ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်းသည့် အဖွဲ့အစည်းများအားလုံးကို ပြည်ထောင်စုအဆင့် သတ်မှတ်မည်ဆိုပါက အင်အားများစွာဖြင့် ဖောင်းပွနိုင်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်းသည့် အဖွဲ့အစည်းများအားလုံးကို ပြည်ထောင်စုအဆင့် သတ်မှတ်မည်ဆိုပါက အင်အားများစွာဖြင့် ဖောင်းပွနိုင်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 23 February 2015
စိုးမင်းထိုက်

ပြည်ထောင်စုလွှတ်တော်က ဥပဒေ ပြဋ္ဌာန်း၍ ဖွဲ့စည်းသည့် အဖွဲ့အစည်းများ အားလုံးကို ပြည်ထောင်စုအဆင့် သတ်မှတ်မည်ဆိုပါက အင်အားများစွာဖြင့် ဖောင်းပွနိုင်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးမောင်မောင်ငြိမ်းက ဆွေးနွေးသည်။
ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ၂ဝ၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမောင်မောင်ငြိမ်းက ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးလိုပါက နိုင်ငံတော်အဆင့် ဆိုသည်မှာ မည်သည့်အဖွဲ့အစည်းမျိုးကို ဆိုလိုသည်၊ ဗဟိုအဆင့် အဖွဲ့အစည်းဆိုသည်မှာ မည်သည့်အဖွဲ့အစည်းမျိုးကို ဆိုလိုသည်၊ မည်သည့်အဖွဲ့အစည်းများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများဖြစ်သည် ဆိုသည်ကို တိတိကျကျ ပြဋ္ဌာန်းသတ်မှတ် ပေးရန်လိုအပ်ကြောင်း အကြံပြုခဲ့သည်။
ထို့အတွက် ပြင်ဆင်ပြဋ္ဌာန်းရာတွင်လည်း ပြည်ထောင်စုလွှတ်တော်က ဥပဒေ ပြဋ္ဌာန်း၍ ဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့အစည်းများစွာ ရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ အဆိုပါဥပဒေတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအဖြစ် အတိအလင်း သတ်မှတ်ဖွဲ့စည်းသည့် နိုင်ငံတော်အဆင့် (သို့မဟုတ်) ဗဟိုအဆင့် အဖွဲ့အစည်းများကို လည်းကောင်းဟု ပြင်ဆင်ဖြည့်စွက်သင့်ကြောင်း တပ်မတော်သားကိုယ်စားလှယ်က ဆွေးနွေးခဲ့သည်။
၂ဝ၁၂ ခုနှစ် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဇ) တွင် ပါရှိ သည့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့ကို လည်းကောင်း၊ နောက်တွင် ပြည်ထောင်စု လွှတ်တော်က ဥပဒေပြ|ာန်း၍ ဖွဲ့စည်းသည့် နိုင်ငံတော်အဆင့် (သို့မဟုတ်) ဗဟိုအဆင့် အဖွဲ့အစည်းများကို လည်းကောင်းဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်ဟု တင်ပြထားကြောင်း၊ လက်ရှိပြည်ထောင်စု အဖွဲ့အစည်းများအပြင် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်းသည့် နိုင်ငံတော်အဆင့် (သို့မဟုတ်) ဗဟိုအဆင့် အဖွဲ့အစည်းများပါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအဖြစ် ဖြည့်စွက်မည်ဆိုပါက ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့သည့် ဥပဒေပြဋ္ဌာန်းချက်ပါ အဖွဲ့အစည်းများစွာပါ ပြည်ထောင်စု အဆင့်အဖြစ် အဓိပ္ပာယ်သက်ရောက် သွားမည်ဖြစ်ကြောင်း ဆက်လက်ဆွေးနွေးသည်။
ပြည်ထောင်စု လွှတ်တော်က ၂ဝ၁၁ ခုနှစ် မှ လက်ရှိကာလအထိ ပြဋ္ဌာန်းပြီး ဥပဒေများနှင့် ပြဋ္ဌာန်းဆဲဥပဒေများထဲမှ ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းများသည် များစွာရှိကြောင်း၊ အဖွဲ့အစည်းပေါင်း များစွာတွင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များစွာ ပါရှိသည်ကို တွေ့ရှိရကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်၊ ကောင်စီနှင့် အဖွဲ့များတွင် အချို့အဖွဲ့အစည်းများမှာ ပြည်ထောင်စုအဆင့် သတ်မှတ်သင့်ပြီး အချို့အဖွဲ့များမှာ သတ်မှတ်ရန်မလိုသော အဖွဲ့အစည်းများဖြစ်ကြောင်း ဗိုလ်မှူးမောင်မောင်ငြိမ်းက ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုလွှတ်တော်မှ ဆက်လက်၍ အသစ်အသစ်သော ဥပဒေများ ထပ်မံပြဋ္ဌာန်းကြမည်ဖြစ်၍ အဖွဲ့အစည်း အသစ်များလည်း ထပ်မံတိုးပွားနေမည် ဖြစ်ကြောင်း၊ ထိုအဖွဲ့များအားလုံးကို ပြည်ထောင်စုအဆင့် သတ်မှတ်မည်ဆိုပါက အင်အားများစွာဖြင့် ဖောင်းပွမှု ဖြစ်ပေါ်နေသည်ကို လေ့လာတွေ့ရှိရကြောင်း ၎င်းကဆက်လက် ဆွေးနွေးခဲ့သည်။
၂ဝ၁၂ ခုနှစ် အမျိုးသား လွှတ်တော်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ဆွေးနွေးသည့် တပ်မတော်သား ကိုယ်စားလှယ်နှင့် ပြန်လည်ဆွေးနွေးရန် ဥပဒေကြမ်း ကော်မတီအား အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားခဲ့သည်။
 
 
 

Most Read

Most Recent