၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော များစွာ ဝင်ရောက်ရန်ရှိ

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော များစွာ ဝင်ရောက်ရန်ရှိ
Published 11 January 2015
ရွှန်းလဲ့ဝင်း

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော အများအပြား ဝင်ရောက်ရန်ရှိပြီး ၂၀၁၅ ခုနှစ် ဧပြီအထိ အပျော်စီးသင်္ဘော ၂၃ စင်း ဝင်ရောက်ရန် စာရင်းပေးထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းရရှိသည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော စင်းရေ ၂၀ အထိ အများဆုံး ဝင်ရောက်ပြီး ခရီးသည် ၁၁၉၉၂ ဦးဖြင့် ၁၀ နှစ်တာ ကာလအတွင်း သင်္ဘောအစင်းရေ အများဆုံး ဝင်ရောက်ခဲ့သည်။ယခုနှစ် ၂၀၁၅ ခုနှစ်တွင်မူ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အပျော်စီးသင်္ဘော အစင်းရေမှာ ဧပြီလကုန်အထိ ၂၃ စင်းအထိ ရှိနေခြင်းကြောင့် ယမန်နှစ်ထက် ခရီးသည် ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။“ပြီးခဲ့တဲ့ ၂၀၁၄ နှစ်တုန်းက တစ်နှစ်လုံးမှာ သင်္ဘောအစင်းရေ ၂၀ ဝင်ခဲ့တယ်။ အခုနှစ်မှာတော့ ဧပြီလကုန်အထိတောင် သင်္ဘော ၂၃ စင်းဝင်ဖို့ စာရင်းပေးထားပါတယ်။ နှစ်ကုန်အထိဆိုရင် ဒီနှစ်ဝင်မယ့် သင်္ဘောက တော်တော်လေး များနိုင်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အပျော်စီး သင်္ဘောများသည် ဇန်နဝါရီမှ စတင်၍ ဧပြီကုန်အထိ လာရောက်ပြီး မိုးရာသီ ကာလတွင် သင်္ဘောဝင်ရောက်မှု  နည်းပါးခဲ့သည်။