စက်သုံးဆီဈေးကွက်ကို လက်ဝါးကြီးအုပ်ထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း ရှင်းလင်း

စက်သုံးဆီဈေးကွက်ကို လက်ဝါးကြီးအုပ်ထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း ရှင်းလင်း
Published 14 January 2015
အငယ်ထွေး

ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းနေသည့်အတွက် ပြည်တွင်းဈေးကွက်တွင် ဒီဇယ်ဆီနှင့် ဓာတ်ဆီဈေးနှုန်းများ ကျဆင်းရန် အသင်းအနေဖြင့် ဆောင်ရွက်နေကြောင်းနှင့် စက်သုံးဆီဈေးကွက်အား လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူအများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ဇန်နဝါရီ ၁၃ ရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။“ဈေးနှုန်းဆိုတာ ရောင်းလိုအားနဲ့ ဝယ်လိုအားပေါ် မူတည်ပါတယ်။ နောက်တစ်ခုက ကုန်စည်စီးဆင်းမှု မှန်မမှန်နဲ့လည်း ဆိုင်ပါတယ်။ နောက်တစ်ခုကတော့ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတာမျိုးပါ။ အခုအချိန်မှာ ကျွန်တော်တို့ အသင်းက ညှိနှိုင်းပြီးတော့ စက်သုံးဆီဈေးနှုန်း ပြန်ကျအောင် ဆောင်ရွက်နေပါတယ်။ ကျလည်းကျနေပါပြီ။ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတာမျိုး မရှိပါဘူး။ ရုတ်တရက် မကျဘူးဆိုတဲ့ အပိုင်းမှာ သင်္ဘောတင်ဖို့ စီစဉ်ရတာတွေ ရှိပါတယ်။ ဆီသွင်းဖို့ ဝယ်တုန်းက ဒေါ်လာဈေးတက်ခဲ့တာတွေ ရှိပါတယ်။ ကမ္ဘာ့ဆီဈေးက ဒီလထဲမှာ ထိုးကျသွားတာဆိုတော့ ထိန်းပြီးရောင်းကြတဲ့ သဘောမျိုး တွေ့ရပါတယ်” ဟု ဦးဝင်မြင့်က ပြောကြားသည်။အလားတူ လက်ရှိအချိန်တွင် လက်လီဈေးကွက်၌ သိသိသာသာ ကျဆင်းခြင်း မရှိသေးသော်လည်း လက်ကားဈေးကွက်တွင် ကျဆင်းနေပြီဖြစ်ကြောင်း၊ လက်လီဈေးကွက် ကျဆင်းရန်လည်း အသင်းအနေဖြင့် ညှိနှိုင်းမှုများ ရှိနေကြောင်း ၎င်းက ပြောကြားသည်။၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ကမ္ဘာ့ရေနံဈေးနှုန်းသည် တစ်စည်လျှင် ဒေါ်လာ ၉၄ ဒေါ်လာဝန်းကျင် ရှိခဲ့ရာမှ ပြီးခဲ့သည့် ဇွန်လမှစ၍ ဆက်တိုက်လိုလို ကျဆင်းလာခဲ့ပြီး ၂၀၁၅ ဇန်နဝါရီ လဆန်းပိုင်းတွင် တစ်စည်လျှင် ဒေါ်လာ ၅၀ အောက်ထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။ဒေါ်လာတန်ဖိုး ခိုင်မာနေမှု၊ စတော့ဈေးကွက်တွင် ဈေးနှုန်းများ ကျဆင်းနေမှု၊ ရေနံဝယ်လိုအား ကျဆင်းလာနိုင်မှု၊ ရောင်းလိုအား ပိုလျှံမှုတို့ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းသည် ဇန်နဝါရီ ၅ ရက်က ငါးနှစ်ကျော်အတွင်း ဒေါ်လာ ၅၀ အောက်သို့ ပထမဆုံး ရောက်ရှိသွားခဲ့ကြောင်း၊ အလားတူ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ကြိုပွိုင့်ဈေးကွက်အတွက်လည်း အမေရိကန် ရေနံဈေးနှုန်းသည် ၄၉ ဒသမ ၉၅ ဒေါ်လာသို့ ကျဆင်းခဲ့ပြီး ၂၀၀၉ ခုနှစ် မေ ၁ ရက်နောက်ပိုင်း အနိမ့်ဆုံးဈေး ဖြစ်လာခဲ့ကြောင်း ဇန်နဝါရီ လဆန်းပိုင်းအတွင်း လန်ဒန်ဘဲရင့် ပင်လယ်ရေနံဈေးနှုန်းသည်လည်း တစ်စည်လျှင် ဒေါ်လာ ၅၀ အောက်သို့ ရောက်ရှိနေကြောင်း သိရသည်။ယင်းကဲ့သို့ နိုင်ငံတကာ ဈေးနှုန်းများ ကျဆင်းလာသည့် အချိန်တွင် ပြည်တွင်းရှိ စက်သုံးဆီဆိုင်များက ကနဦးပိုင်း နေ့ရက်များတွင် ဈေးနှုန်းလျှော့ချရန် ပျက်ကွက်ခဲ့သည့်အတွက် ဝေဖန်သံများလည်း ထွက်ပေါ်ခဲ့သည်။“ပြီးခဲ့တဲ့ တစ်လလောက်က ဒီဇယ်တစ်လီတာကို ကျပ် ၈၉၀ လောက်ရှိတယ်။ အခုတော့ ကျပ် ၇၁၀ လောက်နဲ့ ရောင်းနေပါတယ်။ တစ်ဂါလံကို ၁၀၀၀ လောက်တော့ ကျပါတယ်။ ဒါထက်လျှော့ရောင်းဖို့ လုပ်နေတဲ့ ဆိုင်တွေလည်း ရှိပါတယ်။ ဒီနေ့ လက်ကားဈေးမှာ ဆိုရင်တော့ တစ်လီတာကို ကျပ် ၅၅၀ လောက်ပဲ ရှိပါတယ်။ လက်ကားဈေးကတော့ ပြောင်းတာမြန်ပေမယ့် လက်လီဈေးကတော့ ကြာတတ်ပါတယ်။ သို့သော်လည်း လက်လီဈေးပါ လျော့ကျလာအောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အာဏာပိုင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် ညှိနှိုင်းတာလောက်ပဲ လုပ်နိုင်ပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။လက်ရှိအချိန်အထိ ဆိုင်မည်မျှဖွင့်ရမည်၊ မည်သူတင်သွင်းရမည်ဟု ကန့်သတ်ထားခြင်း မရှိကြောင်း၊ စုစုပေါင်း ၂၀၀၀ ဝန်းကျင်ခန့် ရှိကြောင်း၊ ပုံမှန်တွင် လက်လီဈေးနှင့် လက်ကားဈေးကို တစ်လီတာလျှင် ကျပ် ၇၀ လောက်သာ ခွာထားခဲ့ကြောင်း ၎င်းက ပြောကြားသည်။   

Most Read

Most Recent