ယာဉ်အစီးရေ ၄၅၀ ခန့်ရပ်နားနိုင်သော အထပ်မြင့် ကားပါကင်တစ်ခု မင်္ဂလာဈေးအနီး မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်

ယာဉ်အစီးရေ ၄၅၀ ခန့်ရပ်နားနိုင်သော အထပ်မြင့် ကားပါကင်တစ်ခု မင်္ဂလာဈေးအနီး မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်
Published 4 January 2015

ယာဉ်အစီးရေ ၄၅၀ ခန့် ရပ်နားနိုင်သော အထပ်မြင့် ကားပါကင် တစ်ခုကို မင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး အနီးတို့တွင် မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။အဆိုပါ အထပ်မြင့် ကားပါကင်မှာ မင်္ဂလာဈေးအနီး ဆောက်လုပ်နေသော တိုးချဲ့မင်္ဂလာဈေးသစ် စီမံကိန်းတွင် ပါဝင်ခြင်းဖြစ်ပြီး ယင်းဈေးသစ်ကြီးအား မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သိရသည်။လက်ရှိ ယင်းဈေးသစ်ကြီး ဆောက်လုပ်မှုမှာ ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။“ဈေးဆိုင်းခန်းတွေအပြင် ယာဉ်အစီးရေ ၄၅၀ ရပ်နားနိုင်တဲ့ အထပ်မြင့် ကားပါကင် ပါဝင်ပါမယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ရန်ကုန်မြို့တွင် တိုးပွားလာသော ယာဉ်စီးရေကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာပြီး ကားပါကင် အလုံအလောက် မရှိခြင်းကြောင့် ယင်းပြဿနာကို ဖြေရှင်းနိုင်ရန် တိုးချဲ့မင်္ဂလာဈေးသစ် စီမံကိန်းတွင် အထပ်မြင့်ကားပါကင်ကို ထည့်သွင်းဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအဆောက်အအုံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက အကျိုးတူပူးပေါင်း ဆောက်နေခြင်းဖြစ်သည်ဟု သိရသည်။ယင်းအဆောက်အအုံ ဖွင့်လှစ်ပြီးပါက ယာဉ်များအား အခကြေးငွေ ကောက်ခံ၍ ယာဉ်ရပ်နားခွင့် ပြုမည်ဟု သိရသည်။ရန်ကုန်မြို့လယ် ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းနှင့် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့် အဆင့်မြင့် ကားပါကင်များ ဆောက်လုပ်ရန် ကုမ္ပဏီများအား တင်ဒါခေါ်ယူခဲ့သော်လည်း ရွေးချယ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most Read

Most Recent