အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံလာပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ နှစ်သန်းကျော် ဝင်ရောက်မြှုပ်နှံ

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံလာပြီး ၂၀၁၅ ခုနှစ် ဇန်နဝါရီတွင် ဒေါ်လာ နှစ်သန်းကျော် ဝင်ရောက်မြှုပ်နှံ
Published 18 February 2015
ချမ်းမြေ့သူ

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံလုပ်ငန်းများတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစတင် လာပြီး ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလအတွင်း ဒေါ် လာနှစ်သန်းကျော် ဝင်ရောက်မြှုပ်နှံမှုပြုလုပ် လာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် ဝင်ရောက်မြှုပ်နှံမှုပြုလုပ်ရန် ခွင့်ပြုချက်ရယူထားသည့် နိုင်ငံပေါင်း ၃၇ နိုင်ငံရှိသော်လည်း လုပ်ငန်းစီမံကိန်းများပြီးစီးသဖြင့် ပြန်လည်နုတ်ထွက် သွားသည့်နိုင်ငံများရှိသဖြင့် အမှန်တကယ် ဝင်ရောက်မြှုပ်နှံမှုပြုလုပ်လျက်ရှိသည့်နိုင်ငံ မှာ ၃၁ နိုင်ငံဖြစ်ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ အမေရိကန်နိုင်ငံအနေဖြင့် ဝင်ရောက်မြှုပ်နှံ ရန်ခွင့်ပြုချက်ရယူထားသည့်ပမာဏမှာ ဒေါ် လာ ၂၄၃ ဒသမ ၅၆၅ သန်းရှိသော်လည်း အမှန်တကယ်ဝင်ရောက်မြှုပ်နှံမှုပြုလုပ်ထား သည့် နိုင်ငံစာရင်းတွင်မူ ပါဝင်ခြင်းမရှိဘဲ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလသို့ရောက်မှသာ ဒေါ် လာ ၂ ဒသမ ဝ၄၁ သန်း စတင်မြှုပ်နှံမှုပြု လုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အမေရိကန်အခြေစိုက် လုပ်ငန်းအများစုသည် လုပ်ငန်းများဝင်ရောက် လုပ်ကိုင်လာကြသော်လည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင်မူ အမေရိကန်နိုင်ငံအနေဖြင့် တိုက်ရိုက်ဝင်ရောက်မြှုပ်နှံသည့်ပုံစံမျိုးမဟုတ် ဘဲ အာရှနိုင်ငံများတွင် ဖွင့်လှစ်ထားသည့် ရုံးခွဲများမှတစ်ဆင့် ဝင်ရောက်မြှုပ်နှံမှုပြုလုပ် ကြခြင်းဖြစ်ကြောင်း သိရသည်။
“အနောက်နိုင်ငံတွေအနေနဲ့ အခြားနိုင်ငံမှာ ဖွင့်ထားတဲ့ရုံးခွဲတွေကတစ်ဆင့် မြှုပ်နှံမှု တွေလုပ်လေ့ရှိတယ်။ သူတို့နိုင်ငံတွေအနေ နဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပြုလုပ်မယ်ဆိုရင် လုပ်ငန်းပိုင်းဆိုင်ရာတွေကို ဆွေးနွေးလုပ်ကိုင်ဖို့အတွက် အာရှနိုင်ငံတွေ မှာဖွင့်ထားတဲ့ ရုံးခွဲတွေကနေတစ်ဆင့် ဆောင် ရွက်တာမျိုးက နှစ်နိုင်ငံလုပ်ငန်းဆောင်ရွက် ဖို့ အဆင်ပြေမှုရှိတယ်။ အဓိကအားဖြင့်က တော့ မြှုပ်နှံငွေကို ပင်မမြှုပ်နှံတဲ့နိုင်ငံကထုတ် ပေးပြီး ရုံးခွဲတွေက လုပ်ငန်းဆောင်ရွက်တာ မျိုးပေါ့” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အမေရိကန်ကုမ္ပဏီဖြစ်သည့် Coca-Cola က မြန်မာနိုင်ငံရှိ Pinya Manufacturing Co., Ltd နှင့်ပူးပေါင်း၍ ဒေါ်လာသန်း ၂ဝဝ ရင်းနှီးမြှုပ်နှံသွားမည်ဟုထုတ်ပြန်ခဲ့ပြီး အချိုရည်ထုတ်လုပ်သည့် စက်ရုံကို တည်ထောင်ခဲ့သော်လည်း အဆိုပါ လုပ်ငန်းအတွက် မြှုပ်နှံမှုကို အရှေ့တောင်အာရှတွင် ဖွင့်လှစ်ထာသည့် ရုံးခွဲမှတစ်ဆင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်က ပြုလုပ်သည့် ၁၆/၂ဝ၁၄ ကြိမ်မြောက် အစည်းအဝေးတွင် အမေရိကန်အခြေစိုက် Colgate-Palmolive ကုမ္ပဏီအား မြန်မာနိုင်ငံတွင် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ရာနှုန်းပြည့်နိုင်ငံခြား မြှုပ်နှံမှုလုပ်ငန်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် လုပ်ကိုင်ရန် ခွင့်ပြုပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လုပ်ငန်းများတွင် တိုက်ရိုက်ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်လျက်ရှိသည့် နိုင်ငံပေါင်း ၃၂ နိုင်ငံရှိသည့်အနက် အမေရိကန်နိုင်ငံသည် အဆင့် ၂၉ နေရာ၌ ရပ်တည်နေကြောင်း သိရသည်။          
 

Most Read

Most Recent