ဒူးဒဏ်ရာကြောင့် ပြင်သစ်အသင်း၏ပွဲစဉ်များအပြင် El Clasico ပွဲကိုပါ ခွန်ဒဲ လွဲချော်မည်

ဒူးဒဏ်ရာကြောင့် ပြင်သစ်အသင်း၏ပွဲစဉ်များအပြင် El Clasico ပွဲကိုပါ ခွန်ဒဲ လွဲချော်မည်
Photo: Getty Images
Photo: Getty Images
Published 11 October 2023

 

ဘာစီလိုနာအသင်းနောက်ခံလူ ခွန်ဒဲ သည် ဒူးဒဏ်ရာကြောင့် ပြင်သစ်အသင်း၏ ပွဲစဉ်များအပြင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကစားရမည့် El Clasico ပွဲကိုပါ လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်လက်ရွေးစင်ကစားသမား ခွန်ဒဲ (၂၄ နှစ်) သည် တနင်္ဂနွေနေ့က ဂရန်နာဒါ အသင်းနှင့်ကစားသည့် လာလီဂါပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၄၄ မိနစ် မှာပင် လူစားလဲခဲ့ရသည်။ ၎င်းအနေဖြင့် ဝဲဘက်ဒူးအရွတ် ထိခိုက်မိခြင်းဖြစ်ကြောင်း ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ပြီး အနားယူရမည့်ကာလကိုမူ ဖော်ပြထားခြင်းမရှိပေ။ 

သို့သော် ဘာစီလိုနာအခြေစိုက် Sport အားကစားသတင်းစာက ခွန်ဒဲ အနေဖြင့် ငါးပတ်ခန့် အနားယူရနိုင်ပြီး နိုဝင်ဘာဒုတိယပတ်ဝန်းကျင်မှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။ သို့ဖြစ်ရာ ခွန်ဒဲအနေဖြင့် ပြင်သစ်အသင်း၏ အောက်တိုဘာနိုင်ငံတကာရက်သတ္တပတ်ပွဲစဉ်များအပြင် ဘာစီလိုနာအသင်း၏ လာလီဂါနှင့် ချန်ပီယံလိဂ်ပွဲစဉ်များကိုပါ လွဲချော်ရတော့မည်ဖြစ်သည်။ 

ပြင်သစ်အသင်းမှာ အောက်တိုဘာ ၁၃ ရက်တွင် နယ်သာလန်အသင်းနှင့် ယူရိုခြေစစ်ပွဲ၊ အောက်တိုဘာ ၁၇ ရက်တွင် စကော့တလန်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့ပြင် ခွန်ဒဲအနေဖြင့် ဘီလ်ဘာအို (အောက်တိုဘာ ၂၂ ရက်)၊ ရှက်တာဒိုးနက် (အောက်တိုဘာ ၂၅ ရက်)၊ ရီးယဲလ် (အောက်တိုဘာ ၂၈ ရက်)၊ ဆိုစီဒက် (နိုဝင်ဘာ ၄ ရက်) တို့နှင့်ပွဲများကိုလည်း လွဲချော်မည်ဖြစ်သည်။

Most Read

Most Recent