မပြီးဆုံးသေးသော ငြိမ်းချမ်းရေး

မပြီးဆုံးသေးသော ငြိမ်းချမ်းရေး
Published 24 February 2015
ချစ်ဝင်းမောင်

ဖေဖော်ဝါရီ ၂၀ ရက်ထုတ် Economist မဂ္ဂဇင်းမှာ ‘မပြီးဆုံးသေးသော ငြိမ်းချမ်းရေး’ (An Unfinished Peace) ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းဆောင်းပါးတစ်ပုဒ် ပါလာသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိခဲ့ချိန်မှ ယနေ့အထိ မြန်မာ့နိုင်ငံရေး သမိုင်းဖြစ်စဉ်များကို Timeline ဂရပ်ဖ်ဖြင့် အနှစ်ချုပ် ဖော်ပြထားသလို အင်အားကြီးနိုင်ငံ နှစ်ခုအကြား နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ၏ Geopolitic အနေအထားကိုလည်း ဂရပ်ဖ်များဖြင့် ဖော်ပြထားသည်။ ဆောင်းပါး၏ အဓိက ဖော်ပြလိုရင်းမှာ လတ်တလော ဖြစ်ပွားနေသော ကိုးကန့်တိုက်ပွဲများနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရဆဲ၊ တည်ငြိမ်မှု ကင်းမဲ့နေဆဲ၊ ငြိမ်းချမ်းရေးနှင့် ဝေးနေဆဲ နိုင်ငံတစ်ခု ဖြစ်နေဆဲ အကြောင်းပင်။Timeline ဂရပ်ဖ်တွင် ၁၉၄၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ပြောင်းလဲသုံးစွဲခဲ့သည့် အလံသုံးမျိုးကို ဖော်ပြထားပြီး ၁၉၄၈ မှ ၁၉၆၂ ခုနှစ်အထိသာ ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနိုင်ခဲ့ပုံ၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဦးနေဝင်း ဦးဆောင်ခဲ့သည့် စစ်အစိုးရနှင့် ၁၉၈၈ မှ ၂၀၁၁ ခုနှစ်အထိ စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင်ခဲ့သည့် စစ်အစိုးရက နှစ်ပေါင်း ၅၀ နီးပါး အုပ်ချုပ်ခဲ့ပုံကို ဂရပ်ဖ်ဖြင့် ဖော်ပြထားသည်။ စစ်အာဏာရှင်များအောက်တွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့ခြင်းနှင့် လွတ်လပ်ရေး ရပြီးကတည်းက အကောင်အထည် မပေါ်ခဲ့သည့် ‘ပင်လုံစာချုပ်’ ကတိကဝတ်များ ဆက်စပ်နေပုံကိုလည်း ဆောင်းပါးတွင် ဖော်ပြထားသည်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ချင်း၊ ကချင် ကိုယ်စားလှယ်ကြီးများ ချုပ်ဆိုခဲ့ကြသော ‘ပင်လုံ’ စာချုပ်တွင် ကချင်ပြည်နယ်နှင့်တကွ တောင်တန်းဒေသများကို လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမည့် ကတိကဝတ်များ ပါဝင်ခဲ့သည်။ Frontier Areas ဟု ခေါ်တွင်ခဲ့သည့် ပြည်နယ်များတွင် ‘လွတ်လပ်စွာ ကိုယ်ပိုင်စီရင်အုပ်ချုပ်ခွင့် (Full Autonomy in Internal Administration) ပေးရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ သဘောတူခဲ့ကြသော်လည်း ထိုသဘောတူညီချက်များမှာ နောက်ငါးလအကြာ ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက် ပျောက်ကွယ်ခဲ့ရသည်။ ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်’ ဟု ဆိုရာတွင် နိုင်ငံတော်မှ ခွဲထွက်ခြင်း မဟုတ်ဘဲ ပြည်ထောင်စုနိုင်ငံတော်၏ အချုပ်အခြာအာဏာ နယ်နိမိတ်တွင်း တိုင်းရင်းသားများက မိမိတို့ နယ်မြေများကို လွတ်လပ်စွာ စီမံအုပ်ချုပ်ခြင်း ဖြစ်သည်။ သို့သော် နှစ်ပေါင်း ၆၀ ကျော်လာသည်အထိ ထိုကတိကဝတ်များ အကောင်အထည် မဖော်နိုင်ဘဲ မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ဝဲသြဃထဲ သံသရာလည်ပြီး စစ်အုပ်ချုပ်ရေးအောက်တွင်သာ နေခဲ့ရပုံကို ဆောင်းပါးတွင် ဖော်ပြထားသည်။ စစ်ခေါင်းဆောင်များ၏ အကောင်းဆုံး ဖြေရှင်းချက်မှာလည်း ‘ပြည်ထောင်စု မပြိုကွဲရေး’ ဖြစ်ခဲ့သည်။
အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူထားသော အထူးဒေသများရှိ လက်နက်ကိုင် စစ်ခေါင်းဆောင်တို့မှာ မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း သြဇာအာဏာကို စိတ်ကြိုက်စီမံခန့်ခွဲခွင့် ရကြသည်။ အကျိုးဆက် အနေဖြင့် ထိုဒေသများ၌ တရားမဝင် စီးပွားရေးလုပ်ငန်းများ ကြီးထွားလာခြင်း ဖြစ် . . . . .

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က ယခု ကိုးကန့်ဒေသမှ MNDAA လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့နှင့် မြန်မာစစ်ခေါင်းဆောင်များ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သော်လည်း ယခုအချိန်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်။ အလားတူ ပြီးခဲ့သည့် နှစ်များကလည်း ကချင်လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခုအချိန်ထိလည်း တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် မြန်မာတပ်မတော်တို့ ထိတွေ့တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်။ သမ္မတဦးသိန်းစိန် အနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန်ရှိသည့် ယခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုရန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် ဆန္ဒရှိနေသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သော်လည်း ယခုအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုအားလုံးနှင့် သဘောတူညီမှု မရသေးပေ။ ဤအခြေအနေတွင် ‘ကိုးကန့်’ ပြဿနာ  ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။မြန်မာနိုင်ငံ၏ အရှေ့မြောက်ဖျားဒေသတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ လွတ်လပ်ရေး ရပြီးကတည်းက လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့သည့် ဗမာပြည် ကွန်မြူနစ်ပါတီသည် ၁၉၈၀ ပြည့်နှောင်းပိုင်းတွင် တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် အရှေ့မြောက်ဒေသကို လွှမ်းမိုးဖို့ ကြိုးစားခဲ့သည်။ သို့သော် ၁၉၈၉ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့် ဗမာပြည် ကွန်မြူနစ်ပါတီတို့ သဘောထားကွဲကြပြီး ဗမာပြည် ကွန်မြူနစ်ပါတီလည်း ပြိုကွဲသွားခဲ့သည်။ ခွဲထွက်လက်နက်ကိုင်အုပ်စု MNDAA သည် မြန်မာစစ်ခေါင်းဆောင်တို့နှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ’ အဖြစ် တည်ထောင်ခဲ့သည်။ ရှမ်းပြည်နယ် အရှေ့မြောက်ဘက် ကိုးကန့်၊ ‘ဝ’ နှင့် မိုင်းလားဒေသများမှာ ‘အထူးဒေသ’ (Special Region) အဖြစ် ပေါ်ထွက်လာပြီး အစိုးရနှင့် ငြိမ်းချမ်းရေးရယူကာ သေနတ်သံများ တိတ်ဆိတ်နေခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ‘ကိုးကန့်’ ဒေသမှာ သေနတ်သံများ ပြန်လည်ပေါ်ထွက်လာခြင်း ဖြစ်သည်။ အမှန်စင်စစ် ဤဒေသများသည် ဗဟိုအစိုးရ အုပ်ချုပ်ရေးနှင့် အလှမ်းဝေးနေသော ဒေသများ ဖြစ်သည့်အပြင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ တရားမဝင် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေသော ဒေသများလည်း ဖြစ်သည်။ ထူးခြားမှု တစ်ခုမှာ ‘တိုင်းရင်းသား’ ဟု ခေါင်းစဉ်တပ်ထားသော်လည်း ဒေသခံ အများစုမှာ ‘တရုတ်မျိုးနွယ်စု’ များ ဖြစ်နေကြခြင်းပင်။ ပြည်ထောင်စု မြန်မာနိုင်ငံ၏ နယ်နိမိတ်အတွင်း နေထိုင်ကြသော ‘တရုတ်မျိုးနွယ်စု’ များဟု ဆိုလျှင်လည်း မမှားပါ။ အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသများတွင် တရုတ်ဘာသာ စကားကို အများဆုံး အသုံးပြုပြီး ‘တရုတ်စာပေ’ ကိုသာ မိခင်စာပေအဖြစ် တရားဝင် သုံးစွဲနေကြသည်။အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရယူထားသော အထူးဒေသများရှိ လက်နက်ကိုင် စစ်ခေါင်းဆောင်တို့မှာ မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း သြဇာအာဏာကို စိတ်ကြိုက်စီမံခန့်ခွဲခွင့် ရကြသည်။ အကျိုးဆက် အနေဖြင့် ထိုဒေသများ၌ တရားမဝင် စီးပွားရေးလုပ်ငန်းများ ကြီးထွားလာခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်း၊ ကျောက်စိမ်းနှင့် သတ္တုသယံဇာတများ မှောင်ခိုင်ရောင်းဝယ်ခြင်း၊ လောင်းကစားရုံများ၊ ဇိမ်ခန်းများ တရားဝင်ခွင့်ပြုထားခြင်း အပါအဝင် တရားမဝင် စီးပွားရေး လုပ်ငန်းများစွာကို တရားဝင် လုပ်ကိုင်နေကြသည်။ မြန်မာ ‘ကျပ်ငွေ’ ကို သုံးစွဲခြင်း မပြုဘဲ တရုတ် ‘ယွမ်ငွေ’ ကို အသုံးပြုခြင်း၊ ကိုယ်ပိုင်လက်နက်ကိုင်တပ်ကို စနစ်တကျ ဖွဲ့စည်းထားခြင်းများက မြန်မာ့အချုပ်အခြာအာဏာနှင့် သီးခြား ကင်းလွတ်နေသယောင် ရှိနေသည်။ယခု ကိုးကန့်ပြဿနာမှာ ဒေသစစ်ခေါင်းဆောင် အချင်းချင်း အာဏာလုကြရာမှ ပေါ်ထွက်လာသော ပြဿနာတစ်ခုဟု ဆိုနိုင်သည်။ ၂၀၀၉ ခုနှစ်အတွင်း ဒေသစစ်ခေါင်းဆောင်နှစ်ဦး၏ ပဋိပက္ခမှတစ်ဆင့် အစိုးရတပ်၏ တိုက်ခိုက်မှုဖြင့် စစ်ခေါင်းဆောင် ‘ဖုန်ကြားရှင်’ ထွက်ပြေးသွားခဲ့ရသည်။ ဖုန်ကြားရှင် ပျောက်ကွယ်သွားပြီးနောက် ကိုးကန့်ဒေသတွင် ဘာသံမျှ မကြားရ။ သေနတ်သံများ တိတ်ဆိတ်နေခဲ့သည်။ ကိုးကန့်ဒေသကို လက်လွှတ်လိုက်ရသော ဖုန်ကြားရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်က ရုတ်တရက် ပြန်ဝင်လာပြီး လောက်ကိုင်မြို့ကို တိုက်ခိုက်သည်။ အစိုးရတပ်ကို တိုက်ခိုက်သည်။ ကိုးကန့်တွင် သေနတ်သံများ ပြန်လည်ပေါ်ထွက်လာသည်။မကြာသေးမီက ကချင်လက်နက်ကိုင် တပ်ဖွဲ့ (KIA) နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ယခု ကိုးကန့်ဒေသမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ မြန်မာ့နိုင်ငံရေး ပဋိပက္ခမှာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ ကျော် ကြာလာသည်အထိ မပြီးဆုံးနိုင်သေးပါ။ ဘယ်အချိန်မှာ ‘ငြိမ်းချမ်းရေး’ ရမည် ဆိုသည်ကိုလည်း မမှန်းဆနိုင်သေးပါ။