၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအား တိုက်ကြီးသုံးခုရှိ နိုင်ငံခြောက်နိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ အစီအစဉ်ကို ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က ဝေဖန်ခဲ့ပြီး တောင်အမေရိကအသင်းများ အခွင့်အရေး ပိုရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၃၀ ပြိုင်ပွဲကို ထူးခြားစွာကျင်းပရန် FIFA က စီစဉ်ထားပြီး ပူးတွဲအိမ်ရှင်အဖြစ် ပေါ်တူဂီ၊ စပိန်၊ မော်ရိုကို သုံးနိုင်ငံ ရွေးချယ်ထားသလို တောင်အမေရိကနိုင်ငံများဖြစ်သည့် အာဂျင်တီးနား၊ ဥရုဂွေးနှင့် ပါ ရာဂွေးတွင်လည်း ပွဲစဉ်တစ်ပွဲစီ လက်ခံကျင်းပခွင့်ပြုမည်ဖြစ်ကြောင်း အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်များကို ၂၀၂၄ ခုနှစ်တွင်ပြုလုပ်မည့် FIFA ကွန်ဂရက်မှသာ မဲပေးဆုံးဖြတ်မည် ဖြစ်သော်လည်း ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။
ယင်းကဲ့သို့ ဝေဖန်သူများအနက် ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်လည်း ပါဝင်လာပြီး သတင်းစာရှင်းလင်းပွဲတွင် "နိုင်ငံတွေအများကြီးမှာ ကျင်းပတယ်ဆိုတာ ခေတ်ရေစီးကြောင်းတစ်ခုထက် ကျော်လွန်ပါတယ်။ တောင်အမေရိကတိုက်မှာ ပွဲစဉ်သုံးပွဲကျင်းပမယ်ဆိုတာကလည်း ထူးခြားတဲ့လက္ခဏာရှိပါတယ်။ ဘယ်နိုင်ငံတွေ ပါဝင်မလဲဆိုတာ ကျွန်တော်မသိပါဘူး။ အဓိပ္ပာယ်ကတော့ တောင်အမေရိကနိုင်ငံတွေ အခွင့်အရေးပိုရမှာဖြစ်ပြီး တခြားနိုင်ငံတွေကတော့ ရွှေ့ပြီးရင်း နောက်တစ်ခေါက် ရွှေ့ရဦးမှာပါ။ ဒါတွေကို ဘယ်သူက ဆုံးဖြတ်နေလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အားကစားနဲ့ ကျင့်ဝတ်ပိုင်းအဆင့်မှာ ကျိုးကြောင်းဆီလျော်မှုကို သဘောကျတယ်ဆိုတာ ဖုံးကွယ်မထားပါဘူး။ အဲဒီနေရာမှာ လိုက်လျောညီထွေရှိမှု၊ ကျိုးကြောင်းဆီလျော်မှု အများကြီးရှိမယ်လို့ ကျွန်တော်မထင်ပါဘူး" ဟု ဝေဖန်ပြောကြားခဲ့သည်။
FIFA ၏ ထုတ်ပြန်မှုအရ ၂၀၃၀ ကမ္ဘာ့ ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရမည့် ခြောက်နိုင်ငံစလုံး ခြေစစ်ပွဲကစားရန် မလိုဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၃ ကြိမ်မြောက်ဖြစ်သည့် ၂၀၂၆ ပြိုင်ပွဲမှ စတင်ကာ ၃၂ သင်းမှ ၄၈ သင်းအဖြစ် တိုးမြှင့်ကျင်းပမည်ဖြစ်ပြီး တိုက်ကြီးများအလိုက် ဝင်ခွင့်ရအသင်းအရေအတွက်လည်း တိုးမြင့်လာမည်ဖြစ်သည်။
တောင်အမေရိကဇုန်မှာ ၁၀ နိုင်ငံရှိသည့်အနက် ပုံမှန်အားဖြင့် တိုက်ရိုက်ဝင်ခွင့် လေးနေရာနှင့် Play-offs ကစားခွင့် တစ်နေရာရရှိပြီး ၂၀၂၆ ပြိုင်ပွဲမှစတင်ကာ တိုက်ရိုက်ဝင်ခွင့် ခြောက်နေရာနှင့် Play-offs ကစားခွင့် တစ်နေရာအထိ တိုးမြင့်ရရှိမည် ဖြစ်သည်။
၂၀၃၀ ပြိုင်ပွဲအတွက် အာဂျင်တီးနား၊ ဥရုဂွေး၊ ပါရာဂွေး စသည့်သုံးနိုင်ငံက ခြေစစ်ပွဲကစားရန်မလိုဘဲ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သောကြောင့် ဝင်ခွင့်ရအသင်း အရေအတွက် ခွဲတမ်းနှင့်ပတ်သက်၍ ရှုပ်ထွေးမှုများရှိလာနိုင်သည်။















