သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း(က)အတွက် ရောင်းချခဲ့သည့် အစုရှယ်ယာတန်ဖိုး ကျပ် ၂၁ ဘီလျံအပြင် ရှယ်ယာများ ထပ်မံရောင်းချဦးမည် မဟုတ်

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း(က)အတွက် ရောင်းချခဲ့သည့် အစုရှယ်ယာတန်ဖိုး ကျပ် ၂၁ ဘီလျံအပြင် ရှယ်ယာများ ထပ်မံရောင်းချဦးမည် မဟုတ်
Published 23 February 2015
သက်ထား၊ အေးမြတ်မွန်

သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း(က) အတွက် ရောင်းချခဲ့သည့် အစုရှယ်ယာတန်ဖိုး ကျပ် ၂၁ ဘီလျံအပြင် ရှယ်ယာ ထပ်မံရောင်းချပေးဦးမည် မဟုတ်ကြောင်း Myanmar Thilawa SEZ Holdings Public Limited ၏ Managing Director ဦးသိန်းဟန်က ပြောကြားသည်။သီလဝါ အထူးစီးပွားရေးဇုန် အစုရှယ်ယာများကို ဘဏ်များမှတစ်ဆင့် ၂၀၁၄ ခုနှစ် မတ် ၃ ရက်တွင် စတင်ရောင်းချခဲ့ပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ရောင်းချခဲ့ကာ ရှယ်ယာအရေအတွက် ၂ ဒသမ ၁၄၅ သန်း၊ ကျပ် ၂၁ ဘီလျံဖိုး ရောင်းချခဲ့ကြောင်း သိရသည်။“သီလဝါရှယ်ယာတွေက ပထမရောင်းချပြီးခဲ့တဲ့ ၂၁ ဘီလျံအပြင် လတ်တလောမှာ ထပ်မံရောင်းချပေးဖို့ မရှိသေးဘူး။ လုပ်ငန်းလိုအပ်ချက် အရနဲ့ Board of  Director အစည်းအဝေးနဲ့ ဆုံးဖြတ်ပြီးမှပဲ ထပ်မံရောင်းချပေးမှာပါ” ဟု ဦးသိန်းဟန်က ဆက်လက်ပြောကြားသည်။သီလဝါ ရှယ်ယာများကို ရောင်းချစဉ်က ဝယ်ယူသူ များပြားခဲ့ပြီး ရောင်းချရန် လျာထားသည့် အရေအတွက် ၂ ဒသမ ၁၄၅ သန်းထက် ကျော်လွန်ကာ ဝယ်ယူရန် အဆိုပြုသည့် ရှယ်ယာစုစုပေါင်း လေးသန်းကျော် ရှိခဲ့ကြောင်း သိရသည်။ယင်းအဆိုပြုသူများအနက် ရှယ်ယာအစု တစ်စုလျှင် ကျပ် ၁၀၀၀၀ မှ အစု ၅၀၀ ကျပ်သိန်း ၅၀ အထိ ဝယ်ယူရန် အဆိုပြုသူ အားလုံးသည် မိမိဝယ်ယူရန် အဆိုပြုသည့် ပမာဏအတိုင်း ရရှိခဲ့ပြီး ရှယ်ယာအစု ၅၀၀၊ ကျပ်သိန်း ၅၀၀ အထက် ဝယ်ယူရန် အဆိုပြုသူများမှာမူ အချိုးကျစနစ်ဖြင့် ရရှိခဲ့ကြောင်း သိရသည်။ရှယ်ယာများကို ရောင်းချခဲ့ရာတွင်လည်း ရှယ်ယာအနည်းငယ် ဝယ်ယူသူကို ဦးစားပေး ရောင်းချခဲ့ကာ ကျန်ရှိသည့် ရှယ်ယာများမှာ ရှယ်ယာ များများ ဝယ်ယူလိုသူများထံ နိုင်ငံတကာ ထုံးစံအတိုင်း Pro-rata စနစ်ဖြင့် အချိုးကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။ထို့အပြင် သီလဝါ ရှယ်ယာများကို ပြန်လည် အရောင်းအဝယ် ပြုလုပ်နိုင်သည့် သီလဝါ အစုရှယ်ယာများ လွှဲပြောင်းခြင်းနှင့် ရောင်းဝယ်ခြင်း၊ မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုဌာနကို အစုရှယ်ယာရှင်များအား ရှယ်ယာရောင်းဝယ်ခြင်းများ လွယ်ကူ အဆင်ပြေစေရန်အတွက် ၂၀၁၄ ခုနှစ် အောက်တိုဘာလအတွင်းက ကုန်သည်စက်မှု အသင်းချုပ်ရုံးတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ယင်းဝန်ဆောင်မှု ဌာနတွင် ဝယ်ယူထားသည့် အစုရှယ်ယာရှင်များ အနေဖြင့် မိမိရှယ်ယာများကို ပြန်လည်ရောင်းချနိုင်ပြီး ထပ်မံဝယ်ယူလိုသူများ အနေဖြင့်လည်း ဝယ်ယူလိုသည့် လျှောက်လွှာတင်ရန် လိုအပ်ကြောင်း သိရသည်။ အဆိုပါ ဌာနတွင် လက်ရှိ သီလဝါ အစုရှယ်ယာ တစ်စုလျှင် ကျပ် ၂၀၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်ကို ၂၀၁၃ နိုဝင်ဘာ ၃၀ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ပြီး ၂၀၁၅ နှစ်လယ်ပိုင်းတွင် စတင်ကာ စီးပွားဖြစ် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။ သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာအစိုးရနှင့် ဂျပန်အစိုးရတို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး မြန်မာပူးပေါင်းကော်ပိုရေးရှင်းအဖွဲ့ (Myanmar Consortium) မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ပူးပေါင်းကော်ပိုရေးရှင်းအဖွဲ့ (Japanese Consortium) မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်ထားကြောင်း သိရသည်။      

Most Read

Most Recent