အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ အပေးအယူလုပ်ရန် နှစ်ဖက်စလုံးက အဆင်သင့်ရှိဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ အပေးအယူလုပ်ရန် နှစ်ဖက်စလုံးက အဆင်သင့်ရှိဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 27 January 2015

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ နှစ်ဖက်အနေဖြင့် အပေးအယူလုပ်ရန် အဆင်သင့်ရှိဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။လက်ရှိတွင် အမျိုးသားပညာရေး ဥပဒေအား ကျောင်းသားများက သပိတ်မှောက် ဆန္ဒပြ လမ်းလျှောက်ကန့်ကွက်မှုများအပေါ် ဇန်နဝါရီ ၂၇ ရက်က ကျင်းပသော လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား မီဒီယာများက ထင်မြင်ချက်ပေးရန် မေးမြန်းခဲ့ရာတွင် ထိုသို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။“ကိုယ်က မှန်မှန်ကန်ကန်နဲ့ တာဝန်သိသိ လုပ်တယ်ဆိုလို့ရှိရင် ဒါဟာ ရပ်တည်ချက်အရ လုပ်တာပဲ။ ရပ်တည်ချက်အရ လုပ်တယ်ဆိုလို့ ပရမ်းပတာ လုပ်ရမယ်လို့ ပြောတာ မဟုတ်ဘူး။ ဒီမိုကရေစီ ယူလို့ရှိရင် အပေးအယူ အညှိအနှိုင်း ဆိုတာတော့ အမြဲရှိရမယ်။ သူတို့က အချက်တွေက တစ်ခုမကဘူးလေ။ ဒါအစိုးရနဲ့ ပြောနေတဲ့ ကိစ္စ၊ အစိုးရနဲ့ ဘယ်လိုသဘောတူညီမှု ရသလဲဆိုတာ အန်တီလည်း မသိဘူး။ အန်တီတို့နဲ့ပြောတာ မဟုတ်ဘူး။ ဒီကိစ္စက ဒီဥပဒေက အန်တီတို့ထုတ်တဲ့ ဥပဒေလည်း မဟုတ်ဘူး။ အမျိုးသားပညာရေး ကော်မတီထဲမှာ အန်တီ လုံးဝမပါဘူး။ စိတ်ဝင်စားတာတော့ စိတ်ဝင်စားတာပေါ့နော်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “ဒီနိုင်ငံပဲ ဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းတာကတော့ ညှိနှိုင်းပြီးတော့ ဖြေရှင်းရတာပဲ။ ပြဿနာ ဖြေရှင်းတယ်ဆိုတာ တစ်ဖက်တည်းတော့ မဟုတ်ဘူး။ ဟိုဘက်ဒီဘက်ပေါ့နော်။ အားလုံးကနေပြီးတော့ အပေးအယူလုပ်ဖို့ အဆင်သင့် ရှိရမှာပေါ့။ အန်တီ အမြဲ ခဏခဏ ပြောတယ်။ ဒီမိုကရေစီမှာ အပေးအယူ လုပ်တယ်ဆိုတာ တစ်ဖက်က ငါလိုချင်တာ ၁၀၀ ရာခိုင်နှုန်း ရမှာဆိုတဲ့ ကိစ္စက အပေးအယူ ဘယ်တော့မှ မဖြစ်ဘူး။ အပေးအယူဆိုတာ ကိုယ့်ဘက်ကလည်း ပေးရတယ်။ ဟိုဘက်ကလည်း ပေးရတယ်။ ကိုယ့်ဘက်ကလည်း ယူမယ်။ ဟိုဘက်ကလည်း ယူမယ်။ ဒီလိုပဲ ရှိရမှာပဲ။ ဒါဒီမိုကရေစီရဲ့ ယဉ်ကျေးမှု အခြေခံပဲ” ဟု ပြောကြားသည်။ဒီမိုကရေစီလမ်းအား ဆက်သွားချင်ပါက ညှိနှိုင်းတိုင်ပင်မှုဖြင့်သာ အဖြေရှာရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ ထိုသို့ မလုပ်တတ်ပါက ဒီမိုကရေစီ အခြေမြစ်တွယ်မည် မဟုတ်ကြောင်း၊ မည်သို့ဖြစ်ဖြစ် ဆွေးနွေးတိုင်ပင်၍ အမှန်တကယ် ဆန္ဒရှိမှုဖြင့် အဖြေရှာပါက မရစရာအကြောင်း လုံးဝမရှိကြောင်း၊ နှစ်ဖက်စလုံးမှ ကိုယ်လိုချင်သည့်ကိစ္စသာ ရအောင်လုပ်မည် ဆိုပါက မဖြစ်နိုင်ကြောင်း၊ နှစ်ဖက်စလုံး အပေးအယူ လုပ်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“အားလုံးနဲ့ဆိုင်တဲ့ ကိစ္စ ဖြစ်နေတယ်။ ဒါကို ကိုယ်စားပြုပြီး ဆွေးနွေးတဲ့လူတွေက အခြေအနေကိုလည်း ဂဃနဏ နားလည်ရမယ်။ ကျွမ်းကျင်မှု ရှိရမယ်ပေါ့။ ကျွမ်းကျင်မှု မရှိဘဲနဲ့ ကိုယ်ထင်ရာ ဇွတ်လုပ်လို့လည်း မရဘူး။ နောက်ပြီးတော့ ဥပဒေဆွေးနွေးတဲ့နေရာမှာ ခြောက်ပြစ်ကင်း သဲလဲစင်လို့ အန်တီတို့ မပြောလိုဘူး။ အဲဒါ ပြင်ဆင်စရာရှိတာ ပြင်ရမှာပေါ့။ အခု နည်းဥပဒေတွေက အခုထက်ထိ မထွက်သေးဘူး။ ဒါလည်း အန်တီတို့ ပြောတယ်နော်။ တချို့က ပြောတယ်။ နည်းဥပဒေ မလိုဘူးထင်လို့ ဒီဥပဒေမှာ လိုကိုလိုတယ်။ အစကတည်းက ဒီဥပဒေကို ဆွဲကတည်းက တချို့ကိစ္စတွေကို နည်းဥပဒေထဲမှာ ထည့်မှာပါပဲ ပြောသွားတယ်။ အဲဒီတော့ တချို့ မကျေလည်တဲ့ ကိစ္စတွေက နည်းဥပဒေ မထွက်သေးလို့လည်း ပါတာပေါ့။ အားလုံးက ဆုံးခန်းတိုင်ထိ စောင့်ပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းပြီး သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် အမျိုးသားပညာရေး ဥပဒေအား ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း တစ်နိုင်ငံလုံးရှိ ကျောင်းသားများစုပေါင်း၍ ရန်ကုန်မြို့၌ လေးရက်တိုင် ကန့်ကွက်သပိတ်မှောက်ခဲ့ပြီး အစိုးရအား ရက်ပေါင်း ၆၀ အတွင်း ဖြေရှင်းဆွေးနွေးပေးရန် ရာဇသံပေးခဲ့သော်လည်း ဆွေးနွေးမှု မရှိခဲ့သဖြင့် ဇန်နဝါရီ ၂၀ ရက်မှ စတင်ကာ တစ်နိုင်ငံလုံး ကျောင်းသားသပိတ် ဆင်နွှဲရန် မန္တလေးမြို့ အိမ်တော်ရာ ဘုရားမှစတင်ကာ ရန်ကုန်မြို့သို့ သပိတ်မှောက် လမ်းလျှောက် ဆန္ဒပြနေခြင်း ဖြစ်သည်။

Most Read

Most Recent