ပြည်ထောင်စုလွှတ်တော်က အစိုးရအား တိုက်တွန်းထားသည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်အောင်လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်ထောင်စုလွှတ်တော်က အစိုးရအား တိုက်တွန်းထားသည့် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်အောင်လုပ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 22 February 2015
အောင်ဇော်ထွန်း

ပြည်ထောင်စုလွှတ်တော်ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အပါအဝင် နိုင်ငံ၏ အနာဂတ်ကောင်းမွန်စေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့ ပါဝင်သော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ၂ဝ၁၄ နိုဝင်ဘာလက အတည်ပြု တိုက်တွန်းခဲ့ရာ ယင်းခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို ဖြစ်အောင်လုပ်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ  NLD ယာယီရုံးချုပ်တွင် ပြုလုပ်သည့် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ ယင်းအစည်းအဝေးအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲများ ဖြစ်လာခြင်းမရှိသည့်အပေါ် အမြင်သဘောထားအား မေးမြန်းရာ “ဖြစ်အောင် လုပ်ရမှာပေါ့”ဟု ပြန်လည်ဖြေကြားသည်။ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်အား ဆက်လက်မေးမြန်းရာ “အဲဒါကတော့ အစ်မပဲ ဆုံးဖြတ်တာ။ ခြောက်ပွင့်ဆိုင်ကတော့ ဖြစ်ကိုဖြစ်အောင် လုပ်ကိုလုပ်ရမှာပဲပေါ့နော်။ အဲဒါက သူပဲ ဆွေးနွေးတာ။ အန်တီတို့ဘက်က တိုင်းရင်းသားပါတီတွေနဲ့ ပေါင်းပြီး တောင်းဆိုမှုတွေ လုပ်ထားတယ်လေ။ သေသေချာချာကို ခြောက်ပွင့်ဆိုင်လို့ ပြောပြီးတော့ အကောင်အထည်ဖော်မှာပေါ့။ လေးပွင့်ဆိုင် ဖယ်လိုက်ပြီးတော့ ခြောက်ပွင့်ဆိုင်ကိုပဲ အဓိကထားပြီးတော့ လုပ်မှာပါ”ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးတွင် ပါတီတွင်းကိစ္စများနှင့် ပါတီအောင်နိုင်ရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖြစ်နိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ဖေဖော်ဝါရီ ၁၁ ရက်တွင် နေပြည်တော်၌ သတင်းထောက်များအား ပြောကြားထားသည်။ခြောက်ပွင့်ဆိုင်ကိစ္စနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား အချို့ကိစ္စများတွင် သဘောထား မတိုက်ဆိုင်သည့် ကိစ္စများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတအနေဖြင့် လွှတ်တော်ကို သဝဏ်လွှာပေးပို့ခဲ့ကြောင်း၊ ယင်းသို့ ပေးပို့ရာတွင် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး တိုက်တွန်းမှုကို ကြိုဆိုကြောင်း၊ ဆွေးနွေးမှုကို မည်ကဲ့သို့ ချမှတ်ဆောင်ရွက်မည်ကို ညှိနှိုင်းပြီးသည့် အချိန်ရောက်ပါက ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မည်ဟု ပြောချင်ကြောင်း သူရဦးရွှေမန်းက သတင်းသမားများအား ပြန်လည်ဖြေကြားထားသည်။၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းများ အဆင်ပြေချောမွေ့စေရန်အတွက်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ပါဝင်သည့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် NLD က ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်ကြိမ်၊ ၂ဝ၁၄ နှစ်လယ်တွင် တစ်ကြိမ် တောင်းဆိုထားသည်။အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၂ဝ၁၄ အောက်တိုဘာ ၃၁ ရက်က ဆောင်ရွက်ခဲ့သော အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ခေါင်းဆောင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များပါဝင်သော ၁၄ ပွင့်ဆိုင် ဆွေးနွေးပွဲနှင့် ယခု ၂ဝ၁၅ ဇန်နဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့သည့် နေပြည်တော်ဆွေးနွေးပွဲတို့မှာ ဆွေးနွေးပွဲရလဒ် မထွက်ပေါ်ဘဲ ဆက်လက်လုပ်ဆောင်မည့်အစီအစဉ်များ ချမှတ်ခြင်းများ မပြုလုပ်နိုင်ခဲ့ပေ။ဇန်နဝါရီ ၁၂ ရက် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားကိုယ်စားလှယ် ခေါင်းဆောင်များတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်များကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဇန်နဝါ ရီ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ညှိနှိုင်းဆွေးနွေးပွဲများကို တစ်ပြိုင်နက်တည်း ဆောင်ရွက်သင့်ကြောင်း၊  ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကြောင်းပြုပြီး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကဲ့သို့သော အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဆွေးနွေးပွဲများကို ရှောင်ရှားခြင်းမျိုး မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဖော်ပြထုတ်ပြန်ခဲ့သည်။ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ပြု ပြင်ပြောင်းလဲမှုများ ရပ်တန့်နေခြင်းမှာ “(၁) ပြုပြင်ပြောင်းလဲလိုသောဆန္ဒ အားနည်းခြင်း၊ (၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက ဆန္ဒထက်သန်မှု မရှိခြင်း၊ ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒကို အလေးထားမှု အားနည်းခြင်း၊ (၃)လူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို အလေးထားဆောင်ရွက်မှု အားနည်းခြင်း၊ (၄) နိုင်ငံ၏ လူဦးရေအများစုဖြစ်သော တောင်သူလယ်သမားများ၏ ရေရှည်အကျိုးဖြစ်စေမည့် ဆောင်ရွက်မှုများ အားနည်းခြင်း၊ (၅)ဗဟိုချုပ်ကိုင်မှု ဆက်လက်ကျင့်သုံးနေခြင်းနှင့် လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ (၆) အဂတိလိုက်စားမှု မထိန်းချုပ်နိုင်ခြင်း၊ (၇) တရားစီရင်ရေးမဏ္ဍိုင်ကို အုပ်ချုပ်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်ခြင်းနှင့်  (၈)ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်နှင့်အညီ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်စေရန် ပြည်ထောင်စုအစိုးရက ယခုအထိ ဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent