၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲကိစ္စအပါအဝင် ဦးစားပေးကိစ္စရပ်များပိုများလာမည်ဖြစ်၍ အပစ်ရပ်စဲရေးရှေ့ဆက်သွားနိုင်ရန်အရေးကြီးဟု အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ပြောကြား

၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲကိစ္စအပါအဝင် ဦးစားပေးကိစ္စရပ်များပိုများလာမည်ဖြစ်၍ အပစ်ရပ်စဲရေးရှေ့ဆက်သွားနိုင်ရန်အရေးကြီးဟု အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ပြောကြား
Published 23 December 2014
အောင်ဇော်ထွန်း

၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲကိစ္စအပါအဝင် ဦးစားပေးကိစ္စရပ်များပိုများလာမည်ဖြစ်၍ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ရှေ့ဆက်သွားနိုင်ရန်အရေးကြီးဟု ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့၌ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် အစိုးရငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် UPWC ဒုတိယဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောကြားသည်။UPWC နှင့် NCCT တို့အကြား နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန်၊ နိုင်ငံရေးဆွေးနွေးပွဲများ ပူးတွဲကမကထပြုရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဖွဲ့စည်းရေးတို့ကို သဘောတူညီထားပြီးဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးအစပျိုးခဲ့ရန် ဆန္ဒရှိပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းရန်ဆိုသည့်မူကို အခြေခံခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးညီလာခံကြီးမှ ပြည်တွင်းငြိမ်းချမ်းရေးတင်မက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စများကိုလည်း ဆွေးနွေးကြမည်ဖြစ်သည်ဟု ၎င်းကပြောကြားသည်။ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက "ငြိမ်းချမ်းရေးညီလာခံကြီးကနေ ပြည်တွင်းငြိမ်းချမ်းရေးတင်မကဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စတွေကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပင်လုံညီလာခံကြီးလိုပဲ အရေးပါတဲ့ခေတ်သစ်မြန်မာနိုင်ငံအတွက်ဦးတည်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဖြစ်ပါလိမ့်မယ်" ဟုပြောကြားသည်။ဆက်လက်၍ ဝန်ကြီးဦးအောင်မင်းက "ဒီလုပ်ငန်းစဉ်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ နှစ်ဖက်လုံးကဆန္ဒရှိကြပါတယ်။ ဒါပေမဲ့ကျွန်တော်တို့မှာ အချိန်အကန့်အသတ်ရှိတဲ့အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ၂၀၁၅ ကိုရောက်ပြီဆိုတာနဲ့ ငြိမ်းချမ်းရေးကိစ္စတင်မကဘဲ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးဆိုတာကိုလည်း အကောင်အထည်ဖော်ရဦးမှာဖြစ်ပါတယ်။ ၂၀၁၅ မှာ ဦးစားပေးကိစ္စရပ်တွေ ပိုများလာမှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးအတွက်လိုအပ်တဲ့ အဓိကအုတ်မြစ်ဖြစ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ပါအချက်တွေကို မြန်မြန်နိဂုံးချုပ်ပြီး ရှေ့ဆက်သွားဖို့အရေးကြီးပါတယ်။ လက်ရှိသဘောတူပြီးသားအချက်တွေက ရှေ့ဆက်သွားဖို့ လုံလောက်တဲ့အနေအထားမှာရှိနေပြီလို့လည်း ရိုးရိုးသားသားယုံကြည်မိပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ဘယ်လိုအခက်အခဲတွေရှိရှိ ငြိမ်းချမ်းရေးခရီးရဲ့ ရည်မှန်းချက်ကိုရောက်အောင် ဆက်လက်အကောင်အထည်ဖော်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်" ဟုပြောကြားသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် စတုတ္ထမူကြမ်းသည် တတိယမူကြမ်းထက် အချက်(၃)ချက်လောက်ပြန်ပိုလာသည့်အတွက် အနည်းငယ်နောက်ဆုတ်သွားသည်ဟု ပြောလို့ရကြောင်း၊ စတင်ညှိနှိုင်းကြတဲ့အခါမှာ အချက် (၁၂၁) ချက်နဲ့စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မူကြမ်း၏ အဓိကအကြောင်းအရာအနည်းငယ်သာကျန်ရှိကာ နှစ်ဖက်လုံးက ရာခိုင်နှုန်း ၉၀ ကျော်ကို သဘောတူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ "ဖက်ဒရယ်" ဆိုသည့်စကားရပ်ကို အစိုးရတစ်ခုအနေဖြင့် လက်ခံအသိအမှတ်ပြုပြီး အနာဂတ်ပြည်ထောင်စုကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံကာ တည်ဆောက်သွားရန် မူကြမ်းတွင်သဘောတူခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတအနေဖြင့် တိုင်းပြည်က ခွဲထွက်ခွင့်ကိစ္စရပ်နှင့် အချုပ်အခြာအာဏာကိုထိပါးသည့် ကိစ္စရပ်နှစ်ရပ်မှလွဲပြီး ကျန်ကိစ္စရပ်များကိုဆွေးနွေးနိုင်ရန် လမ်းဖွင့်ထားသောကြောင့် ပြည်ထောင်စုတပ်မတော်ဆိုင်ရကိစ္စရပ်များလည်း ဆွေးနွေးနိုင်ကြောင်း ဝန်ကြီးဦးအောင်မင်းကပြောကြားသည်။ပြီးခဲ့သည့်နိုဝင်ဘာလတွင်ဖြစ်ပွားခဲ့သော လိုင်ဇာဗိုလ်သင်တန်းကျောင်းဖြစ်စဉ်အပါအဝင် ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေက ထိတွေ့တိုက်ခိုက်မှုများမှာ ယင်းဒေသတွင် အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်မလုပ်နိုင်၍ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးခိုင်မာရန် နှစ်ဖက်လိုက်နာရမည့်စည်းကမ်းများကို သေချာစွာသတ်မှတ်ပြီး ချိုးဖောက်မှုများဖြစ်လာပါက စောင့်ကြည့်ကြီးကြပ်စိစစ်နိုင်သည့် ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်မတီကို ပီပီပြင်ပြင်အသက်သွင်းနိုင်ဖို့လိုသည်ဟုလည်း ၎င်းကဆိုသည်။
အစိုးရအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးအစပျိုးခဲ့ရန် ဆန္ဒရှိပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းရန်ဆိုသည့်မူကို အခြေခံခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးညီလာခံကြီးမှ ပြည်တွင်းငြိမ်းချမ်းရေးတင်မက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စများကိုလည်း ဆွေးနွေးကြမည်ဖြစ်သည်ဟု . . .

ဝန်ကြီးဦးအောင်မင်းက "ဒီအချက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်တစ်ခုကို လိုအပ်မှာဖြစ်ပါတယ်။ လက်ရှိသဘောတူပြီးတဲ့အချက်တွေထဲမှာ အပစ်အခတ်ရပ်စဲရေးကိုခိုင်မာအောင်လုပ်ဖို့ အစီအမံများပါရှိပြီးလည်းဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ အပစ်အခတ်ရပ်စဲရေးအခြေအနေကိုကြည့်မယ်ဆိုရင် အဓိကကျတဲ့မှတ်ကျောက်တင်နိုင်တဲ့အနေအထားမှာရှိပါတယ်။ ယခင်က ပြည်နယ်နဲ့ တိုင်းဒေသကြီး စုစုပေါင်း (၁၀) ခုတို့မှာ လက်နက်ကိုင်တိုက်ပွဲများရှိခဲ့ပါတယ်။ အခုချိန်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသများမှာပဲ တိုက်ပွဲများဆက်ရှိတာကိုတွေ့ရပါတယ်။ ကျန်ဒေသအများစုမှာ တစ်ခါတစ်ရံမှသာ ထိတွေ့မှုအသေးလေးတွေဖြစ်တာရှိပါတယ်။ ၂၀၁၄ ခုနှစ်ဟာ လွတ်လပ်ရေးရပြီးတဲ့အချိန်ကနေပြီး အခုအထိ လက်နက်ကိုင်တိုက်ပွဲ အနည်းဆုံးနှစ်လို့ပြောလို့ရပါတယ်။ တိုက်ပွဲဖြစ်တဲ့အကြိမ်အရေအတွက်အရရော၊ ထိခိုက်ကျဆုံးမှုအရရော၊ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုတွေအရရော နှိုင်းကြည့်မယ်ဆိုရင် လက်နက်ကိုင်ပဋိပက္ခအနည်းဆုံးကာလလို့ သုံးသပ်လို့ရပါတယ်" ဟုပြောကြားသည်။NCCT ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းကလည်း စက်တင်ဘာလဆွေးနွေးပွဲအပြီးတွင် အလုပ်အဖွဲ့များ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း UPWC နှင့် NCCT တို့၏ သတ္တမအကြိမ်ဆွေးနွေးပွဲမပြုလုပ်နိုင်ခဲ့သောကြောင့် ပြည်သူများ၏ အားမလိုအားမရဖြစ်နေမှုများကို ကြုံတွေ့ခဲ့ရကြောင်း၊ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် နိုင်ငံရေးသဘောတူညီချက်များရသည်အထိသွားရန် နှစ်ဖက်လုံးက အဓိကထားသည်ကိုနားလည်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဆောင်နိုင်သေးသည့်အခြေအနေတွင် နိုဝင်ဘာ ၁၉ ရက်က ကချင်ပြည်နယ်လိုင်ဇာတွင်ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်အပါအဝင် စစ်ရေး၊ နိုင်ငံရေးအရ အငြင်းပွားဖွယ်ရာကိစ္စရပ်များကလည်း ပေါ်ထွက်လာခြင်းက နှစ်ဖက်အကြား နိုင်ငံရေးယုံကြည်မှုတည်ဆောက်နေသည့်အနေအထား ပွန်းပဲ့စေခဲ့သည်ဟုပြောကြားသည်။ပဒိုစောကွယ်ထူးဝင်းက "လိုင်ဇာအဖြစ်အပျက်မျိုး ထပ်မံမကြုံတွေ့ရအောင် ဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေအားလုံးအပါအဝင် တက်ရောက်နိုင်မယ့် ညှိနှိုင်းအဖြေရှာမည့် အစည်းအဝေးတစ်ခုကိုလည်း NCCT အနေနဲ့ တိုက်တွန်းအကြံပြုလိုပါတယ်" ဟုပြောကြားသည်။ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်တွင် တပ်မတော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်လိုက်သောကြောင့် ကချင်ပြည်နယ်လိုင်ဇာဒေသရှိ ကေအိုင်အေသင်တန်းကျောင်းမှ သင်တန်းသား ၂၀ ကျော်သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက် မှ ၁၂ ရက်အထိဖြစ်ပွားခဲ့သော တပ်မတော်နှင့် ကိုးကန့်လက်ကျန်အဖွဲ့တို့၏ တိုက်ပွဲဖြစ်စဉ်တွင်လည်း တပ်မတော်သား ခုနစ်ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။     

Most Read

Most Recent