတော်နှင့်ပူးပေါင်းတိုက်ခိုက်မည်ဆိုသည်မှာမဟုတ်ကြောင်း DKBA ထုတ်ပြန်
Published 24 February 2015

ကိုးကန့်တပ်ဖွဲ့ကို တပ်မတော်နှင့်ပူးပေါင်းတိုက်ခိုက်မည်ဆိုသည်မှာ မဟုတ်ကြောင်း ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က ဖေဖော်ဝါရီ ၂၂ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။အဆိုပါကြေညာချက်၌ အင်တာနက်သတင်း၊ မီဒီယာများတွင်ထွက်ပေါ်နေသော DKBA မှ အစိုးရတပ်နှင့်ပူးပေါင်းပြီး MNDAA ခေါ် ကိုးကန့်တော်လှန်ရေးတပ်ဖွဲ့အား တိုက်ခိုက်မည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း၊ MNDAA ခေါ် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့သည် မိမိတို့နှင့် ဘဝတူတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့နှင့်  ၎င်းတို့၏အမျိုးသားရေးဆိုင်ရာအခွင့်အရေးအတွက် ခိုင်မာစွာရပ်တည်နေသည်ကို အကြွင်းမဲ့ယုံကြည်ကြောင်း ဖော်ပြထားသည်။    သို့ဖြစ်၍ မဟာမိတ်တော်လှန်ရေး နိုင်ငံရေးအဖွဲ့အစည်းအသီးသီးနှင့် မိဘပြည်သူများ မိမိတို့အပေါ်နားလည်မှုမလွဲကြရန် တောင်းပန်အပ်ပါကြောင်းနှင့် ကိုးကန့်တပ်ဖွဲ့ခေါ် MNDAA သည် မိမိတို့နည်းတူ တိုင်းရင်းသားလူမျိုးစုတစ်ခုဖြစ်သည်ကို ပြည်သူအများသိရှိရန်ကြေညာကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။    "အရင် DKBA ကနေ နယ်ခြားစောင့် (BGF) အသွင်ပြောင်းလိုက်တဲ့တပ်ဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့တွေကထုတ်တာ။ အဲဒီလိုထုတ်တော့ ကျွန်တော်တို့အဖွဲ့ကိုလည်း အခြားအဖွဲ့တွေက ထင်ယောင်ထင်မှားဖြစ်တယ်လေ။ အဲဒါကြောင့် ပြန်ပြီးတော့ထုတ်ပြန်လိုက်တာ" ဟု DKBA ဆက်ဆံရေးအရာရှိ ဗိုလ်မှူးကြီးမောင်လေးကပြောကြားသည်။    ထို့ပြင် ကိုးကန့်ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းရင်းသားသက်သက်သာဖြစ်နေပါက ဝင်ရောက်တိုက်ခိုက်ခြင်းပြုမည်မဟုတ်ဘဲ အကယ်၍သာ နိုင်ငံခြားတိုင်းပြည်မှ ကျူးကျော်တိုက်ပွဲဖြစ်ပွားပါက မည်သည့်တိုင်းရင်းသားမဆို ခုခံကာကွယ်ရန်တာဝန်ရှိသည့်အတွက် မိမိတို့အနေဖြင့် တပ်မတော်အပါအဝင် အခြားတိုင်းရင်းသားအဖွဲ့များနှင့် ပူးပေါင်းကာကွယ်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးမောင်လေးကဆိုသည်။

Most Read

Most Recent