အစ္စရေးဘောလုံးအဖွဲ့ချုပ် (IFA) က ပြည်တွင်းဘောလုံးပြိုင်ပွဲများအား အကန့်အသတ်မရှိ ရပ်ဆိုင်းထားရန် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ပြည်တွင်းပြိုင်ပွဲများ ရပ်ဆိုင်းထားခြင်းမှာ အချိန်ကာလကြာရှည်နိုင်ကြောင်း ခန့်မှန်းထားပြီး ပြန်လည်ကျင်းပမည့်ရက် မပါဝင်သလို ထုတ်ပြန်ချက် ထပ်မံကြေညာမည့်အချိန်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။
ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကလည်း အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်အတွင်း အစ္စရေးနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာပွဲစဉ်များကို ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၂ ရက်တွင်ကစားမည့် အစ္စရေး-ဆွစ်ဇာလန် ယူရို-၂၀၂၄ ခြေစစ်ပွဲ၊ အောက်တိုဘာ ၁၂ ရက်တွင်ကစားမည့် အစ္စရေး-အက်စ်တိုးနီး ယားနှင့် အောက်တိုဘာ ၁၇ ရက်တွင်ကစား မည့် အစ္စရေး-ဂျာမနီ ဥရောပ ယူ-၂၁ ခြေစစ်ပွဲ၊ အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်အတွင်း ကစားမည့် ဥရောပ ယူ-၁၇ ခြေစစ်ပွဲ အုပ်စု ၁၂ ပွဲစဉ်များကို ရွှေ့ဆိုင်းထားခြင်းဖြစ်သည်။
အစ္စရေးနှင့် ဟားမာ့စ်တို့အကြား ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် အစ္စရေးဘတ်စကက်ဘောကလပ်များ၏ ပွဲစဉ်နှစ်ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ပြီး ကစားသမားများကို ဆိုက်ပရပ်စ်သို့ ရွှေ့ပြောင်းပို့ ဆောင်ပေးခဲ့ရကြောင်း သိရသည်။















