အမျိုးသားပညာရေးဥပဒေအားကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသားများ ကျောက်ဆည်မြို့သို့ရောက်ရှိလာပြီး အာဏာပိုင်များ၏ဖိအားပေးမှုကြောင့် ညအိပ်တည်းခိုရန်အခက်ကြုံ

အမျိုးသားပညာရေးဥပဒေအားကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသားများ ကျောက်ဆည်မြို့သို့ရောက်ရှိလာပြီး အာဏာပိုင်များ၏ဖိအားပေးမှုကြောင့် ညအိပ်တည်းခိုရန်အခက်ကြုံ
Published 21 January 2015
မိုးဟိန်း

အမျိုးသားပညာရေးဥပဒေအားကန့်ကွက်သည့် သပိတ်မှောက်ကျောင်းသားများသည် ဇန်နဝါရီ ၂၀ ရက်တွင် မန္တလေးမြို့မှ လမ်းလျှောက်ချီတက်ထွက်ခွာလာပြီး ပလိပ်မြို့၌ညအိပ်ရပ်နားကာ ၂၁ ရက်၌ ရန်ကုန်မြို့သို့ ဆက်လက်ချီတက်လာခဲ့ရာ ည ၆ နာရီအချိန်ခန့်တွင် ကျောက်ဆည်မြို့သို့ရောက်ရှိလာကြောင်း သိရသည်။မန္တလေးမြို့မှစတင်ထွက်ခွာလာစဉ် လမ်းတစ်လျှောက် ကျောင်းသားမိဘများနှင့် ဒေသခံများ၏ထောက်ခံကြိုဆိုမှုများကိုတစ်ခဲနက်ရရှိခဲ့ပြီး ကျောက်ဆည်မြို့သို့ရောက်ရှိချိန်တွင် အာဏာပိုင်များ၏ဖိအားပေးမှုကြောင့် သပိတ်မှောက်ကျောင်းသားများ ညအိပ်ရပ်နားတည်းခိုရန်အတွက် အခက်အခဲကြုံတွေ့ခဲ့ရကြောင်း သိရသည်။"မန္တလေးကစထွက်လာပြီး စဉ့်ကိုင်မြို့ရောက်တဲ့အချိန်အထိ အာဏာပိုင်တွေဘက်က ဖိအားပေးတာမကြုံရသေးဘူးဗျ။ ကျွန်တော်တို့ချီတက်ရာလမ်းတစ်လျှောက် ဒေသခံတွေက စားသောက်စရာတွေနဲ့ အကူအညီတွေရပါတယ်။ စဉ့်ကိုင်မြို့မှာညအိပ်ရပ်နားတော့ မူလငါးဆူဘုန်းတော်ကြီးကျောင်းမှာတည်းခိုပြီး ခရီးတစ်ထောက်ရပ်နားစဉ်က အဆင်ပြေနေပါသေးတယ်။ ကျောက်ဆည်မြို့ကိုရောက်ရှိလာပြီးနောက် အာဏာပိုင်များရဲ့ဖိအားပေးမှုကြောင့် ညအိပ်ရပ်နားမယ့် ဆင်ဖြူတော်ဝပ်ကျောင်းမှာ ညအိပ်ခွင့်မရဘဲ အခက်အခဲစကြုံတွေ့နေပါတယ်။ ကျွန်တော်တို့သပိတ်မှောက်ကျောင်းသားတွေကို ဘယ်လိုအခက်အခဲတွေ ဘယ်လိုဖိအားတွေပေးနေပါစေ ရန်ကုန်မြို့မှာသပိတ်စခန်းဖွင့်တဲ့အထိ အရောက်ချီတက်မှာဖြစ်ပါတယ်" ဟု သပိတ်မှောက်ကျောင်းသားတစ်ဦးဖြစ်သူ ကိုရဲရင့်ကျော်ကဆိုသည်။ထိုနေ့ညနေက သပိတ်မှောက်ကျောင်းသားများ ကျောက်ဆည်မြို့တက္ကသိုလ်အနီးသို့ရောက်ရှိစဉ် ကျောင်းသားများ၏ပညာရေးဥပဒေကိုကန့်ကွက်ကြောင်း ချီတက်ဆန္ဒဖော်ထုတ်မှုအား ကျောက်ဆည်တက္ကသိုလ် ကထိကဆရာတစ်ဦးက ထောက်ခံဟောပြောခဲ့ကြောင်း သိရသည်။"ကျောင်းသားတွေကို မြို့ခံတွေတင်ထောက်ခံတာမဟုတ်ပါဘူး။ တက္ကသိုလ်မှာ ကျောင်းသားတွေကိုပညာသင်ကြားပေးနေတဲ့ဆရာကတောင် ထောက်ခံကြိုဆိုပါတယ်" ဟု မြို့ခံတစ်ဦးကဆိုသည်။"သပိတ်မှောက်ကျောင်းသားတွေကို ဆရာတော်က ကျောင်းမှာညအိပ်ရပ်နားခွင့်ပေးပါတယ်။ ဒါပေမဲ့ ကျောက်ဆည်အာဏာပိုင်တွေက ချီတက်ဆန္ဒပြတဲ့ကျောင်းသားတွေဟာ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ချီတက်နေတာဖြစ်တယ်။ ဒါကြောင့် ကျောင်းသားတွေညအိပ်တည်းခိုရင်တော့ ဥပဒေအရအရေးယူခံရနိုင်တယ်ဆိုပြီး လာရောက်ပြောတဲ့အတွက် ကျောင်းသားတွေကဆရာတော်ရဲ့ သီလ၊ ဂုဏ်သိက္ခာကိုကြည်ညိုလေးစားတဲ့အတွက် ဒီနေ့ညအိပ်ရပ်နားမယ့် ဆင်ဖြူတော်ဝပ်ကျောင်းမှာ ညအိပ်ရပ်နားမှာမဟုတ်တော့ဘူးလို့ ကျောင်းသားခေါင်းဆောင်တွေက ဆရာတော်ထံပြန်လည်လျှောက်ထားခဲ့တာဖြစ်ပါတယ်" ဟု ကျောက်ဆည်မြို့ခံ ဆင်ဖြူတော်ကျောင်းမှ ဆရာတော်တပည့်သာဝကတစ်ဦးကဆိုသည်။သပိတ်မှောက်ကျောင်းသားများသည် ကျောက်ဆည်မြို့၌ ညအိပ်ရပ်နားကာ ဇန်နဝါ ရီ ၂၂ ရက်တွင် မြစ်သားမြို့မှတစ်ဆင့် နွားထိုးကြီးမြို့သို့ဆက်လက်ချီတက်မည်ဖြစ်ပြီး မြင်းခြံမြို့၌ ညအိပ်ရပ်နားမည်ဖြစ်ကြောင်းသိရသည်။                           

Most Read

Most Recent