ဝှိုက်ကတ်ကိုင်ဆောင်ထားသူများဆန္ဒမဲပေးခွင့်သည် ဖွဲ့စည်းပုံနှင့်မညီကြောင်း ခုံရုံးမှဆုံးဖြတ်၍ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကိုသာမက ရွေးကောက်ပွဲဆိုင်ရာဥပဒေများကိုပါပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

ဝှိုက်ကတ်ကိုင်ဆောင်ထားသူများဆန္ဒမဲပေးခွင့်သည် ဖွဲ့စည်းပုံနှင့်မညီကြောင်း ခုံရုံးမှဆုံးဖြတ်၍ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကိုသာမက ရွေးကောက်ပွဲဆိုင်ရာဥပဒေများကိုပါပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်
Published 24 February 2015
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်၊ မျိုးမင်းထက်

ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ပြုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ဆုံးဖြတ်ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကိုသာမက ရွေးကောက်ပွဲဆိုင်ရာဥပဒေများကိုပါပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၂၄ ရက်တွင်ဆုံးဖြတ်ခဲ့သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ၏ ပုဒ်မ ၁၁ ပါ ဝှိုက်ကတ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ မညီ သဘောထားမှတ်ချက်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ ဖေဖော်ဝါရီ ၁၁ ရက်တွင်ပေးပို့ခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ၎င်းကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု လွှတ်တော်သို့အကြောင်းပြန်ခဲ့သည်။၎င်းအကြောင်းပြန်မှုတွင် "နိုင်ငံတော်အခြေခံမူများအရ နိုင်ငံတော်အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်ဟူ၍လည်းကောင်း၊ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်အချုပ်အခြာအာဏာ၏အရင်းအမြစ်မှာ နိုင်ငံသားများသာဖြစ်ပြီး နိုင်ငံသားမျာသာလျှင် ရွေးကောက်တင်မြှောက်သူ၊ ရွေးကောက်တင်မြှောက်ခံသူများဖြစ်ကြောင်း၊ သို့ဖြစ်ရာ ပုဒ်မ ၃၉၁ တွင်ပါရှိသော "ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူ" ဟုဆိုရာတွင် နိုင်ငံသားအရည်အချင်းရှိသူများကိုရည်ရွယ်ကြောင်း မြင်သာပါကြောင်း၊ ယာယီသက်သေခံလက်မှတ်ဆိုသည်မှာ အကြောင်းတစ်ရပ်ရပ်အရ အချိန်ကာလတစ်ခုအတွက် ယာယီထုတ်ပေးခြင်းသာဖြစ်သဖြင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများမှာ စိစစ်မှုခံယူရမည့်သူများဖြစ်ကြောင်း၊ ဤအခြေအနေတွင် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများအား နိုင်ငံတော်၏အချုပ်အခြာအာဏာကိုဖော်ဆောင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအရေးအရာများ၌ပါ ဝင်ခွင့်ပြုမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၊ ပုဒ်မ ၃၈ ပုဒ်မခွဲ (က)၊ ပုဒ်မ ၃၉၁ ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနေမည်ဖြစ်ပါကြောင်း၊ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများအဖြစ်ပြဋ္ဌာန်းထားခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း" ပါရှိသည်။၎င်းပြန်ကြားချက်ကို လွှတ်တော်မှဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသို့ ပြည်ထောင်စုလွှတ်တော်နာယကမှ တာဝန်ပေးအပ်ခဲ့သည့်အတွက် ဥပဒေကြမ်းပူးပေါင်းကော်မတီမှ အစီရင်ခံစာကို လွှတ်တော်သို့တင်သွင်းခဲ့ခြင်းဖြစ်သည်။အစီရင်ခံစာ၌  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေအပါအဝင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေများကိုပါပြင်ဆင်ရန် ဥပဒေကြမ်းများအဖြစ် လွှတ်တော်သို့တင်သွင်းရန် ထည့်သွင်းဖော်ပြခဲ့သည်။ထိုသို့ပြင်ဆင်ရန် အကြံပြုချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း သဘောတူလက်ခံခဲ့ကြောင်း၊ ထို့ကြောင့် ပြင်ဆင်မည့်ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းကဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း လွှတ်တော်သို့တင်ပြခဲ့သည်။၎င်းအစီရင်ခံစာနှင့်ပတ်သက်၍ အတည်ပြုမှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကဆုံးဖြတ်ခဲ့သည်။

Most Read

Most Recent