အလုံပိတ်တဲများနှင့် ပညာရေးလွတ်လပ်စွာစီမံခန့်ခွဲမှု

အလုံပိတ်တဲများနှင့် ပညာရေးလွတ်လပ်စွာစီမံခန့်ခွဲမှု
Published 24 February 2015
သစ်ထွဋ်

အားနည်းချက်များစွာရှိခဲ့တဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ကာ ပြဋ္ဌာန်းပြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်နိုင်ဖို့ ယနေ့အချိန်မှာ သပိတ်တိုက်ပွဲများ ဆင်နွှဲကာ အမြန်ဆုံးပြင်ဆင် ပြဋ္ဌာန်းနိုင်ဖို့ တောင်းဆိုမှုတွေ ရှိနေချိန်မှာ ပညာရေးနဲ့ သက်ဆိုင်တဲ့ သတင်းတချို့ကတော့ မီဒီယာတွေမှာ ဖတ်လိုက်ရပါတယ်။
လက်ရှိအချိန်မှာ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်များသို့ ပေးပို့ကာ ဆွေးနွေးမှုများပြုလုပ်ဖို့ စီစဉ်နေကြတဲ့အချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မီဒီယာတွေမှာ ပါလာခဲ့တဲ့သတင်းတချို့ကို ဖတ်ပြီးတဲ့နောက် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် ဘာကြောင့်ဒီလောက် အရေးကြီးသလဲဆိုတာ ပိုသိလာခဲ့ရပါတယ်။ ဖတ်လိုက်ရတဲ့ သတင်းတွေထဲက တစ်ပုဒ်ကတော့ မန္တလေး၊ ရတနာပုံတက္ကသိုလ်အနီးမှာ အလုံပိတ်ထားတဲ့ တဲငယ်ပေါင်း ၁ဝဝ ကျော် ရှိနေတာကြောင့် အဲဒီတဲတွေကို ဖျက်သိမ်းဖို့ သက်ဆိုင်ရာက ညွှန်ကြားခဲ့ရတယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။ နောက်သတင်းတစ်ပုဒ်ကတော့ ပညာရေးဝန်ကြီးဌာနက ပညာရေးဘက်မှာ လွတ်လပ်စွာ စီမံခွင့်မရတဲ့အတွက် JohnsHopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ သင်ကြားပို့ချနေတာတွေကို ပြန်လည်ရုပ်သိမ်းလိုက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ တက္ကသိုလ်အနီး ဖျက်သိမ်းဖို့ ညွှန်ကြားခံရတဲ့တဲတွေရဲ့သတင်းမှာတော့ ဓာတ်ပုံတွေကိုလည်း သတင်းနဲ့ တွဲဖက်ဖော်ပြထားပြီး တဲတွေရဲ့ပုံသဏ္ဌာန်ဟာ မြေစိုက်တဲအသွင်ဖြစ်ပြီး လူနှစ်ဦးသုံးဦးဆံ့သာရှိတဲ့ အကျယ်အဝန်းရှိပြီး သတင်းမှာ ဖော်ပြခဲ့သလို အလုံပိတ်ထားတဲ့အသွင်ရှိပြီး ပြတင်းပေါက်လိုဟာမျိုးတွေ မပါတာကို တွေ့ခဲ့ရပါတယ်။ အဲဒီတဲငယ်တွေဟာ စုံတွဲတွေလာကြတဲ့ တဲတွေဖြစ်ပြီး အချိန်ပိုင်းနဲ့ ငှားစားတာ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီတဲတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ ရှိနေတာကြောင့် အခုလိုဖျက်သိမ်းဖို့အတွက် စီစဉ်ဆောင်ရွက်ရတာ ဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးရဲ့ ပြောစကားကို ကိုးကားပြီးတော့ သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။
အလုံပိတ်အခန်း
ဒီနေရာမှာ အဲဒီတဲတွေကို ဘယ်သူတွေ လာကြလဲ၊ ဘာလာလုပ်ကြလဲ၊ ဘာကြောင့် တက္ကသိုလ်နားမှာလာပြီး အချိန်ပိုင်းငှားလို့ရတဲ့ အလုံပိတ်တဲတွေကို ဖွင့်ထားရသလဲဆိုတာ မေးစရာ ရှိလာပါတယ်။ ပြောရရင်တော့ အလုံပိတ်တဲဆိုမှတော့ လူမမြင်ဝံ့တဲ့လုပ်ရပ်တွေလုပ်ဖို့ တွန်းအားပေးနိုင်တဲ့ အခြေအနေကို ဖန်တီးပေးနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ အရက်သေစာ၊ မူးယစ်ဆေးဝါးက အစပြုလို့ စုံတွဲတွေအတွက် ခေတ္တနေစရာအဖြစ် ရှိနိုင်တဲ့ ဒီလိုတဲတွေကို ကျောင်းသားကျောင်းသူ အရွယ်တွေ ပညာဆည်းပူးတ တက္ကသိုလ်အနီးမှာ ရှိနေတာဟာ တော်တော်ဆိုးရွားတဲ့ဖြစ်ရပ်လို့ဆိုနိုင်ပါတယ်။ တကယ်တော့လည်း အခုလိုမျိုး တက္ကသိုလ်တွေ အနီးမှာ အလုံပိတ်အခန်းတွေ ရှိနေတာ၊ အရက်၊ ဘီယာဆိုင်တွေရှိနေတာ၊ ထန်းရည်ဆိုင်တွေ ရှိနေတာ၊ တည်းခိုခန်း လာဖွင့်ထားကြတဲ့ မြင်ကွင်းတွေဟာ ဘယ်လိုမှ မသင့်တော် မအပ်စပ်တဲ့ မြင်ကွင်းတွေလို့ ဆိုနိုင်ပါတယ်။ မအပ်စပ်ဘူးဆိုပေမယ့် တက္ကသိုလ်တွေ၊ ကောလိပ်တွေအနီးမှာ ကျောင်းသား ကျောင်းသူတွေအတွက် မသင့်လျော်တဲ့ ဒီလိုအခင်းအကျင်းတွေ ရှိနေတာကို နေရာအနှံ့မှာ တွေ့နေရပါတယ်။ ပညာသင်ကြားရာ အသိုက်အဝန်းအနီးအနားတွေမှာ ဒီလိုမျိုးလမ်းလွဲသွားနိုင်တဲ့ ပတ်ဝန်းကျင်တွေ ရှိနေကြတာဟာ ကောင်းတဲ့ အလားအလာ မဟုတ်ပါဘူး။ အထူးသဖြင့် တက္ကသိုလ်က တာဝန်ရှိသူတွေဟာ ကျောင်းသား ကျောင်းသူတွေ လမ်းလွဲရောက်သွားနိုင်တဲ့ ပတ်ဝန်းကျင်ရှိနေမှုကို ငြင်းဆန်ကြဖို့လိုပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေကို တောင်းဆိုကြဖို့လိုပါတယ်။ ကျောင်းတွေအနီးမှာ မသင့်တော်တဲ့ ပတ်ဝန်းကျင်တွေ ရှိနေတာကို ဖယ်ရှားပေးဖို့ တိုက်တွန်းကြဖို့ တာဝန်တွေရှိကြပါတယ်။
လွတ်လပ်စွာစီမံခန့်ခွဲခွင့်
တကယ်တော့ တက္ကသိုလ်၊ ကောလိပ်တွေဆိုတာ နိုင်ငံအတွက် အရေးပါတဲ့၊ ပညာအရည်အချင်းပြည့်ဝတဲ့ နိုင်ငံသားတွေ မွေးထုတ်ပေးရာ နေရာဌာနတွေ ဖြစ်ပါတယ်။ ဒီအတွက် မသင့်တော်တဲ့ပတ်ဝန်းကျင်၊ မသင့်တော်တဲ့ အခင်းအကျင်းတွေကို ဖယ်ရှားဖို့၊ အာဏာပိုင်တွေကို တောင်းဆိုဖို့ဆိုရာမှာတော့ တက္ကသိုလ်၊ ကောလိပ်တွေဟာ မိမိကိုယ်တိုင် လွတ်လပ်စွာ စီမံခန့်ခွဲခွင့်တွေရှိဖို့ လိုအပ်ပါတယ်။ ဒီလိုလွတ်လပ်စွာ စီမံခန့်ခွဲခွင့်နဲ့ ပတ်သက်ပြီး အမေရိကန် JohnsHopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်နဲ့ တွဲဖက်သင်ကြားပို့ချနေတဲ့ သင်တန်းတွေကို ရုပ်သိမ်းသွားတဲ့ သတင်းမှာဆိုရင်လည်း တက္ကသိုလ်တွေရဲ့ ပညာရေးဆိုင်ရာ လွတ်လပ်စွာ စီမံခန့်ခွဲမှု မရှိခြင်းက ရုပ်သိမ်းသွားရတဲ့ အဓိကအချက် ဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ Johns Hopkins တက္ကသိုလ်က ရန်ကုန်တက္ကသိုလ်မှာ ၂ဝ၁၃ ခုနှစ်ကစပြီး International Center of Excellence (ICOE) သင်တန်းတွေကို စတင်သင်ကြားနေခဲ့တာဖြစ်ပြီး တက္ကသိုလ်အသီးသီးက ဆရာ၊ ဆရာမတွေနဲ့ ဘွဲ့လွန်ကျောင်းသားတွေကို နိုင်ငံရေး၊ ပြည်သူ့ရေးရာ၊ စီးပွားရေးမူဝါဒ ရေးရာတွေနဲ့ ဥပဒေ၊ နည်းပညာ၊ ဆေးပညာ ရပ်တွေကို နိုင်ငံတကာစံနှုန်းတွေနဲ့ လွတ် လပ်စွာ သင်ကြားနေခဲ့တာဖြစ်ပြီး အခုလို တက္ကသိုလ်ဟာ လွတ်လပ်စွာ စီမံခန့်ခွဲမှုမရှိ ဘူးဆိုပြီး သင်ကြားမှု ရပ်ဆိုင်းလိုက်တာ ကြောင့် နစ်နာမှုတွေ အများကြီးဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီလိုသင်တန်းတွေ ရပ်ဆိုင်းလိုက်တာ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေအနီးမှာ မသင့်တော်တဲ့ ဝန်းကျင်တွေရှိနေတာတွေဟာ ပညာရေးဆိုင်ရာ လုပ်ငန်းတွေမှာ စီမံခန့်ခွဲမှုတွေ အားနည်းချက်တွေ၊ လိုအပ်ချက်တွေရှိ နေတယ်ဆိုတာကို ပြဆိုနေတာ ဖြစ်ပါတယ်။
ယနေ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်မယ့်ဥပဒေကြမ်းမှာ ဖော်ပြထား ချက်များတွင် တက္ကသိုလ်၊ ကောလိပ်၊ ကျောင်း များဟာ ပညာရေးဆိုင်ရာလုပ်ငန်းများကိုလွတ်လပ်စွာ စီမံခန့်ခွဲခွင့်ကို ထည့်သွင်းထား ကြောင်း ပါရှိပါတယ်။ ပညာရေးဆိုင်ရာလုပ် ငန်းများကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရလာ ပြီဆိုရင် ကျောင်းတွေ၊ တက္ကသိုလ်တွေနားမှာ ကျောင်းသားကျောင်းသူတွေအတွက် မသင့် တော်တဲ့ ပတ်ဝန်းကျင်မျိုးတွေမရှိအောင် တောင်းဆိုနိုင်မှာ ဖြစ်သလို JohnsHopkins တက္ကသိုလ်နဲ့ ဖြစ်ရပ်မျိုးတွေကိုလည်း ရှောင် လွှဲနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ ဘယ် လုပ်ငန်းမဆို ကောင်းမွန်တဲ့စီမံခန့်ခွဲမှုတွေ လိုအပ်ပါတယ်။ ကျောင်းသားအရွယ် လူငယ် လူရွယ်တွေအတွက် ပညာရေးစီမံခန့်ခွဲရေးက အရေးကြီးတဲ့ စီမံခန့်ခွဲမှုဖြစ်ဖို့လိုပါတယ်။ အထက်က ညွှန်ကြားသမျှကို တစ်ဆင့်ခံစီမံ ခန့်ခွဲကြတဲ့ နည်းနာတွေဟာ ဒီနေ့အချိန်မှာ ပညာရေးမှာ ခေတ်မမီတော့ပါဘူး။ နိုင်ငံတကာမှာလည်း ပညာသင်ကြားရေး နည်းနာတွေဟာ ပြောင်းလဲမှုတွေ ရှိလာခဲ့ပါပြီ။ ဒီအတွက် ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေဟာ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်တွေ ရှိလာသင့်ပါပြီ။ စီမံခန့်ခွဲခွင့် အပ်နှင်းခံထား ရသူတွေဟာ စာသင်ဖို့တစ်ခုတည်းကိုသာ ကြည့်လို့မရတော့ပါဘူး။ ကျောင်းနားမှာ ဘီယာဆိုင်လာဖွင့်တာကို  လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ပြောသင့်တာပြော၊ တောင်းဆိုသင့်တာ တောင်းဆိုကြဖို့ လိုပါတယ်။
တကယ်တော့ ကျောင်းသားတွေဆိုတာ နိုင်ငံရဲ့အနာဂတ်တွေ ဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့ အနာဂတ်ဟာ နိုင်ငံရဲ့အနာဂတ် ဖြစ်ပါတယ်။ ပညာသင်တာဟာ စာတတ်ဖို့ သက်သက်မဟုတ်ပါဘူး။ သူတို့ရဲ့ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် သင်ယူစရာတွေကို သင်ကြားပေးနိုင်တဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် ကျောင်းတွေ၊ တက္ကသိုလ်တွေဟာ ဘယ်သူ့ရဲ့ ချုပ်ကိုင်မှုကိုမှမခံဘဲ ကျောင်းသား ကျောင်းသူ တွေရဲ့အကျိုးစီပွားကိုသာ မျှော်မှန်းဆောင်ရွက်ကြတဲ့ လွတ်လပ်သော စီမံခန့်ခွဲမှုရှိသော တက္ကသိုလ်တွေ၊ ကျောင်းတွေဖြစ်ဖို့ လိုပါတယ်။ ဒီလိုဖြစ်လာစေဖို့လည်း ကောင်းမွန်ပြည့်စုံတဲ့ ပညာရေးဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် နိုင်ငံရဲ့အနာဂတ်ကို ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ရောက်အောင် ဆောင်ကြဉ်းပေးနိုင်စေမယ့် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုများပါဝင်တဲ့ ပညာရေးဥပဒေတစ်ရပ် ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
 

Most Read

Most Recent