ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အစိုးရကအကြောင်းမပြန်သေးသော်လည်း တွေ့ဆုံဆွေးနွေးမှုများ မကြာမီဖြစ်ပေါ်လာနိုင်ဟု အဆိုတင်သွင်း

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အစိုးရကအကြောင်းမပြန်သေးသော်လည်း တွေ့ဆုံဆွေးနွေးမှုများ မကြာမီဖြစ်ပေါ်လာနိုင်ဟု အဆိုတင်သွင်း
Published 7 January 2015
ဝေယံဖြိုးဦး

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအတွက် အစိုးရက လွှတ်တော်သို့ အကြောင်းမပြန်သေးသော်လည်း တွေ့ဆုံဆွေးနွေးမှုများ မကြာမီဖြစ်ပေါ်လာနိုင်သည်ဟု လွှတ်တော်၌ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အရေးကြီးအဆိုတင်သွင်းသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းကပြောကြားသည်။    ဦးမြင့်ထွန်းသည် ပြည်ထောင်စုလွှတ်တော်သို့ ခေတ်စနစ်၊ အချိန်အခါ၊ အခြေအနေနှင့်ညီညွတ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာတွေ့ဆုံညှိနှိုင်းရေးအတွက် အရေးကြီးအဆိုကိုတင်သွင်းခဲ့ခြင်းဖြစ်သည်။    ၎င်းအရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်မှ ကန့်ကွက်သူမရှိအတည်ပြုပြီးနောက် နိုင်ငံတော်သမ္မတထံ အကြောင်းကြားထားပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ နိုင်ငံတော်သမ္မတက လွှတ်တော်သို့ပြန်လည်အကြောင်းပြန်ခြင်းမရှိသေးဟု သိရသည်။    နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက "ခြောက်ပွင့်ဆိုင်အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုတော့ အကြောင်းပြန်ထားတာမရှိသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ တခြားပြောစရာတော့မရှိသေးပါဘူး" ဟု ဇန်နဝါရီ ၇ ရက်တွင် ပြောကြားသည်။    ခြောက်ပွင့်ဆိုင်တွေ့ဆုံနိုင်ရေးအဆိုတင်သွင်းသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက အဆိုနှင့်ပတ်သက်၍ လွှတ်တော်သို့ နိုင်ငံတော်သမ္မတက အကြောင်းပြန်ကြားချက်မရောက်သေးသည်ကို သိရှိကြောင်း၊ သို့သော် အစိုးရအဖွဲ့မှ ပါဝင်မည့်ပုဂ္ဂိုလ်များချိန်ညှိကာ မကြာမီတွေ့ဆုံဆွေးနွေးမှုများပေါ်ပေါက်လာနိုင်သည်ဟု ပြောကြားသည်။    ၎င်းအရေးကြီးအဆိုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆိုအား ကန့်ကွက်စရာမရှိသကဲ့သို့ ပြည်ထောင်စုလွှတ်တော်၏ဆုံးဖြတ်ချက်အား လိုက်နာပါကြောင်း ပြောကြားထားသည်။    ထို့ပြင် ဗန်းပြဆွေးနွေးပွဲများမလိုချင်ကြောင်းနှင့် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၃ ရက်တွင်ပြောကြားထားသည်။    အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီကလည်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကတိုက်တွန်းထားသည့် ၁၂ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို လက်မခံကြောင်းနှင့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိုသာ ဆက်လက်တောင်းဆိုသွားမည်ဟု ပြောကြားထားသည်။    ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်၏တွေ့ဆုံဆွေးနွေးရးမူဝါဒကိုထောက်ခံပြီး လူထုခေါင်းဆောင်များ၏ ဆွေးနွေးသုံးသပ်မှုများသည်သာ တိုင်းပြည်ကောင်းကျိုးအတွက် များစွာဖြစ်ထွန်းနိုင်မည်ဟု ပြောကြားထားသည်။

Most Read

Most Recent