၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ပြုသည့်ကာလတွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လူထုတွေ့ဆုံရှင်းလင်းပွဲများကို လွှတ်တော်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်လိုဟု ရွေးကောက်ပွဲကော်မရှင်ပြောကြား

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ပြုသည့်ကာလတွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လူထုတွေ့ဆုံရှင်းလင်းပွဲများကို လွှတ်တော်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်လိုဟု ရွေးကောက်ပွဲကော်မရှင်ပြောကြား
Published 24 February 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ပြုသည့်ကာလတွင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လူထုတွေ့ဆုံရှင်းလင်းပွဲများကို သက်ဆိုင်ရာလွှတ်တော်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုကပြောကြားသည်။ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက နေပြည်တော်၌ ဖေဖော်ဝါရီ ၂၄ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၏မေးခွန်းအားဖြေကြားရာတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက "လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် လာမည့်ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးရာ၌ စာနယ်ဇင်းများတွင် ရေးသားဖော်ပြလျက်ရှိသောအသုံးအနှုန်းများဖြင့် လွှတ်တော်၊ အစိုးရ၊ ဌာနဆိုင်ရာတပ်မတော်နှင့် လူပုဂ္ဂိုလ်များကို ဝေဖန်ဟောပြောခွင့် ရှိ မရှိ" တို့နှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။"ကျွန်တော်တို့အနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးကာလမျိုးမှာ ကျွန်တော်တို့ရေးသားတာတွေ၊ ဝေဖန်တာတွေ၊ ဟောပြောမှုတွေဟာ ကျွန်တော်တို့ဒီရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့ ၁/၂၀၀၄ ပါတားမြစ်ချက် ၂၁ ချက်နဲ့ အလွန်ပဲထိခိုက်နိုင်ပါတယ်။ ဆိုလိုတာကတော့ စာနယ်ဇင်းတွေရဲ့လွတ်လပ်ခွင့်လောက်တောင် ရရှိဖို့အလားအလာကတော့မမြင်ပါဘူး" ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကဆိုသည်။"အလုပ်သမားတွေရဲ့ဘဝမညီမျှမှု၊ ဒုက္ခဆင်းရဲ၊ အနာဂတ်မသေချာမှုတွေကိုလည်း ကျွန်တော်တို့ထောက်ပြပြောဆိုတဲ့နေရာမှာလည်း အေးချမ်းစွာအလုပ်လုပ်နိုင်နေတဲ့အလုပ်သမားတွေကို နှောင့်ယှက်တယ်။ လှုံ့ဆော်တယ်ဆိုပြီး တရားစွဲခံရနိုင်ပါတယ်။ ပညာရေးဥပဒေကိုမကြိုက်ဘူးဆို ပြန်ရင်လည်း ငြိမ်းချမ်းစွာပညာသင်ကြားခွင့်အနှောင့်အယှက်ပြုတယ်ဆိုပြီးတော့ စသဖြင့် လိုရင်လိုသလို မလိုရင်မလိုသလို အရေးယူနိုင်တဲ့အတိုင်းအတာမျိုးဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲလည်းနီးလာပါပြီ။ အဲဒီမှာ တိုင်တာတောတာ တရားစွဲတာတွေ စသဖြင့် ဒီလိုပြစ်မှုတွေ၊ ကိစ္စတွေအများကြီးဖြစ်လာနိုင်ပါတယ်" ဟု ဦးဖေသန်းကဆက်လက်ပြောကြားသည်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက "လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စိစစ်အတည်ပြုပြီးလျှင် မဲဆွယ်စည်းရုံးမှုကာလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်စည်းကမ်းများအား လိုက်နာကြရပါမယ်" ဟုပြောကြားသည်။ထို့ပြင် ရွေးကောက်ပွဲဥပဒေ အခန်း (၁၃) ပါ ရွေးကောက်ပွဲပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အခန်း (၁၄) ပါ တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်မှုမရှိစေရေး လိုက်နာစောင့်ထိန်းရန်လည်းလိုအပ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုကဆိုသည်။ရွေးကောက်ပွဲမဲဆွယ်စည်းရုံးဟောပြောရာတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ်၊ သက်ဆိုင်ရာပါတီကိုယ်စားလှယ်နှင့် ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများက အခွင့်အာဏာလွှဲအပ်ခြင်းခံရသောပုဂ္ဂိုလ်တို့သည် မဲဆွယ်စည်းရုံးရန်အတွက် စုဝေးဟောပြောရာတွင်ဖြစ်စေ၊ ရေးသားပုံနှိပ်ဖြန့်ချိရာတွင်ဖြစ်စေ၊ တည်ဆဲဥပဒေများကို လိုက်နာရမည့်အပြင် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ အခန်း (၁၃) နှင့် (၁၄) တို့တွင်ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့် တရားမဲ့ပြုကျင့်မှုများကိုသိရှိနားလည်ပြီး ဥပဒေချိုးဖောက်မှုမျိုးမဖြစ်စေရေး သတိပြုဆောင်ရွက်ရမည်ဟု ၎င်းကဆက်လက်ပြောကြားသည်။ဟောပြောချက်များသည် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်လျှင် ယင်းတည်ဆဲဥပဒေအရ အရေးယူခြင်းခံရနိုင်ဖွယ်ရှိပြီး ထို့နည်းတူအခန်း (၁၄) တွင်ပါရှိသည့် တရားမဲ့ပြုကျင့်မှုတစ်ရပ်ရပ်ကိုဖောက်ဖျက်ပါက ရွေးကောက်ပွဲတွင်အနိုင်ရရှိသော်လည်း ယှဉ်ပြိုင်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာတင်သွင်း၍ အရေးယူဆောင်ရွက်ခြင်းကို ခံရနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုကပြောကြားသည်။"ရွးကောက်ပွဲမဲဆွယ်စည်းရုံးတဲ့ကာလမရောက်သေးပါဘူး။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးတဲ့ကာလမှာတော့ သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ ကော်မရှင်ရဲ့ညွှန်ကြားချက်စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ထားတာရှိသလို နိုင်ငံရေးပါတီအသီးသီးကလည်း လိုက်နာဆောင်ရွက်ဖို့ ကျင့်ဝတ်များပြုစုဆောင်ရွက်နေတာတွေရှိပါတယ်။ ဒါတွေ ကျင့်ဝတ်များအားလုံး သဘောတူညီချက်ရရင်တော့ သက်ဆိုင်ရာကျင့်ဝတ်များနဲ့အညီ ဆောင်ရွက်သွားနိုင်ကြောင်း ဖြေကြားအပ်ပါတယ်" ဟု ဦးဝင်းကိုကပြောကြားသည်။

Most Read

Most Recent