CNG ဈေးနှုန်းများ မြင့်တက်မည် ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် ဈေးနှုန်းတိုးမြှင့်မည် ဆိုပါက တရားဝင်ထုတ်ပြန်မည်ဟု MOGE တာဝန်ရှိသူဆို

CNG ဈေးနှုန်းများ မြင့်တက်မည် ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် ဈေးနှုန်းတိုးမြှင့်မည် ဆိုပါက တရားဝင်ထုတ်ပြန်မည်ဟု MOGE တာဝန်ရှိသူဆို
Published 7 January 2015
ဆန်းထူးအောင်၊ ထက်ရှိုင်း

ပြည်တွင်း၌ ဖြန့်ချိနေသော သဘာဝဓာတ်ငွေ့ CNG ဈေးနှုန်းများ မြင့်တက်မည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် ဈေးနှုန်းတိုးမြှင့်မည်ဆိုပါက တရားဝင်ထုတ်ပြန်မည် ဖြစ်ကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE  မှ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြောကြားသည်။
“CNG ဈေးတက်မယ်ဆိုပြီး သတင်း တွေထွက်နေတာ မဟုတ်ပါဘူး။ အဲဒီလိုဈေး နှုန်းတွေတိုးမြ§င့်မယ်ဆိုရင်လည်း MOGE  အင်တာနက်စာမျက်နှာတွေ လူမှုကွန်ရက် စာမျက်နှာတွေကနေ တရားဝင်ထုတ်ပြန်ပေး သွားမှာပါ” ဟု ဦးလှဝင်းဌေးက ဆိုသည်။
ယခုဘဏ္ဍာနှစ် ရှစ်လကျော်ကာလအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုသည် ဒေါ်လာ သန်း ၃၂ဝဝ ကျော်ရရှိထားပြီး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ သဘာဝဓာတ်ငွေ့အား ပြည်တွင်းမှ နှစ်စဉ် ကုဗပေ ၄၇ ဒသမ ၁၄ ဘီလျံထုတ်လုပ်နေပြီး ပြည်ပသို့ ၇၈ ရာခိုင်နှုန်း တင်ပို့နေကြောင်း သိရသည်။
ထို့ပြင် မထသဗဟိုရန်ကုန်မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပူးပေါင်းပြီး ထုတ်ပေးသည့် CNG ခွဲတမ်း မလုံလောက်ဘဲ ပြေးဆွဲနေသည့် မော်တော်ယာဉ်များကို ခရီးရှည်မိုင်နှင့် တွက်ချက်ပြီး တိုးမြှင့်ပေးရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ ဒီဇင်ဘာ ၁၂ ရက်က တင်ပြခဲ့ကြောင်း သိရသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အနေဖြင့် ယာဉ်လိုင်းများမှ ကနဦးအနေဖြင့် ယာဉ်အစီးရေ ၃၅ စီးအားတိုးမြှင့်ရန် စီစဉ်နေပြီး မီနီဘတ်စ်အတွက် လီတာ ၁ဝဝ၊ စီးတီးဘတ်စ်အတွက် လီတာ ၂ဝဝ မှ ၄၈ဝ အထိ တိုးမြှင့်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့ မှုမှ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ယခုနှစ်အတွင်း သဘာဝဓာတ်ငွေ့ကီလို ဂရမ်သန်း ၆ဝဝဝ ကျော် ပြည်ပသို့ တင်ပို့ထားပြီး ပြည်တွင်းပို့ကုန်အားလုံး၏ တင်ပို့မှု အများဆုံးနေရာတွင် တည်ရှိနေကြောင်း သိရသည်။ ပြည်တွင်း၌ ဇောတိက၊ ရတနာ၊ ရဲတံခွန်၊ ရွှေသဘဝဓာတ်ငွေ့ စီမံကိန်းများမှ သဘာဝ ဓာတ်ငွေ့များ အဓိကထုတ်လုပ်လျက်ရှိပြီး ကုန်းတွင်းလုပ်ကွက် ၆၅ ခုအထိရှိကြောင်း သိရသည်။
ရွှေစီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့လျက်ရှိပြီး ရဲတံခွန်စီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ကြောင်း သိရသည်။