ကျောက်စိမ်း၊ ကျောက်မျက်၊ လက်ဝတ်ရတနာများ အပါအဝင် သတ္တုတွင်းထွက် ပစ္စည်းများ ပြည်ပတင်ပို့မှုမှ ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေအများဆုံး ရရှိထား

ကျောက်စိမ်း၊ ကျောက်မျက်၊ လက်ဝတ်ရတနာများ အပါအဝင် သတ္တုတွင်းထွက် ပစ္စည်းများ ပြည်ပတင်ပို့မှုမှ ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေအများဆုံး ရရှိထား
Published 12 January 2015

လက်ရှိ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ကျောက်စိမ်း၊ ကျောက်မျက်၊ လက်ဝတ်ရတနာများ အပါအဝင် သတ္တုတွင်းထွက်ပစ္စည်းများ တင်ပို့မှုမှ ဒေါ်လာတစ်ဘီလျံကျော် ရရှိထားပြီး ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေအများဆုံး ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၂ ရက်အထိ သတ္တုတွင်းထွက် ပစ္စည်းများ ပြည်ပတင်ပို့မှုမှ ဒေါ်လာ ၁၃၃၂ ဒသမ ၆၀၉ သန်း ရရှိထားပြီး ယင်းဝင်ငွေထဲတွင် ကျောက်စိမ်းတင်ပို့မှုမှ ဝင်ငွေအများဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု အနေဖြင့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ သဘာဝဓာတ်ငွေ့ တင်ပို့မှု ပါဝင်သည့် စက်မှုကုန်ချောပစ္စည်း၊ တိရစ္ဆာန်ထွက်ကုန်၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း စသည့်ကဏ္ဍများခွဲကာ တင်ပို့နေကြောင်း သိရသည်။လက်ရှိ ဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ ရရှိငွေမှာ ယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုထက် ဒေါ်လာ ၁၂၅ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။ထိုသို့ တရားဝင်ကုန်သွယ်မှု တိုးတက်နေသော်လည်း နယ်စပ်ထွက်ပေါက်များမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများ ရှိနေသဖြင့် စစ်ဆေးအရေးယူမှုများကိုလည်း ပြုလုပ်နေရကြောင်း သိရသည်။တရားမဝင် ကုန်သွယ်မှုများ၊ ခွင့်ပြုချက်မရှိဘဲ ကုန်စည်တင်သွင်းများကို အကောက်ခွန် ဦးစီးဌာနမှ စစ်ဆေးအရေးယူ နေသကဲ့သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများ ပါဝင်ဖွဲ့စည်းထားသည့် Mobile Team အဖွဲ့များကလည်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများတွင် စစ်ဆေးအရေးယူနေကြောင်း သိရသည်။နယ်စပ်ကုန်သွယ်ရေးမှ ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက် သယံဇာတများကို တင်ပို့ရာတွင် တရုတ်သို့ အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက်များကို မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် တန်ဖိုးမြှင့်ထုတ်ကုန် တင်ပို့မှုထက် အကြမ်းထည်များကိုသာ တင်ပို့မှုများပြားကြောင်း သိရသည်။  

Most Read

Most Recent