စက်မှုဇုန်များ ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် အများပိုင်ကုမ္ပဏီများဖွဲ့က IPP စနစ်ဖြင့်မီးပေးရန်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ

စက်မှုဇုန်များ ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် အများပိုင်ကုမ္ပဏီများဖွဲ့က IPP စနစ်ဖြင့်မီးပေးရန်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ
Published 21 January 2015
နီလာ၊ ပြည့်စုံအောင်

ရန်ကုန်မြို့ရှိစက်မှုဇုန်များတွင် ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် အများပိုင်ကုမ္ပဏီများဖွဲ့ကာ IPP (Independent Power Producer) စနစ်ဖြင့်မီးပေးရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စက်မှုဇုန်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြောကြားသည်။"စက်မှုဇုန်တွေမှာ ၂၄ နာရီမီးရရှိဖို့ IPP မီးပေးစနစ်ကိုအကောင်အထည်ဖော်ဖို့ လျှပ်စစ်ဝန်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့ စက်မှုဇုန်များကြိုးစားနေတာ အောင်မြင်ဖို့လမ်းစတွေလည်းတွေ့နေပါပြီ။ စက်မှုဇုန်များမှ အများပိုင်ကုမ္ပဏီများဖွဲ့ပြီး ရခိုင်တိုင်းမှာလိုမီးပေးနေတာကို နိုင်ငံခြားကုမ္ပဏီတွေနဲ့ဆွေးနွေးထားပြီးလည်းဖြစ်ပါတယ်" ဟု ဦးမြတ်သင်းအောင်ကပြောကြားသည်။၂၀၁၄ခုနှစ်အတွင်းက စက်မှုလုပ်ငန်းရှင်များအနေဖြင့် ၂၄ နာရီလျှပ်စစ်မီးရရှိမှုမှာ ခြောက်လခန့်သာရှိကြောင်း၊ လေးလနီးပါးမှာ အချိန်ပိုင်းသာမီးရကြောင်းနှင့် နွေရာသီနှစ်လနီးပါးခန့်မှာ တစ်နေကုန်မီးပြတ်လေ့ရှိကြောင်းသိရသည်။ ထို့ပြင် အစိုးရမှ တစ်ယူနစ်လျှင် ၁၅၀ ကျပ်ဖြင့်မီးပေးနေသော်လည်း မီးမလာသည့်အခါများတွင် မီးစက်နှင့်သုံးစွဲရသည့်အတွက် တစ်ယူနစ်ကို ၃၀၀ ကျပ်ခန့်အထိသုံးစွဲကာ လုပ်ငန်းများလည်ပတ်လုပ်ကိုင်နေရကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ အာဆီယံဒေသအတွင်း ဈေးအမြင့်ဆုံးဖြစ်နေသော်လည်း ပြည်သူ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးမရရှိသေးကြောင်း သိရသည်။ထို့ကြောင့် ထိုင်းနိုင်ငံသို့ပေးပို့သည့် သဘာဝဓာတ်ငွေ့ကို အနည်းငယ်လျှော့ရောင်းပြီး  ပြည်တွင်းရှိစက်မှုဇုန်လုပ်ငန်းများသို့ရောင်းချပေးမည်ဆိုပါက တစ်ယူနစ်လျှင် ၁၀၀ ကျပ်ခန့်ပေးပြီး အသုံးပြုနိုင်မည့်အနေအထားရှိကြောင်း၊ စက်ရုံများမှာလည်း ၂၄ နာရီလည်ပတ်နိုင်မည်ဖြစ်ကြောင်းနှင့် လက်ရှိထုတ်လုပ်နေသည့်ထက် နှစ်ဆိုင်း၊ သုံးဆိုင်းခွဲ၍ ထပ်မံလည်ပတ်နိုင်မည့်အနေအထားများရှိကြောင်း ဦးမြတ်သင်းအောင်ကပြောကြားသည်။စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဇေယျာအောင်ကလည်း စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လက်ရှိအချိန်တွင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ် စသည့်သဘာဝသယံဇာတများမှ ထွက်ရှိသမျှစွမ်းအင်များကို အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းပေးနိုင်မှုမှာ သေးငယ်သည့်အစိတ်အပိုင်းတစ်ခုသာရှိနေသေးကြောင်း၊ နိုင်ငံတော်၏ စက်မှုကဏ္ဍကြီးများတွင်ပါဝင်သည့် နိုင်ငံပိုင်စက်ရုံအလုပ်ရုံကြီးများကိုသာ ဖြည့်ဆည်းဆောင်ရွက်ပေးနေရသည့်အခြေအနေရှိနေကြောင်းပြောကြားသည်။မြန်မာနိုင်ငံတွင် နိုင်ငံတကာကုမ္ပဏီများက ထုတ်လုပ်မှုအပိုင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံချင်သော်လည်း လျှပ်စစ်စွမ်းအားအလုံအလောက်မရရှိသည့်ပြဿနာရှိနေကြောင်း၊ ပုဂ္ဂလိကပိုင်လျှပ်စစ်စွမ်းအားထောက်ပံ့ရေးကုမ္ပဏီများ ပြည်တွင်းတွင်ဝင်ရောက်လုပ်ကိုင်ရေးတွင်လည်း ဥပဒေပိုင်းဆိုင်ရာ၌ အားနည်းချက်များရှိနေကြောင်း ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၁ ရက် ရန်ကုန်မြို့ရှိ Sule Shangri La ဟိုတယ်၌ကျင်းပသော 2nd Myanmar Electric Power Convention တွင် ပညာရှင်များကဆွေးနွေးသုံးသပ်ခဲ့ကြသည်။

Most Read

Most Recent