မတရားပါ ခင်ဗျာ . . .

မတရားပါ ခင်ဗျာ . . .
Published 24 February 2015
နေထွန်းနိုင်

(၁)ရွှေပြည်သာ စက်မှုဇုန် နယ်မြေက အထည်ချုပ် စက်ရုံ အလုပ်သမားတွေ လုပ်ခလစာ တိုးပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ချက် သုံးစောင် ထွက်လာပါတယ်။အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့က ထုတ်ပြန်တာပါ။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပါ တယ်။ အဲဒီနေ့မှာပဲ ဆန္ဒပြအလုပ်သမားတွေ နဲ့ ညှိနှိုင်းဆွေးနွေးမှု လုပ်ခဲ့ပါသေးတယ်။ ပြေလည်မှု မရခဲ့ပေမဲ့ သုံးရက်အတွင်း ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိပြောခဲ့ပါတယ်။သုံးရက်အကြာ ဖေဖော်ဝါရီ ၂ဝ ရက်မှာ ဆန္ဒပြ အလုပ်သမားတွေကို အင်အားသုံး အကြမ်းဖက် ဖြိုခွင်းပြီး ဖြေရှင်းခဲ့ပါတယ်။ ပြဿနာပြေလည်ရေးလမ်းစ ပိုဝေးသွားပြီး အကျည်းတန်မှု ဖြစ်ခဲ့ပါတယ်။  အခု ထွက်ရှိလာတဲ့ ထုတ်ပြန်ချက်ပါ အချက်တွေကို ကြည့်ရင်လည်း ကျန်နေတဲ့ ဆန္ဒပြအလုပ်သမားတွေကို အင်အားသုံး ဖြိုခွင်းဦးမယ့် အရိပ်အယောင် တွေ့ပါတယ်။ဒါပေမဲ့ အခုဖြစ်နေတာတွေက ကိုလိုနီခေတ်မှာ ဖြစ်ခဲ့တဲ့ အလုပ်သမားသပိတ်တွေကို သတိရစေသလို ၁၉၃၈ ခုနှစ်မှာ ပေါ်ခဲ့တဲ့ ၁၃ဝဝ ပြည့် အရေးတော်ပုံကိုလည်း အမှတ်ရစေပါတယ်။အလုပ်သမားတွေကို လူလို မဆက်ဆံ၊ ကျွန်လို ဆက်ဆံပြီး ဂုတ်သွေးစုပ်၊ အမြတ်ထုတ် ခဲ့ကြလို့ ၁၃ဝဝ ပြည့်အရေးတော်ပုံ ဖြစ်ခဲ့ရတာပါ။(၂)အလုပ်သမားသပိတ် အသွင်ဆောင်တဲ့အထိ ဖြစ်လာတဲ့ ရွှေပြည်သာ စက်မှုဇုန်နယ်မြေက အလုပ်သမားတွေရဲ့ တောင်းဆိုမှုက လုပ်ခ တိုးပေးဖို့ ဖြစ်ပါတယ်။ လူဖြစ်နေလျက်နဲ့ လူလို မနေရပဲ လုပ်ခငွေ ခေါင်းပုံ ဖြတ်ခံနေရလို့ တောင်းဆိုခဲ့တာပါ။ သူတို့ တောင်းဆိုတဲ့ ပမာဏက မများပါဘူး။ပျှမ်းမျှလစာငွေ ကျပ်တစ်သိန်း အောက်မှာပဲ ရှိနေတဲ့ သူတို့ဝင်ငွေကို တစ်နေ့ ကျပ် တစ်ထောင်နှုန်းနဲ့ တစ်လ ကျပ်သုံးသောင်း တိုးပေးဖို့ တောင်းခဲ့ပါတယ်။  ဒါဟာ တက်နေတဲ့ ကုန်ဈေးနှုန်းကို ကာမိရုံ တောင်းတဲ့ငွေကြေးပါ။ စက်ရုံပိုင်ရှင် နိုင်ငံခြားသား လုပ်ငန်းရှင်တွေက တစ်လကျပ် ကိုးထောင်ပဲ တိုးပေးမယ် ဆိုပြီး တင်းခံနေပါတယ်။ဒါတွေရဲ့ ပြဿနာအရင်းခံက အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ခြင်း မရှိသေးတဲ့အချက်ပါ။ အစိုးရ၊ လွှတ်တော်၊ သက်ဆိုင်ရာ ဝန်ကြီးဌာန သုံးခုစလုံး ပျက်ကွက်နေပါတယ်။ ဥပဒေ၊ နည်းဥပဒေ ထွက်ပြီး နှစ်နှစ်နီးပါး ကြာချိန်အထိ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် မထွက်သေးပါဘူး။ အလုပ်သမားတွေ ခေါင်းပုံဖြတ် ခံနေရပါတယ်။အနိမ့်ဆုံး လုပ်ခလစာ ဆွေးနွေးချက်တွေ အရ အလုပ်ရှင်တွေဘက်က တစ်နေ့ကို ကျပ် ငါးထောင်ပေးဖို့ သဘောတူ ထားခဲ့ပါတယ်။ အလုပ်သမားတွေ ဘက်က တောင်းခံနေတဲ့ ပမာဏက တစ်ရက်ကို ကျပ် ခုနစ်ထောင် သတ်မှတ်ပေးဖို့ပါ။ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတွေကို ကောက်ယူ ထားတဲ့ အစိုးရ စစ်တမ်းတစ်ရပ်မှာလည်း အဲဒီ ဒေသမှာရှိတဲ့ အခြေခံ အလုပ်သမား တစ်ဦးရဲ့ (ကလေးမပါ) မိသားစု စရိတ်က တစ်ရက် ကျပ်ရှစ်ထောင်ဝန်းကျင် ကုန်တယ်လို့ ဆိုထားပါတယ်။(၃)အခြေခံ အလုပ်သမား တစ်ဦးရဲ့ အများဆုံး ဝင်ငွေက ပျှမ်းမျှ တစ်ရက် ကျပ် သုံးထောင်နှုန်းထက် မပိုတာ တွေ့ရပါတယ်။ လုပ်သက် ဆယ်နှစ်နီးပါး အခြေခံ အလုပ်သမားတစ်ဦးရဲ့ တစ်လဝင်ငွေက ပျှမ်းမျှ ကျပ်တစ်သိန်းခွဲ ရှိတယ်ဆိုပေမဲ့ အခြေခံအလုပ်သမားအများစုရဲ့ တစ်လဝင်ငွေက ကျပ်ငွေ လေးသောင်းနဲ့ ရှစ်သောင်းကြားမှာပဲ ရှိပါတယ်။ဖြစ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ အခြေခံအလုပ်သမားတွေရဲ့ ဝင်ငွေ လိုက်လျောညီထွေမှု မရှိတော့ပါဘူး။ ဝမ်းဝရုံတောင် မဟုတ်တော့ပဲ ငတ်ပြတ်လုနီးပါး ဖြစ်လာပါတယ်။ ဒီအတွက် တောင်းဆိုကြတယ်။ သူတို့ တောင်းဆိုမှုတွေကို ပုံဖျက်ပြောလို့ မရပါဘူး။ဖေဖော်ဝါရီ ၂၄ ရက်မှာ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက် သုံးခုလုံးက ဆန္ဒထုတ်ဖော် တောင်းဆိုနေတဲ့ အလုပ်သမားတွေကို အပြစ်ဖို့ခဲ့ပါတယ်။တစ်ဖက်မှာလည်း အထည်ချုပ်စက်ရုံ ပိုင်ရှင် နိုင်ငံခြားသား လုပ်ငန်းရှင်တွေဘက်က ရပ်တည်ပြီး ရေးသားခဲ့ကြပါတယ်။နောက်ပြီး အလုပ်သမားတွေကို သွေးထိုး လှုံ့ဆော်သူတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။အလုပ်သမားတွေရဲ့တောင်းဆိုမှုဟာ “ဥပဒေကျော်လွန်၍ လုပ်ဆောင်နေကြခြင်း” ဆိုပြီး ပုံဖော်လာပါတယ်။ပြဿနာဖြစ်ရခြင်း အဓိကရင်းမြစ်ကို မျက်ကွယ်ပြုပြီး အခြေခံအလုပ်သမားတွေရဲ့ ပစ္စကဒုက္ခကို မသိကျိုးကျွံလုပ်သလို ဖြစ်လာပါတယ်။(၄)အဆိုးဆုံးက ထုတ်ပြန်ချက် သုံးရပ်လုံးမှာ “ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလား” ဆိုတဲ့ ပြောဆိုမှု ပုံစံ မညှာမတာ ဖော်ပြချက်တွေ ပါရှိခဲ့ပါတယ်။ ပြင်သစ်ဘုရင် လူဝီ ၁၆ (၁၇၇၄-၁၇၉၂) ရဲ့ မိဖုရား မေရီ အန်တွိုင်းနက် (Marie Antoinette)က အခွန်ငွေပိပြီး ငတ်ပြတ်နေကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြတောင်းဆိုမှုကို   “ပေါင်မုန့်မရှိရင် ကိတ်မုန့်စား”ဆိုပြီး တုံ့ပြန်ဖူးပါတယ်။ ဒီစကားကြောင့် ပြင်သစ်တော်လှန်ရေး ဖြစ်ခဲ့ရပါတယ်။အစိုးရ ထုတ်ပြန်ချက်မှာပါတဲ့ အချက်တွေကို အရပ်စကားနဲ့ ပြန်ပြောရင်“လုပ်ခတိုးဖို့ အခုလို ဆန္ဒပြနေတာတွေကို နိုင်ငံခြားသား လုပ်ငန်းရှင်တွေက စိတ်ပျက်နေပြီ။ သူတို့ မလုပ်ချင်တော့ဘူး။ သူတို့ စက်ရုံတွေ ပိတ်၊ ပြန်ထွက်သွားရင် အလုပ်လက်မဲ့ ဖြစ်ပြီး ဒုက္ခရောက်မှာ အလုပ်သမားတွေပဲ။ ဒါကြောင့် ဆန္ဒမပြကြနဲ့” ဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။  အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူလုံရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အပိုဒ် (၅) မှာ “... နိုင်ငံခြားသား လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းပြီး ပြည်ပသို့ေြ ပာင်းရွှေ့လုပ်ကိုင်ရန်သာ ဆန္ဒရှိနေကြောင်း ပြောဆို နေကြသဖြင့် ထိုသို့ ဆောင်ရွက်လာပါက အဆိုပါ စက်ရုံများတွင် အလုပ် လုပ်နေကြသည့် အလုပ်သမားများ အလုပ် လက်မဲ့ဖြစ်ပြီး ၎င်းတို့၏ စားဝတ်နေရေး အခက်အခဲ ရှိလာမည်ဖြစ်၍ ဌာနဆိုင်ရာ တာဝန် ရှိသူများက အလုပ်ရှင်များနှင့် အကျေအလည် ဆွေးနွေးပြီး လုပ်ငန်း ဆက်လက် ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်း ပေးထားပြီး ဖြစ်ပါသည်။ အလားတူပင် လုပ်ငန်းများ အေးချမ်းစွာ ဆောင်ရွက်နိုင်ရေး အတွက် အစိုးရဘက်မှ ဥပဒေနှင့်အညီ အကာအကွယ် ပေးနိုင်ရန် အတွက်လည်း အလုပ်ရှင်များက တောင်းဆိုလျက် ရှိပါသည်”လို့ဖော်ပြပါတယ်။ထုတ်ပြန်ချက် အပိုဒ်(၈)မှာ “... ဥပဒေမဲ့ အကြမ်းဖက် တောင်းဆိုမှုများကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းပြီး စက်ရုံများ ပိတ်သိမ်းသွားပါက အလုပ်လက်မဲ့ ဖြစ်မှုကြောင့် ဦးစွာ ဒုက္ခရောက်မည့် သူများမှာ အလုပ်သမားများသာ ဖြစ်သည့်အပြင်  နိုင်ငံတော် အစိုးရအပေါ် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည် အားထားမှုများလည်း လျော့ကျ သွားနိုင်သည့်အတွက် မလိုလား အပ်သည့် ဥပဒေမဲ့ဖြစ်စဉ်များ နောက်ထပ် မဖြစ်ပေါ်စေရေး အတွက် အထူးဂရုပြု ဆောင်ရွက်သွားရန် လိုအပ်ပါသည်”လို့ ဖော်ပြပါတယ်။မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းရဲ့ သဘောထားထုတ်ပြန်ချက် အပိုဒ်(၅) မှာလည်း အလုပ်ရှင်တွေကို အကာအကွယ် ပေးခဲ့ပါတယ်။“အလုပ်ရှင်များ ဘက်မှ လိုက်လျော နိုင်စွမ်း မရှိသော ဝင်ငွေ၊ ထွက်ငွေ မမျှတနိုင်သော လုပ်ခ ပိုမို တောင်းဆိုမှုများ ဖြစ်ပေါ်လာပါက အလုပ်ရှင်များဘက်မှ မလိုက်လျောနိုင်သည့် အချိန်တွင် အလုပ်သမားများက မိမိ လုပ်ခ ပိုမိုရရှိသော လုပ်ငန်းသို့ လွတ်လပ်စွာ ပြောင်းရွှေ့လုပ်ကိုင်နိုင်ခွင့် ရှိပါသည်။ ယင်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းကို အလုပ်ရှင် မှ တားဆီး ပိတ်ပင်ခြင်း မရှိစေရပါ။ အလုပ်ရှင် ဘက်မှ ဥပဒေဘောင် အတွင်းမှသာ တာဝန်ယူ လုပ်ဆောင်ပေးမည် ဖြစ်ပြီး ညှိနှိုင်း မရသော လုပ်ခ တောင်းဆိုမှုများကြောင့် ဆန္ဒပြမှု ကြာမြင့်ပြီး လုပ်ငန်း ရပ်စဲရပါက အလုပ်သမားများအတွက် နစ်နာကြေးပေးရန် အလုပ်ရှင်များတွင် တာဝန်မရှိပါ”လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းက ဆိုခဲ့ပါတယ်။(၅)ထုတ်ပြန်ချက်တွေမှာ အလုပ်သမားတွေရဲ့ လိုလားချက် ပြည့်အောင် ဘယ်လို ညှိနှိုင်း ဆောင်ရွက်ပေးမလဲ ဆိုတာကို အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။ ဒါပေမဲ့ အလုပ်ရှင်တွေ ဘယ်လိုနစ်နာနေရကြောင်းကိုတော့ သာသာထိုးထိုး ဖော်ပြခဲ့ပါတယ်။အမှန်တော့ အထည်ချုပ်စက်ရုံ လုပ်ငန်းပိုင်ရှင် နိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံမှာ အလုပ်သမားခ ဈေးပေါလို့ လာလုပ်နေကြတာပါ။ သူတို့ ပိုပေးနေရတာက စက်ရုံ၊ မြေနေရာ ငှားရမ်းခနဲ့ အခြားသော infrastructure စရိတ်တွေ ဖြစ်ပါတယ်။ ဒါတွေက အလုပ် သမားတွေနဲ့ မဆိုင်ပါဘူး။အခု အခြေခံ အလုပ်သမားတွေ တောင်းဆိုနေတဲ့ နှုန်းထားဟာ အာဆီယံနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ လုပ်ခလောက် မများသေးပါဘူး။ လုပ်သား အချင်းချင်း ကျွမ်းကျင်မှု ကွာဟချက် ပြောရလောက်အောင် မကြီးမားပါဘူး။ တန်းတူ လုပ်ကိုင်နိုင်ရည် ရှိပေမဲ့ လုပ်ခငွေ အနှိမ် ခံထားရတာပါ။ဖေဖော်ဝါရီ ၂ဝ ရက်မှာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောပါတယ်။ အာဆီယံ စံနှုန်းလိုချင်ရင် အာဆီယံ စံနှုန်းအတိုင်း လုပ်နိုင်လား၊ ဥရောပ စံနှုန်း လိုချင်ရင် ဥရောပ စံနှုန်းအတိုင်း လုပ်နိုင်လားလို့ သူက ဆိုပါတယ်။ဥရောပ စံနှုန်းတော့ မသိဘူး။ အာဆီယံ စံနှုန်းမှာတော့ မြန်မာနိုင်ငံက အလုပ်သမားတွေ လုပ်ခအနည်းဆုံး ဖြစ်ပါတယ်။အလုပ်သမားတွေကို အာဆီယံ စံနှုန်း မရှိဘူးလို့ မပြောပါနဲ့။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သောင်းချီတဲ့ မြန်မာ အင်ဂျင်နီယာတွေ၊ ထိုင်းနဲ့ မလေးရှားမှာ သွား အလုပ်လုပ်နေတဲ့ မြန်မာတွေ၊ သူတို့တွေရဲ့ လုပ်နိုင် စွမ်းအား အာဆီယံ စံနှုန်းမရှိရင် သူတိုအလုပ်ရမှာ မဟုတ်ပါဘူး။ ဆိုလိုချင်တာက မြန်မာတွေဟာ ပြောရလောက်တဲ့အထိ ညံ့နေသူတွေမဟုတ်ဘူး။ ကိုယ့်နိုင်ငံမှာ နှိမ်ခွင့်ပေးထားလို့သာ နိုင်ငံခြားသား လုပ်ငန်းရှင်တွေရဲ့ အနှိမ်ခံနေရတာပါ။ ခေါင်းပုံဖြတ် ခံနေရတာပါ။ အာဆီယံနိုင်ငံမှာ သွားလုပ်နေတဲ့ မြန်မာတွေကို ကြည့်လိုက်ပါ။ သင်လွယ် တတ်လွယ်သူတွေလို့ သတ်မှတ်ခံရတာပါပဲ။ တကယ်သင်ပေးရင် နှစ်လမကြာပါဘူး။  စင်ကာပူမှာ မြန်မာအင်ဂျင်နီယာ သောင်းချီ ရှိနေပါတယ်။  အမေရိကန်၊ အင်္ဂလန်မှာ အလုပ်လုပ်နေပြီး ထူးချွန်ထက်မြက်တဲ့ မြန်မာဆရာဝန် များစွာရှိပါတယ်။မြန်မာနိုင်ငံက တက္ကသိုလ်တွေကောင်းလို့၊ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကောင်းလို့ အာဆီယံစံနှုန်း၊ နိုင်ငံတကာစံနှုန်း မီနေတာ မဟုတ်ပါဘူး။ အလုပ်ရနေကြတာ မဟုတ်ပါဘူး။  ကြိုးစားလိုစိတ်နဲ့ ပင်ကို သင်လွယ်၊ တတ်လွယ်လို့ နေရာရနေကြတာပါ။ကိုယ့်နိုင်ငံက လူတွေ ညံ့လို့ ဒီလောက်ပဲရတာဆိုပြီး လာမနှိမ်ပါနဲ့။  (၆)ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ နိုင်ငံခြားသား လုပ်ငန်းရှင်ရဲ့ လုပ်ခငွေချိုးနှိမ်မှုကို ခံထားရလို့ ဖြစ်လာတဲ့ ပြဿနာအတွက် အလုပ်သမားတွေကို အပြစ်ပုံချတာ မှားပါတယ်။မြန်မာနိုင်ငံက အခြေခံ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခငွေဟာ ဘင်္ဂလားဒေ့ရှ် နဲ့ ကမ္ဘောဒီးယားနိုင်ငံထက် ပိုများဖို့လိုပါတယ်။ ဒီအချိန်မှာ ဘင်္ဂလားဒေ့ရှ်က အလုပ်သမားတွေကို ဘယ်သူမှ မလိုချင်ပါဘူး။ မြန်မာက သူတို့ထက် သာပါတယ်။ အနိမ့်ဆုံး လုပ်ခလစာနဲ့ ပတ်သက်ပြီး မြန်မာ အဓိက ယှဉ်ပြိုင်ရမှာက တရုတ်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် ဖြစ်ပါတယ်။  အဲဒီနိုင်ငံတွေက အလုပ်သမားတွေနဲ့ မြန်မာ အလုပ်သမားတွေ တန်းတူ ယှဉ်ပြိုင်နိုင်ပါတယ်။ အဲဒီနိုင်ငံတွေမှာ ဖြစ်နေတဲ့ အနိမ့်ဆုံး လုပ်ခ အတိုင်းပေးဖို့ နိုင်ငံတကာ လုပ်ငန်းရှင်တွေကို ကြိုပြောရမှာက အစိုးရပိုင်းက လုပ်ရမယ့်ကိစ္စပါ။  နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေဖြစ်ပါတယ်။The Econimist မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏာက ပြီးခဲ့တဲ့ သုံးနှစ် (၂ဝ၁ဝ-၂ဝ၁၃) အတွင်း အာဆီယံနိုင်ငံတွေထဲမှာ ဒုတိယအများဆုံး ဖြစ်ခဲ့ပါတယ်။ မြန်မာအထက်မှာ ဖိလစ်ပိုင်ပဲ ရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးပေမယ့် လူတစ်ဦးချင်းရဲ့ဂျီဒီပီက သိသိသာသာ တိုးမလာပါဘူး။ ၂ဝ၁၃ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံရဲ့ လူတစ်ဦးချင်း ဂျီဒီပီဟာ အာဆီယံနိုင်ငံတွေမှာ နောက်ဆုံးရောက်နေပါတယ်။ မြန်မာအောက်မှာ ကမ္ဘောဒီးယားနိုင်ငံပဲရှိပြီး ကျန်တဲ့နိုင်ငံတွေ မြန်မာအထက်မှာ ရှိပါတယ်။ဒါကို ကြည့်ချင်းအားဖြင့် အခုဝင်လာနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ ဘယ်သူတွေကို ပိုပြီး အကျိုးဖြစ်ထွန်းစေသလဲဆိုတာ သိသာပါတယ်။ အခြေခံအလုပ်သမားတွေအတွက် ဘာမှ အကျိုးဖြစ်ထွန်းမှု မရှိခဲ့ပါဘူး။ ကုန်ဈေးနှုန်းကို တွက်ချက်တဲ့ စားသုံးသူ ဈေးဆနှုန်းကိန်း (CPI) ကို ကြည့်ရင်လည်း ၁၉၈၈ ခုနှစ် အကြပ်အတည်းကာလထက် ပိုနေပါတယ်။၁၉၈၉ ခုနှစ်မှာ CPI က ၁၈၄ ဒသမ ၁၅ ရှိပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ ပျှမ်းမျှ CPI က ၁၈၅ ဒသမ ၄၇ မှာ ရှိနေပါတယ်။ ကုန်ဈေးနှုန်းက သာမန်အခြေခံလူတန်းစား ပြည်သူတွေကို ဖိစီးနေဆဲဆိုတာကို ပြဆိုနေတာ  ဖြစ်ပါတယ်။ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လိုက်လျောညီထွေဖြစ်စေတဲ့ သာမန် လက်လုပ်လက်စား ပြည်သူတွေရဲ့ဝင်ငွေတိုးတက်လာမှု မရှိခြင်းကို အဖြေထုတ်ဖို့က အစိုးရရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။ဒါကို အဖြေမထုတ်ပဲ “ပေးသလောက်ယူ၊ ဆန္ဒမပြကြနဲ့၊ ပြန်ထွက်သွားရင် အကုန်ဒုက္ခရောက်ကုန်မယ်”လို့ ပြောခြင်းဟာ မေရီအန်တွိုင်းနက်ရဲ့ “ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပါလား” ဆိုတဲ့ ပြောဆိုပုံနဲ့ အတူတူပဲ ဖြစ်သွားပါလိမ့်မယ်။အခြေခံအလုပ်သမားတွေက ကိတ်မုန့် မစားနိုင်ပါဘူး။(၇)သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်း တစ်နှစ်ကျော်ပြီးချိန်က စပြီး လယ်သမားအရေး၊ ကျောင်းသားအရေး၊ အလုပ်သမားအရေးတွေ ဆက်တိုက် ပေါ်ခဲ့ပါတယ်။ ဒီလို ပေါ်ပေါက်လာတာတွေက နိုင်ငံကို အကျည်းတန်စေတာ မဟုတ်ပါဘူး။တောင်သူလယ်သမား၊ ကျောင်းသား၊ အလုပ်သမားအရေးဆိုမှုမှာ အလုပ်သမားတွေရဲ့ အခြေအနေပိုဆိုးပါတယ်။ လယ်သမားဆိုတာက လယ်ပိုင် ရှိနိုင်ပါသေးတယ်။ ကျောင်းသားတွေကလည်း သူတို့ တောင်းဆိုမှုအပေါ် လုံလောက်တဲ့ လိုက်လျောမှုရှိရင် ပြေလျော့သွားမှာပါ။ အလုပ်သမားတွေမှာ ဘာမှမရှိပါဘူး။ တစ်နေ့လုပ် တစ်နေ့စားတွေအတွက် ပိုဆိုးပါတယ်။ဒီလို ဆန္ဒထုတ်ဖော်မှုတွေမှာ တိကျခိုင်မာ ပြတ်သားတဲ့ ညှိနှိုင်းဖြေရှင်းမှုတွေ မရှိဘဲ အကြမ်းဖက်နှိမ်နင်း ဖြိုခွင်း၊ ဥပဒေဘောင်ထဲကဆိုပြီး လွတ်လပ်စွာ ဆန္ဒထုတ်ဖော်သူတွေကို ဖမ်းဆီး၊ အရေးယူ ထောင်ချခဲ့လို့သာလျှင် နိုင်ငံ့ပုံရိပ် ထိခိုက်ကျဆင်းစရာ ဖြစ်ခဲ့တာပါ။ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်လာတိုင်း နောက်ကွယ်မှာ ဆူပူလိုသူ၊ သွေးထိုးလှုံ့ဆော်သူတွေ ရှိနေတယ်ဆိုတာလည်း ရာနှုန်းပြည့် မမှန်ပါဘူး။ ဘဝရပ်တည်မှုအတွက် ဘာ အာမခံချက်မှ မရှိတော့သူတွေ၊ အငတ်ဘေးကို ရင်ဆိုင်ရတော့မယ့် သူတွေ လမ်းပေါ်ထွက်လာတာ မဆန်းပါဘူး။ သူတို့ကို ကယ်တင်နိုင်မယ့် သူကို ရှာဖွေကြတာပါ။ကိုလိုနီခေတ်ကလည်း ဒီလိုပဲ ထွက်ခဲ့ကြပါတယ်။ အင်အားသုံး နှိမ်နင်းခဲ့ပေမယ့် ဗြိတိသျှအစိုးရက လိုက်လျောခဲ့ရတာပါပဲ။ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားတွေက စက်ရုံရှေ့ပိတ်ပြီး ဆန္ဒပြတာကို ဥပဒေ ဘောင်ကျော်တယ်လို့ တစ်ထစ်ချ မစွပ်စွဲပါနဲ့။၁၃ဝဝ ပြည့် အရေးတော်ပုံ ကာလမှာဆို အတွင်းဝန်ရုံးကို ပိတ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နည်း တစ်မျိုးပါပဲ။  ဆန္ဒပြသူတွေကို ဗြိတိသျှ အစိုးရက အင်အားသုံး ဖြိုခွင်းခဲ့တယ်။ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ကျဆုံးခဲ့ပါတယ်။ ကျဆုံးခဲ့သူ ကိုအောင်ကျော် အပါအဝင် ဆန္ဒပြခဲ့သူတွေဟာ  ဆူပူ အကြမ်းဖက်သူတွေလား၊ သွေးထိုး လှုံ့ဆော်သူတွေလား။ ကိုယ့်ရပိုင်ခွင့်အတွက် ကိုယ်တိုင် တောင်းဆိုခဲ့သူတွေပါ။    အခုလည်း ဘာပိုင်ဆိုင်မှုမှ မရှိဘဲ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အလုပ်သမားတွေကို ထုတ်ပြန်ချက်တွေနဲ့ ရာဇသံ ပေးလိုက်ပြန်ပါပြီ။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ “... တည်ဆဲ ဥပဒေများနဲ့ အညီ အရေးယူ ဆောင်ရွက်သွားမည်... ”ဆိုတဲ့ သတိပေးချက်တွေ ပါခဲ့ပါတယ်။အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို မျက်ကွယ်ပြုပြီး အာဏာစက်နဲ့ ဖုံးကွယ်ဖို့ ကြိုးစားမယ်၊ အင်အားသုံး ဖြိုခွင်းမယ်ဆိုရင် ဒါဟာ ဖြေရှင်းမှု မဟုတ်ဘဲ နောက်ထပ် ပြဿ နာတစ်ခုကို မီးထိုး ပေးသလိုသာ ဖြစ်သွားပါလိမ့်မယ်။(၈)အခုချိန်မှာ အစိုးရလုပ်ရမှာက ကြိုးနီစနစ်အောက်မှာ အခွင့်အရေးယူခဲ့တဲ့ ခရိုနီတွေနဲ့ လာဘ်စားနေတဲ့ အာဏာပိုင်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေကို ဖော်ထုတ်ရမှာပါ။ အလုပ်သမားတွေကို ဖိနှိပ်စရာ မလိုပါဘူး။အခုဖြစ်နေတဲ့ ပြဿနာ အားလုံးအတွက် အစိုးရမှာ တာဝန်ရှိပါတယ်။ ပြဿနာ အားလုံးဟာ အစိုးရရဲ့ ကြိုးနီစနစ်၊ State Capitalism ကြောင့် ဖြစ်လာခဲ့တာချည်းပါပဲ။ ဒီပြဿနာတွေကို အထည်ချုပ်စက်ရုံတွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်၊ မြန်မာလုပ်ငန်းရှင်ငယ်တွေမှာ အဖြေမရှိပါဘူး။ အစိုးရမှာပဲ အဖြေရှိပါတယ်။အစိုးရရဲ့ ကြိုးနီစနစ်ကို အကာအကွယ်ယူပြီး  နိုင်ငံအနှံ့မှာ ရှိနေတဲ့ စက်မှုဇုန်နယ်မြေတွေ၊ စက်ရုံတွေ၊ infrastructure တွေ အကုန်လုံးကို ဗိုလ်ချုပ်ဟောင်းတွေနဲ့ ခရိုနီတွေကပဲ လက်ဝါးကြီးအုပ်ခဲ့တယ်။ လာဘ်ပေး လာဘ်ယူမှု၊ ခြစားမှုတွေ ဆက်ဖြစ်ပါတယ်။  ပြီးခဲ့အခါ ဒေသတွင်းမှာတောင် မရှိတဲ့၊ မြင့်မားလှတဲ့ ငှားရမ်းခတွေနဲ့ ကျန်တဲ့ လုပ်ငန်းရှင်တွေကို ပြန်ငှားပါတယ်။ဗိုလ်ချုပ်ဟောင်းတွေ၊ ခရိုနီတွေ ဆီကနေ အဆမတန် ဈေးပေးပြီး ပြန်ငှားခဲ့သူတွေက ပေးခဲ့တဲ့ ပမာဏအပြင် အကျိုးအမြတ် ပြန်ရအောင် အခြေခံအလုပ်သမားတွေကို  ခေါင်းပုံဖြတ်၊ ဂုတ်သွေးစုပ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှ အခြေခံ အလုပ်သမားတွေဟာ လူကို လူလို ဆက်ဆံ ခံရတာမျိုး မရှိတော့ပါဘူး။ ကျွန်သဖွယ်၊ တိရိစ္ဆာန်သာသာ ဆက်ဆံခံရပြီး လုပ်ခငွေ ဂုတ်သွေးစုပ်ခံရပြီး ဆင်းရဲမှုသံသရာ လည်ပါတယ်။  နေစရိတ် မလုံလောက်၊ အိမ်ငှားခ မတတ်နိုင်ရာက ကျူးကျော်တွေ ဖြစ်လာတယ်။ စားဝတ်နေရေး အခက်အခဲတွေ့လာပြီး အငတ်ဘေးကို ရင်ဆိုင်လာရတဲ့အထိ ဖြစ်လာပါတယ်။  ကိုလိုနီခေတ်မှာ သခင်ဖိုးလှကြီးတို့ ရင်ဆိုင်ခဲ့ရသလို ဖောင်စီးရင်း ရေငတ်သူတွေ ဖြစ်လာပါတယ်။ဒီလိုတွေ ဖြစ်လာအောင် ဗိုလ်ချုပ်ဟောင်းတွေ၊ ခရိုနီတွေကို ဘယ်သူတွေက လုပ်ခွင့်ပေးခဲ့တာလဲ။ ခြစားမှုတွေကို ဘယ်သူတွေက ခွင့်ပြုခဲ့တာလဲ။ စက်ရုံငှားရမ်းခတွေ မြင့်မားအောင် ဘယ်သူတွေ လုပ်ခဲ့တာလဲ။ ကုန်ဈေးနှုန်းကြီးမြင့်အောင် ဘယ်သူတွေ လုပ်ခဲ့တာလဲ။  အခြေခံ အလုပ်သမားတွေကို ခေါင်းပုံဖြတ်၊ ဂုတ်သွေးစုတ်ခံဘဝ ရောက်အောင် ဘယ်သူတွေ ဖန်တီးခဲ့တာလဲ။ရှင်းရှင်းပဲ ပြောပါမယ်။ အခု ထုတ်ပြန်ချက် ထုတ်ခဲ့သူတွေ၊ ဗိုလ်ချုပ်ဟောင်းတွေ၊ ခရိုနီတွေ၊ လုပ်ငန်းရှင်တွေ... ခင်ဗျားတို့ တစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှုတွေကို သတ္တိရှိရှိ ချပြပါ။  ခင်ဗျားတို့ သားသမီးတွေ၊ ခင်ဗျားတို့ သုံးဖြုန်းနေတဲ့ ငွေကြေးတွေကို ချပြလိုက်ပါ။ဘာတစ်ခုကိုမှ မတရားသဖြင့် ယူမထားဘူး။ ပိုင်ဆိုင် သုံးစွဲနေမှုတွေကို ချပြရဲတယ်ဆိုရင် ကျွန်တော် စွပ်စွဲခဲ့သမျှ အားလုံးအတွက် တောင်းပန်ပါမယ်။အခု နောက်ဆုံး ကျွန်တော် ပြောနိုင်တာ တစ်ခုပဲရှိပါတယ်။ ခင်ဗျားတို့ရဲ့ ထုတ်ပြန်ချက်တွေ မတရားပါဘူး။   

Most Read

Most Recent