၂၀၁၄ ခုနှစ်တွင် ခရီးသွားစံချိန်တင် တိုးတက်လာမှုနှင့်အတူ ဟိုတယ်၊ ဧည့်လမ်းညွှန်၊ ခရီးသွား ကုမ္ပဏီများ အပါအဝင် ဆက်စပ်ကဏ္ဍအားလုံး တိုးတက်ခဲ့

၂၀၁၄ ခုနှစ်တွင် ခရီးသွားစံချိန်တင် တိုးတက်လာမှုနှင့်အတူ ဟိုတယ်၊ ဧည့်လမ်းညွှန်၊ ခရီးသွား ကုမ္ပဏီများ အပါအဝင် ဆက်စပ်ကဏ္ဍအားလုံး တိုးတက်ခဲ့
Published 6 January 2015
နွဲ့ယဉ်အေး

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု စံချိန်တင် တိုးတက်လာမှုနှင့်အတူ ခရီးသွားကဏ္ဍနှင့် ဆက်စပ်နေသည့် ဟိုတယ်၊ ဧည့်လမ်းညွှန်၊ ခရီးသွား ကုမ္ပဏီများလည်း တိုးတက်လာခဲ့ကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ရရှိသည့် စာရင်းများအရ သိရသည်။၂၀၁၄ ခုနှစ် တစ်နှစ်လုံးအတွက် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၃ ဒသမ ၀၅ သန်း ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၁၃၅ ဘီလျံ ရရှိခဲ့ကြောင်း သိရသည်။ထိုသို့ ခရီးသွားလုပ်ငန်းမှ စံချိန်တင် တိုးတက်မှုများနှင့်အတူ အခြားဆက်စပ် အချက်အလက်များဖြစ်သည့် ဟိုတယ်၊ မိုတယ် အရေအတွက်မှာ ၂၀၁၀ ပြည့်နှစ်တွင် ၆၉၁ လုံး ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၁၁၀၆ လုံး၊ ခရီးသွားကုမ္ပဏီ အရေအတွက်မှာ ၂၀၁၀ ပြည့်နှစ်တွင် ၆၅၈ ခုရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် ၁၆၂၃ ခု၊ ဧည့်လမ်းညွှန် အရေအတွက်မှာလည်း ၂၀၁၀ ပြည့်နှစ်တွင် ၄၀၇၇ ဦး ရှိခဲ့ရာ မှ ၂၀၁၄ ခုနှစ်တွင် ၄၈၄၆ ဦးအထိ အသီးသီး တိုးတက်လာခဲ့သည်ဟု ဆိုသည်။ခရီးသွားလုပ်ငန်းသည် လူထုထံ တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်း ဖြစ်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်း များစွာကိုလည်း ဖန်တီးပေးနိုင်သဖြင့် နိုင်ငံ၏ ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဟု သိရသည်။မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ကျော်ကြားသည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာစေရန် ခရီးစဉ်ဒေသများကို ကြော်ငြာခြင်း၊ နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပြပွဲများသို့  သွားရောက်ပြသခြင်း၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ ဒေသတွင်းဆိုင်ရာ ခရီးသွားအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။မြန်မာနိုင်ငံတွင် စီးပွားရေးဖွင့်လှစ်ချိန်မှ စ၍ ခရီးသွား တိုးတက်လာသော်လည်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် ဝန်ဆောင်မှုပိုင်းများတွင် အားနည်းချက်များစွာ ရှိနေသေးသည်ဟု မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားအချို့က သုံးသပ်လျက်ရှိသည်။“ဟိုတယ်တိုင်းက မနက်စာ အခမဲ့ ကျွေးမွေးတဲ့ထုံးစံ ရှိတာတောင် မနက်စာကော်ဖီ နောက်တစ်ခွက် ထပ်တောင်းလို့ ပိုက်ဆံထပ်တောင်းတဲ့ ရန်ကုန်မြို့လယ်က ဟိုတယ်မှာ တည်းခဲ့ဖူးပါတယ်။ ဒါကြောင့် ဝန်ဆောင်မှုပိုင်းမှာ ထိုင်းနိုင်ငံကို မီဖို့တောင် အများကြီး လိုပါသေးတယ်” ဟု ဂျာမနီနိုင်ငံမှ လာရောက်လည်ပတ်သည့် ခရီးသွားတစ်ဦးက ပြောကြားသည်။မြန်မာနိုင်ငံအပေါ် ပြည်ပခရီးသွားများ၏ စိတ်ဝင်စားမှုနှင့်အတူ ခရီးသွားဝင်ရောက်မှုမှာလည်း ဆက်လက်မြင့်တက်လာမည်ဟု ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်လျက်ရှိသည်။

Most Read

Most Recent