ထောင်ဒဏ်ကျခံနေရသော ကန့်ဘလူတောင်သူများ၏ အမှုတွဲများ ပြစ်မှုဆိုင်ရာပြင်ဆင်ချက်လျှောက်ထားမှုကို တိုင်းတရားရုံးက အကျဉ်းနည်းဖြင့် ထပ်မံပလပ်ခဲ့ခြင်းကြောင့် ထောင်ကျခံမိသားစုများ ပိုမိုကျပ်တည်းလာ

ထောင်ဒဏ်ကျခံနေရသော ကန့်ဘလူတောင်သူများ၏ အမှုတွဲများ ပြစ်မှုဆိုင်ရာပြင်ဆင်ချက်လျှောက်ထားမှုကို တိုင်းတရားရုံးက အကျဉ်းနည်းဖြင့် ထပ်မံပလပ်ခဲ့ခြင်းကြောင့် ထောင်ကျခံမိသားစုများ ပိုမိုကျပ်တည်းလာ
Published 23 December 2014

ဇူလိုင်လအတွင်းက အငြင်းပွားဖွယ်စီရင်ချက်ဖြင့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသော ကန့်ဘလူမြေသိမ်းခံတောင်သူများ၏ ပြစ်မှုဆိုင်ရာပြင်ဆင်ချက်လျှောက်ထားမှုကို စစ်ကိုင်းတိုင်းဒေသကြီးတရားရုံးက ရွှေဘိုခရိုင် တရားရုံးနည်းတူ အကျဉ်းနည်းဖြင့် ထပ်မံပလပ်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော တောင်သူများ၏ မိသားစုဘဝရပ်တည်မှု ပိုမိုခက်ခဲလာကြောင်း သတင်းရရှိသည်။ဥပဒေနှင့်မလျော်ညီသော မြေယာသိမ်းဆည်းမှုအတွက် ဌာနဆိုင်ရာအားလုံး၏ လျစ်လျူရှုခြင်းခံနေရသော မြေသိမ်းခံတောင်သူများအနေဖြင့် အနိမ့်ဆုံးအဆင့် မျှတသောတရားစီရင်ခွင့်ကိုပင် မရရှိခဲ့ခြင်းမှာ မြန်မာနိုင်ငံ၏ ဟန်ပြဒီမိုကရေစီသရုပ်ကို ပိုမိုပေါ်လွင်စေကြောင်း မြေယာအရေးဆောင်ရွက်သူများနှင့် ဥပဒေပညာရှင်များက ဆိုသည်။“ပြစ်မှုနှစ်မှုနဲ့အထက် ထောင်ဒဏ်ကျခံနေရသူ ၃၄ ဦးအတွက် ခရိုင်တရားရုံးမှာ အယူခံဝင်တာကို အကျဉ်းနည်းနဲ့ ပလပ်တယ်။ တိုင်းတရားရုံးမှာ ပြစ်မှုပြင်ဆင်ချက်လျှောက်တော့လည်း ထိုနည်းတူပဲ။ ခရိုင်ရုံးမှာကတည်းက ပြန်ပြီး လက်ခံကြားနာသင့်တာပါ” ဟု မြေသိမ်းခံတောင်သူများ၏ ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။မြို့နယ်တရားရုံးတွင် အထက်အမိန့်အရဟုဆိုကာ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော တောင်သူများသည် ခရိုင်တရားရုံးတွင်လည်း အထက်အမိန့်နှင့်ပင် ပလပ်ခံခဲ့ရပြီး တိုင်းဒေသကြီးအစိုးရ၏ ဝင်ရောက်စွက်ဖက်မှုများဖြစ်နိုင်ကြောင်း တရားခွင်သို့ လိုက်ပါဆောင်ရွက်သူများနှင့် မြေသိမ်းခံတောင်သူများက ပြောကြားသည်။“မဏ္ဍိုင်ကြီးသုံးရပ်မှာ အုပ်ချုပ်ရေးကလည်း နှာစေးနေတယ်။ လွှတ်တော်တင်ပြီးမေးတော့လည်း ဗျူရိုကရက်ယန္တရားက တုန့်ဆိုင်းနေတော့ ထောင်ချခံလိုက်ရကတည်းက မေးတာ အခုအထိအဖြေမရဘူး။ တချို့ တောင်သူတွေက ပြန်တောင်လွတ်လာပြီ။ တရားစီရင်ရေးကလည်း အခု မြင်ကြ၊ သိကြတဲ့အတိုင်းပဲ။ နဂိုကမှ မရှိဆင်းရဲသားတွေကို ဘာဖြစ်လို့ ဒီလောက်အထိ နှိပ်စက်ကြတာလဲ” ဟု ရွှေဘိုနယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇေလတ်က ပြောကြားသည်။တိုင်းတရားရုံး၏ စီရင်ချက်အပေါ် တောင်သူများ၏သဘောဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြင်ဆင်ချက်ကို နှစ်လအတွင်း လျှောက်ထားနိုင်ကြောင်းလည်း ရှေ့နေဦးသိန်းသန်းဦးက ပြောကြားသည်။လက်ရှိအချိန်တွင် ထောင်ဒဏ်ကျခံခဲ့ရသည့် တောင်သူ ၅၆ ဦးအနက် ၂ဝ ကျော်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း တရားရင်ဆိုင်နေရဆဲ တောင်သူရာချီကာ ရှိနေဆဲဖြစ်သည်။“အိမ်ထောင်ဦးစီးတွေက ထောင်ကျနေတယ်။ အပြင်မှာကျန်ခဲ့တဲ့သူတွေကလည်း တရားရင်ဆိုင်နေရတယ်။ မြေပြန်မရတဲ့အပြင် နေ့စားအလုပ်လေးတောင် ဖြောင့်ဖြောင့်မလုပ်ရတော့ဘူး။ ရုံးချိန်းအတွက်၊ ထောင်ဝင်စာတွေ့ဖို့အတွက်ကလည်း ရှိစုမဲ့စုထဲက ကုန်ကျတာလေးတွေရှိတယ်။ ကိုယ်ကျိုးစွန့် ကူညီတဲ့ ပရဟိတ ဥပဒေသမားတွေရှိလို့သာ ခံသာတယ်။ ဒီအစိုးရရဲ့ ပြောင်းလဲနေပါတယ်ဆိုတာကို အယုံအကြည် လုံးဝမရှိတော့ဘူး” ဟု မိသားစုလိုက် တရားစွဲခံနေရသော မြေသိမ်းခံတောင်သူတစ်ဦးက ဆိုသည်။

Most Read

Most Recent