တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေ ပေးရာတွင် နှစ်ရှည်ချေးပေးရန်အပြင် ငွေချေးရန်အတွက် ဘဏ်တစ်ခု အမြန်သတ်မှတ်ပေးရန် လွှတ်တော်သို့ တင်ပြ

တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေ ပေးရာတွင် နှစ်ရှည်ချေးပေးရန်အပြင် ငွေချေးရန်အတွက် ဘဏ်တစ်ခု အမြန်သတ်မှတ်ပေးရန် လွှတ်တော်သို့ တင်ပြ
Published 6 January 2015
မျိုးမင်းထက်

တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေ ပေးရာတွင် နှစ်ရှည်ချေးပေးရန်အပြင် လိုအပ်ပါက ငွေချေးယူရန်အတွက် ဘဏ်တစ်ခု အမြန်ဆုံး သတ်မှတ်ပေးရန် လွှတ်တော်သို့ တင်ပြထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။လက်ရှိအစိုးရ လက်ထက်တွင် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ် ချေးငွေကို တစ်ဧက ငွေကျပ်လေးသောင်းမှ တစ်သိန်းအထိ တိုးမြှင့်ပေးပြီး ဖြစ်သော်လည်း ထိုသို့ တိုးပေးရုံဖြင့် တောင်သူလယ်သမားများ ဘဝမှာ တိုးတက်မြင့်မားလာပြီဟု မဆိုနိုင်ကြောင်း သူရဦးရွှေမန်းက တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲတွင် ပြောကြားထားသည်။“ဘဏ်တစ်ခုခုကနေပြီးတော့ ချေးငွေချေးပေးဖို့၊ လုံလောက်အောင် ပေးဖို့ပေါ့။ နှစ်ရှည်၊ နှစ်လတ် ချေးငွေပေးဖို့။ နောက်ဘဏ်တွေကနေပြီးတော့ အပေါင်ခံတဲ့ စနစ်ကို အမြန်ဆုံး လုပ်ပေးဖို့။ လယ်သမားတွေက လယ်ယာမြေ မှတ်ပုံတင်လက်မှတ် ပေးပြီးတဲ့ အခါကျရင် ချေးငွေချေးလို့ရတဲ့ ဘဏ်တစ်ခုခုကို အမြန်သတ်မှတ်ပေးဖို့အတွက် လွှတ်တော်ကို တင်ပြထားတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆိုသည်။လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူများသည် စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီး အတွက်သာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ပေါင်နှံခြင်းနှင့် ပတ်သက်၍ လက်ခံဆောင်ရွက်ပေးမည့်ဘဏ်များ သတ်မှတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ဆွေးနွေးနေကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအုန်းသန်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက “စိုက်ပျိုးစရိတ်ချေးငွေက မလုံလောက်ဘူး။ ပုံစံ (၇) ရှိပြီးသားဟာ ဘဏ်တစ်ခုခုမှာ သူတို့လိုလို့ရှိရင် ပေါင်ခွင့်ရှိရမယ်။ ဒါကို အစိုးရက ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူး။ ဒါလည်း လွှတ်တော်တင်မယ့်အထဲမှာ ပါတယ်။ ဘဏ်ချေးငွေတွေပေါ့။ ၄၊ ၅၊ ၆ လဆို သူက ထုတ်ပေးတာ ထပ်နောက်ကျတယ်။ စိုက်ပျိုးစရိတ်ချေးငွေ ဆိုပေမယ့် တစ်ခါကျရင် ရိတ်သိမ်းခါနီးကျမှ ထုတ်ပေးတာ ရှိတယ်။ လယ်သမားတွေက အရင်းအနှီးက မရှိကြဘူး” ဟု ဆက်လက်ပြောကြားသည်။“နှစ်ရှည်စိုက်ပျိုးစရိတ် ချေးပေးတဲ့ စနစ်ကို အခုထိ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။ ဘဏ်ကလည်း အပေါင်နဲ့ ချေးမပေးနိုင်သေးဘူး။ လယ်သမားတွေကို နှစ်လတ်ချေးငွေတို့ ဒါတွေလည်း လုပ်မပေးနိုင်သေးဘူး။ ဒါတွေကိုလည်း လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ဆက်လက်ပြောကြားသည်။၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေ နည်းဥပဒေများနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းမှ စ၍ ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၄ခုနှစ် နိုဝင်ဘာ ၁၇ ရက် အထိ စုစုပေါင်း (ပုံစံ-၇) ထုတ်ပေးခြင်း လုပ်ငန်းကို တောင်သူဦးရေ စုစုပေါင်း ၅ ဒသမ ၃၆ သန်း၏ ဦးပိုင်လုပ်ကွက်ပေါင်း ၈ ဒသမ ၈ဝ သန်း ဆောင်ရွက်ပေးထားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအုန်းသန်းက ပြောကြားသည်။ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နယ်မြေဒေသ အခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ထုတ်ပေးရန် ကျန်ရှိနေသေးကြောင်း ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဆိုသည်။

Most Read

Most Recent