၂၀၁၄ ခုနှစ်အတွင်း တရားမဝင်ကုန်သွယ်မှု တားဆီးရေး အဖွဲ့များက ကျောက်စိမ်း၊ သစ်မျိုးစုံ အပါအဝင် ကျပ် ၁၂ ဘီလျံကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးခဲ့

၂၀၁၄ ခုနှစ်အတွင်း တရားမဝင်ကုန်သွယ်မှု တားဆီးရေး အဖွဲ့များက ကျောက်စိမ်း၊ သစ်မျိုးစုံ အပါအဝင် ကျပ် ၁၂ ဘီလျံကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးခဲ့
Published 13 January 2015
မင်းသီဟဇော်

၂ဝ၁၄ ခုနှစ်အတွင်း တရားမဝင်ကုန်သွယ်မှု တားဆီးရေးအဖွဲ့ (Mobile Team) များက ကျောက်စိမ်း၊ သစ်မျိုးစုံ အပါအဝင် ကျပ် ၁၂ ဘီလျံကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများကို ဖမ်းဆီးခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သတင်းရရှိသည်။၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာအထိ (Mobile Team) များက တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်း ဖမ်းဆီးရမိမှုမှာ ခန့်မှန်းတန်ဖိုး ကျပ် ၁၂၁၉၈ ဒသမ ၆၈၆ သန်းကျော်ရှိပြီး အမှုတွဲအရေအတွက် ၂၁၃၈ မှုဖြစ်ကြောင်း သိရသည်။Mobile Team များက ဖမ်းဆီးရမိသည့် အကောက်ခွန်မဲ့ ပစ္စည်းများတွင် ကျောက်စိမ်း၊ ကျောက်မျက်၊ အင်ကြင်းကျောက်၊ သလင်းကျောက်၊ စကျင်ကျောက်၊ သတ္တုကျောက်မှုန့်၊ သစ်မျိုးစုံ (တမလန်း၊ ပိတောက်၊ သင်းဝင်၊ သစ်မာ၊ ကျွန်းခွဲသား)၊ သစ်တောထွက် ပစ္စည်းများ (သစ်ခွ၊ ချိပ်)၊ ဘီယာ၊ အရက်မျိုးစုံ၊ စီးကရက်၊ အချိုရည်ပုလင်း၊ မုန့်မျိုးစုံ၊ စားဆီ၊ ဆေးပစ္စည်းမျိုးစုံ၊ အေးခဲဘဲသား၊ အေးခဲကြက်သား၊ ပင်လယ်စာ၊ အသားတု၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် အပိုပစ္စည်း၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်း၊ စက်ပစ္စည်း အမျိုးမျိုး၊ မိုဘိုင်းဟန်းဆက်မျိုးစုံ၊ ဆက်သွယ်ရေးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကလေးကစားစရာ ပစ္စည်းများ၊ ပရိဘောဂများ၊ တိရစ္ဆာန် (ကျွဲ၊ နွား၊ လိပ်၊ ခွေး)၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အပင်အားဆေး၊ ဓာတ်မြေဩဇာ၊ ရွက်ဖျန်းဆေး၊ ဆန်၊ ကြက်သွန်ဖြူ၊ သစ်သီးစို အစရှိသည့် ပစ္စည်းများပါဝင်ကြောင်း သိရသည်။နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများဖြစ်သည့် မူဆယ်-မန္တလေးလမ်းကြောင်း၊ မြဝတီ-ရန်ကုန် လမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှု တားဆီးရေး အဖွဲ့များက ကျပ်လေးဘီလျံကျော်ရှိ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး မူဆယ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ တမူးနယ်စပ်များတွင် ကျပ်ရှစ်ဘီလျံကျော်ရှိ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။    ကုန်သွယ်မှု ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း အသီးသီးရှိ တရားမဝင် ဝင်ထွက်ပေါက်များ၌ တရားဝင်ကုန်သွယ်မှု လုပ်ငန်းများ ဖြစ်ပေါ်နေခြင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကစ၍ နိုင်ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် စီမံချက်များ အသေးစိတ်ရေးဆွဲပြီး လုပ်ငန်းဆောင်ရွက်ရန် အဆင့်သုံးဆင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။ အဆင့်(၁)တွင် နယ်စပ်ဝင်ပေါက်များနှင့် အဓိကကျသည့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများ၊ အဆင့်(၂)တွင် ရန်ကုန်မြို့ရှိ ပြည်တွင်းကမ်းရိုးတန်းသွား ရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများနှင့် မြို့ကြီးများရှိ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများ သိုလှောင်ထားသော သိုလှောင်ရုံများ၊ အဆင့်(၃)တွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းတင်သွင်းသည့် ဆိပ်ကမ်းများနှင့် လေဆိပ်များကို စစ်ဆေးရန်ဖြစ်ကြောင်း အဆိုပါ အဆင့်များကို လက်ရှိဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။