ရခိုင်ကမ်းလွန် လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရန် Unocal၊ Stat Oil နှင့် Conoco Phillips တို့ MIC ခွင့်ပြု

ရခိုင်ကမ်းလွန် လုပ်ကွက်များတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရန် Unocal၊ Stat Oil နှင့် Conoco Phillips တို့ MIC ခွင့်ပြု
Published 4 February 2015
မင်းသီဟဇော်

ရခိုင်ကမ်းလွန် လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး ဆောင်ရွက်ရန် Unocal နှင့် Stat Oil တို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။
ရခိုင်ကမ်းလွန်လုပ်ကွက် A-5 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ် လုပ်ရေးဆောင်ရွက်ရန်အတွက် Unocal Myanmar Offshore Co.,Ltd (Islands of Bermuda) နှင့် Royal Marine Engineering Company Limited (Myanmar)  တ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ကို ဇန်နဝါရီ ၃၁ ရက်က ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ကမ်းလွန်လုပ်ကွက် AD-10 တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေး ဆောင်ရွက်ရန်အတွက် Stat Oil Myanmar Private Limited (Singapore) နှင့် Conoco Phillips Myanmar E & P Pte.Ltd(Singapore) တို့ ပူးပေါင်းလုပ်ကိုင် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ကို ဇန်နဝါရီ ၃၁ ရက်က ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လုပ်ကိုင်ခွင့်ရသည့် နိုင်ငံခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် ပြည်တွင်းကုမ္ပဏီရှစ်ခုကို ရွေးချယ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်ရန် ရွေးချယ်ခံရသည့် ပြည်တွင်းကုမ္ပဏီ ရှစ်ခုမှာ A1 Mining Co.,Ltd. ၊ United National Resources Development Services Co.,Ltd. ၊ Myanmar Petroleum E&P Co.,Ltd. ၊ Smart E&P Co.,Ltd. ၊ Parami Energy Development Co.,Ltd.၊ Oil Star Management Services Co.,Ltd၊ Royal Marine Engineering Co., Ltd.၊ Lin Win Co.,Ltd တို့ဖြစ်ကြောင်း သိရသည်။
ကမ်းဝေးရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၂ဝ အတွက် ရွေးချယ်ခံရသည့် ကုမ္ပဏီများကို စွမ်းအင်ဝန်ကြီးဌာနမှ ၂ဝ၁၄ ခုနှစ် မတ် ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး  ယင်းကုမ္ပဏီများထဲတွင် ကမ္ဘာ့ထိပ်တန်း ရေနံကုမ္ပဏီများပါဝင်ကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာနမှ ကမ်းနီး၊ ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက် နိုင်ရန်အတွက် ၂ဝ၁၃ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ပြီး ပဏာမရွေးချယ်ခံရသည့် ကုမ္ပဏီများစာရင်းကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကမ်းနီး၊ ကမ်းလွန်လုပ်ကွက် ၂ဝ အတွက် ရွေးချယ်ခံရသည့် ကုမ္ပဏီများထဲတွင် အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျနှင့် အခြားနိုင်ငံများမှ ကမ္ဘာ့ထိပ်တန်း ရေနံကုမ္ပဏီများဖြစ်သည့် Shell,Chevron, Conocophillips,Total E&P,BG ,Woodside Energy တို့ပါဝင်ပြီး အိန္ဒိယကုမ္ပဏီ Oil India တို့ပါဝင်ကြောင်း သိရသည်။ ယင်းလုပ်ကွက် ၂ဝ တွင် ရေတိမ်ပိုင်းလုပ်ကွက် ၁ဝ ကွက်နှင့် ရေနက်ပိုင်းလုပ်ကွက် ၁ဝ ကွက်တို့ပါဝင်ကြောင်း သိရသည်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှတ်ပုံတင်ထားသည့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ ၁၆ဝ ကျော်အထိရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
 
 
 

Most Read

Most Recent