၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၄ ခုနှစ်အတွင်း ကျင့်ဝတ်သိက္ခာဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်းရှေ့နေ ၇၈ ဦးတို့အား လိုင်စင်ရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း ပြစ်ဒဏ်များဖြင့် အရေးယူထားသော်လည်း အစိုးရရှေ့နေ (ဥပဒေအရာရှိ) များအား အရေးယူထားခြင်း ရှိ မရှိ မသိရ

၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၄ ခုနှစ်အတွင်း ကျင့်ဝတ်သိက္ခာဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်းရှေ့နေ ၇၈ ဦးတို့အား လိုင်စင်ရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း ပြစ်ဒဏ်များဖြင့် အရေးယူထားသော်လည်း အစိုးရရှေ့နေ (ဥပဒေအရာရှိ) များအား အရေးယူထားခြင်း ရှိ မရှိ မသိရ
Published 19 January 2015
ဝေယံဖြိုးဦး

၂ဝ၁၁ ခုနှစ်မှစ၍ ၂ဝ၁၄ ခုနှစ်အတွင်း ကျင့်ဝတ်သိက္ခာဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်းရှေ့နေ ၇၈ ဦးတို့အား သတိပေးခြင်း၊ လိုင်စင်ရပ်ဆိုင်ခြင်း နှင့် ထုတ်ပယ်ခြင်းပြစ်ဒဏ်များ ချမှတ်အရေးယူဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။ သို့သော် အစိုးရရှေ့နေအရာရှိများနှင့်ပတ်သက်၍ မည်မျှအရေးယူထားသည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသဖြင့် အစိုးရရှေ့နေများအား အရေးယူဆောင်ရွက်ခဲ့ခြင်း ရှိ မရှိကို မသိရှိရပေ။
 
ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက နေပြည်တော်တွင် ဇန်နဝါရီ ၁၉ ရက်က ပြု လုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်း၏ မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
 
ပြည်သူ့လွှတ်တော် ဒေါ်မိမြင့်သန်းက “ ရှေ့နေ၊ ရှေ့ရပ်ငှားရမ်းသူ ပြည်သူများအတွက် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ရှေ့နေများအသင်း၊ ဘားကောင်စီများ ဖွဲ့စည်းခွင့် ရှိ မရှိ” နှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက “ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရလည်း ပြည်တွင်းအသင်းအဖွဲ့များသည် မိမိဆန္ဒအလျောက် မှတ်ပုံတင်လိုပါက သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့သို့ လျှောက်ထားပြီး မှတ်ပုံတင်ခွင့်ရှိပါတယ်။ သို့ဖြစ်ပါ၍ ရှေ့နေရှေ့ရပ်များသည် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ရှေ့နေအသင်းများ ဖွဲ့စည်းနိုင်ခွင့်ရှိပါတယ်”ဟု ရှင်းလင်းဖြေကြားသည်။
 
အထက်တန်းရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေများအနေဖြင့် ရှေ့နေရှေ့ရပ်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်သိက္ခာကို ဖောက်ဖျက်ပါက တရားရုံးချုပ်ရှေ့နေများကောင်စီ အက်ဥပဒေနှင့် အထက်တန်းရှေ့နေများကို ရှေ့နေလိုက်သူများအက်ဥပဒေတို့နှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။
 
၂ဝ၁၄ ခုနှစ်တွင် ကျင့်ဝတ်သိက္ခာဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေလေးဦး နှင့် အထက်တန်းရှေ့နေ လေးဦးတို့ သတိပေးခြင်း လိုင်စင်ရပ်ဆိုင်းခြင်း၊ ထုတ်ပယ်ခြင်း  ပြစ်ဒဏ်များကို ချမှတ်အရေးယူခဲ့ကြောင်း ဒုတိယရှေ့နေချုပ် ၎င်းက ပြောကြားသည်။
 
တရားလွှတ်တော်ရှေ့နေများနှင့် ပတ်သက်၍ တင်ပြတိုင်တန်းမှုများရှိပါက တရားလွှတ်တော်ရှေ့နေများကောင်စီသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စုံစမ်းစိစစ် ဆောင်ရွက်ချက်များအပေါ်တွင် သဘောထားမှတ်ချက် ပြန်ကြားရပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် စီမံခန့်ခွဲရေးကော်မတီက ကျင့်ဝတ်သိက္ခာဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေများကို အရေးယူပြီး အထက်တန်းရှေ့နေများနှင့်ပတ်သက်၍ တင်ပြတိုင်တန်းချက်များရှိပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကသာ စုံစမ်းစိစစ်ကာ အရေးယူကြောင်း ဦးထွန်းထွန်းဦးက ဆက်လက်ပြောကြားသည်။    
 

Most Read

Most Recent