၂၀၁၄ ခုနှစ်အတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြားသား ခရီးသွားများထံမှ ဒေါ်လာ တစ်ဘီလျံကျော် ရရှိခဲ့ပြီး စံချိန်တင်

၂၀၁၄ ခုနှစ်အတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြားသား ခရီးသွားများထံမှ ဒေါ်လာ တစ်ဘီလျံကျော် ရရှိခဲ့ပြီး စံချိန်တင်
Published 4 January 2015
အောင်ရဲကို

၂၀၁၄ ခုနှစ်အတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြားသား ခရီးသွားများထံမှ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရရှိခဲ့ပြီး စံချိန်သစ်အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သတ်မှတ်ခဲ့သည်။မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားများမှာ သုံးသန်းခွဲခန့်ရှိပြီး မျှော်မှန်းထားသည်ထက် ပိုမိုဝင်ရောက်ခဲ့ကာ အမျိုးသားဝင်ငွေအဖြစ် ခရီးသွားကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၃၅ ဘီလျံအထိ ရရှိခဲ့ခြင်းဖြစ်သည်။ယင်းအတွက် မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍများတွင် အမေရိဒေါ်လာ သန်း ၉၂၆ သန်းဖြင့် စံချိန်အဖြစ် တင်ရှိထားသော ၂၀၁၃ ခုနှစ်ထက် နိုင်ငံခြားသားဦးရေနှင့် ဝင်ငွေပါ များခဲ့ခြင်းအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ စံချိန်တစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ခရီးသွားလုပ်ငန်းကို သတ်မှတ်ခဲ့ခြင်းကြောင့် လွန်ခဲ့သည့် သုံးနှစ်မှစ၍ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများသည် တိုးတက်လာခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားခရီးသည်နှင့် ၎င်းတို့ထံမှ ရရှိလာသော ဝင်ငွေများမှာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။နှစ်စဉ် ခရီးသွားကဏ္ဍမှ ရရှိခဲ့သော အမျိုးသားဝင်ငွေများမှာ အစိုးရဌာနများ ရရှိမှုမှာ လေးပုံတစ်ပုံသာ ရှိကြောင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းများမှ ရရှိငွေသည် များခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။လက်ရှိ ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွား လေးသန်းမှ ငါးသန်းအထိ ဝင်ရောက်ရန် လျာထားပြီး ခရီးသွားလည်ပတ်မှုဆိုင်ရာ ဒေသများကိုလည်း တိုးချဲ့နိုင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။ခရီးသွားလုပ်ငန်းနှင့် ဖွံ့ဖြိုးလျက်ရှိသည့် ထိုင်းနိုင်ငံနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် မြန်မာနှင့် ထိုင်းအစိုးရ အဖွဲ့များသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ယင်းမတိုင်မီက ဂျာမနီ၊ နော်ဝေ၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်၊ လူဇင်ဘတ်၊ ဆွစ်ဇာလန်၊ သြစတြေးလျနှင့် အီတလီနိုင်ငံတို့နှင့် ခရီးသွားလုပ်ငန်း တိုးတက်ရေးနှင့် ခရီးသွားဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။နော်ဝေနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ကူညီမည်ဖြစ်သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်ဖြင့် မြန်မာနိုင်ငံ၏ ပင်မခရီးသွား စီမံကိန်းကို အကောင်အထည်ဖော်လျက် ရှိပြီး ပြည်ပခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုများသော မြန်မာ့အထင်ကရ နေရာများဖြစ်သော ပုဂံ၊ အင်းလေး၊ မြောက်ဦး၊ ရန်ကုန်တို့အပြင် ကမ်းခြေဒေသများနှင့် တိုင်းရင်သားဒေသများတွင် ခရီးသွားဒေသအဖြစ် တိုးမြှင့်သတ်မှတ်ခြင်းများ၊ သွားလာရေး အဆင်ပြေစေရန် စီမံကိန်းများ အကောင်အထည်ဖော်သွားမည်ဟု သိရသည်။

Most Read

Most Recent