ဗီယက်နမ်မှ ဒေါ်လာသန်း ၄၀၀ ကျော်ရင်းနှီးမြှုပ်နှံထားသည့် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ စီးပွားရေး အဆောက်အအုံများနှင့် ကြယ်ငါးပွင့်ဟိုတယ်မှာ ယခုနှစ် အောက်တိုဘာလအကုန်တွင် ဖွင့်လှစ်နိုင်မည်

ဗီယက်နမ်မှ ဒေါ်လာသန်း ၄၀၀ ကျော်ရင်းနှီးမြှုပ်နှံထားသည့် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ စီးပွားရေး အဆောက်အအုံများနှင့် ကြယ်ငါးပွင့်ဟိုတယ်မှာ ယခုနှစ် အောက်တိုဘာလအကုန်တွင် ဖွင့်လှစ်နိုင်မည်
Published 10 January 2015
အောင်ရဲကို

ဗီယက်နမ်နိုင်ငံမှ Hoang Anh Gia Lai Myanmar Co.,ltd  က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာအေးစေတီလမ်းပေါ်ရှိ စီးပွားရေး အဆောက်အအုံများနှင့် ကြယ်ငါးပွင့်ဟိုတယ်မှာ ယခုနှစ် အောက်တိုဘာလအကုန်တွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
စီးပွားရေး အဆောက်အအုံများကို မေလတွင် စောစီးစွာဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ကြယ်ငါးပွင့်ဟိုတယ်ကို အောက်တိုဘာလ နောက်ဆုံးထားပြီးစီးနိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။
ယင်းအဆောက်အအုံတွင် ရုံးခန်းအဆောက်အအုံများ၊ အခန်းငှားဝန်ဆောင်မှုများနှင့် လူနေအိမ်ခန်း အဆောက်အအုံများလည်း ပါဝင်ဦးမည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ်အတွင်း  အပြီးသတ်နိုင်ရန် လုပ်ဆောင်နေကြောင်း ဟိုတယ်/ခရီး ၏ ထုတ်ပြန်မှုအတွင်း ပါဝင်ခဲ့သည်။
အဆင့်နှစ်မျိုးဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်တွင်းလုပ်သားအင်အား ၂၆ဝဝ ခန့်နှင့် ပြည်ပကျွမ်းကျင်လုပ်သား ၄ဝဝ နီးပါးကို အသုံးပြုပြီး ဆောင်ရွက်နေကြောင်း Hoang Anh Gia Lai  Group မှ အမှုဆောင်ချုပ်ဖြစ်သူ Mr.Vo Truong Sog မှ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
၂ဝ၁၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုမိန့်ချထားပေးခဲ့ပြီး ဒေါ်လာသန်း ၄၄ဝ  ရှိကြောင်း မြန်မာနိုင်ငံရှိ ကြယ်ငါးပွင့်အဆင့် ဖွင့်လှစ်ထားသည့် ဟိုတယ်ခြောက်လုံးအထိ ရှိလာမည်ဖြစ်ကာ အခန်းပေါင်း ၄၄၁ ခန်း ရရှိလာမည်ဖြစ်သည်။
ဗီယက်နမ်၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာနိုင်ငံ၏ ဟိုတယ်ကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ တစ်ရှိန်ထိုးမြင့်တက်ခဲ့ပြီး ယူအေအီး အပါအဝင် အခြားနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်ခဲ့သည်။
လက်ရှိတွင် စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ မလေးရှား၊ ဟောင်ကောင်၊ ဗြိတိန်၊ ယူအေအီးနိုင်ငံနှင့် ယခုဗီယက်နမ်နိုင်ငံ၏ ဟိုတယ်တည်ဆောက် ရင်းနှီးမြှုပ်နှံမှုများမှာ ဒေါ်လာနှစ်ဘီလျံခွဲကျော်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။                
 

Most Read

Most Recent